အစ္စရေးနဲ့ ဟားမတ်စ်တွေကြား ရထားတဲ့ သဘောတူညီချက် အရ အကျဉ်းသားလဲလှယ်ရေး တတိယ အကြိမ်အဖြစ် ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ၃ ဦးနဲ့ ထိုင်း ၅ ဦး ပါတဲ့ စုစုပေါင်း ဓါးစာခံ ၈ ဦး ကြာသပတေးနေ့မှာ ပြန်လွတ်လာပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။
အစ္စရေး စစ်တပ်က အမျိုးသမီးတပ်သား Agam Berger ကို ဂါဇာမြောက်ပိုင်းက ဂျဘာလီယာ ဒုက္ခသည် စခန်းမှာ ကြက်ခြေနီအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး အခုတော့ အစ္စရေးက သူ့မိဘတွေဆီ ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။
သူမလွတ်လာပြီး နာရီ အနည်းငယ် အကြာမှာပဲ ဂါဇာတောင်ပိုင်း ခန်းယူနစ်မှာ ကြက်ခြေနီက တဆင့် နောက်ထပ် ဓါးစာခံတွေ ဖြစ်တဲ့ အစ္စရေး ၂ ဦးနဲ့ ထိုင်းနိုင်ငံသားတွေ အစ္စရေး စစ်တပ်ဆီ ပြန်ရောက် လာတာ ဖြစ်ပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ရဲ့ ကားတွေ ပတ်လည်မှာ ပါလက်စတိုင်း လူအုပ်ကြီး ဝိုင်းနေတာကြောင့် ဓါးစာခံ ပြန်လွှတ်ပေးရေးမှာ ကြန့်ကြာခဲ့ရတာပါ။
သေနတ်သမားတွေ ဝိုင်းရံထားတဲ့ ဓါးစာခံတွေ ပြန်လွတ်လာပြီးတဲ့ နောက်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီဓါးစာခံတွေကို ပြန်လွှတ်ပေးတဲ့ မြင်ကွင်းဟာ အတော် ထိတ်လန့် တုန်လှုပ်စရာ ကောင်းကြောင်းနဲ့ အပစ်ရပ် ကြားဝင်ညှိနှိုင်းပေးသူတွေ အနေနဲ့ ဓါးစားခံတွေ လုံခြုံမှုရှိဖို့နဲ့ ဒီလို ဆိုးဝါးတဲ့ပုံစံမျိုး မတွေ့ရအောင် လုပ်ကြဖို့ ကြေညာချက် ထုတ်ပြန် ပြောဆို ပါတယ်။
အစ္စရေး ကာကွယ်ရေးဌာနက အခု ပြန်လွတ်လာတဲ့ ထိုင်းနိုင်ငံသား ၅ ဦးနဲ့ အတူ ပြန်လွတ်လာတဲ့ အစ္စရေး နိုင်ငံသား ၂ ဦးဟာ အာဘဲလ် ဟာဟုဒ် နဲ့ ဂါဒီ မိုစက် တို့ဖြစ်ကြောင်း အတည်ပြုပါတယ်။
အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၁၀ ကို ပြန်လွှတ်ပေးခဲ့တာပါ။ ဒီအထဲမှာ အစ္စရေးကို တိုက်ခိုက်မှုကြောင့် တသက်တကျွန်းကျခံနေရသူ ၃၂ ဦး ပါဝင်ပါတယ်။
Forum