ကမ္ဘာ့လူသားပေါင်း သန်း ၂ ထောင်မှာ ဒီရောဂါရှိနေပြီး ဒီရောဂါကြောင့် လူပေါင်း ၂ သိန်း နှစ်စဉ် သေနေကြရတာမို့ ပြင်းထန်တဲ့ ကမ္ဘာ့ကျန်းမာရေး ပြဿနာတခု ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။ အများစု ဖြစ်ရတာကတော့ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်သားတွေမှာပါ။ ဘာကြောင့် ဖြစ်ပါသလဲ။
အသည်းရောင် အသားဝါ (B) ပိုး ရှိနေသူ အများအပြားဟာ ကျန်းကျန်းမာမာ ဆက်ဖြစ်နေတာမို့ ရောဂါ ရှိနေမှန်း မသိကြတာပါ။ ဒါပေမဲ့ သူတို့ဟာ ရောဂါသယ်ဆောင် ဖြန့်ဖြူးပေးနေပြီး သူတို့ထဲက ၂၅% ကတော့ သေစေနိုင်တဲ့ အသည်းကင်ဆာနဲ့ အသည်းကျွမ်းသွားတာတွေလို နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံး တွေ့ရှိချက်တခုထဲမှာလည်း ဒီပိုးကြောင့် မြန်မြန်သေစေနိုင်တဲ့ သရက်ရွက် (pancreas) ကင်ဆာဖြစ်ဖို့ အန္တရာယ် ပိုများသွားတယ်လို့ ဆိုပါတယ်။
ဘယ်လိုနည်းတွေနဲ့ ဒီပိုး ကူးစက်ရတာပါလဲ။ ဘယ်သူတွေက စတင် ကူးစက်ခံရတာ အများဆုံးပါလဲ။ အခုလို စပြီး အကူးမခံရအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ။ ရောဂါရှိထားပြီးရင်လည်း သေတဲ့အထိ မဖြစ်ရအောင် ဘယ်လိုကာကွယ် ကုသနိုင်ပါသလဲ။
ဒီအကြောင်းတွေကို VOA သတင်းထောက် ကေတီ ဝီဗာ (Caty Weaver) နဲ့ ရေချယ်လ် စေးလ်ဗားမဲန်း (Rachel Silverman) တို့သတင်းပို့ထားတာနဲ့ အိုင်ယာလန်နိုင်ငံ Cork တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာန သုတေသနအရာရှိ ဆရာဝန် မြင့်ဦးကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။