မြန်မာနိုင်ငံမှာ စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးငယ်တွေနဲ့ ကလေးစွန့်ပစ်တဲ့ မိခင်တွေကို စောင့်ရှောက်ရေးဂေဟာတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။
အခုလိုစောင့်ရှောက်ပေးဖို့ အရေးကြီးတာက စွန့်ပစ်ခံကလေးငယ်တွေ အခွင့်အရေးအပြည့်အဝ ရရှိဖို့နဲ့ စွန့်ပစ်ခံရနိုင်ခြေရှိတဲ့ ကလေးငယ်တွေ လျှော့ချနိုင်ဖို့ပါ။ စွန့်ပစ်ခဲ့ပြီးသား ကလေးငယ်တွေအနေနဲ့ အခြေခံ ကလေးအခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင်၊ အစောင့်အရှောက်ခံပိုင်ခွင့်နဲ့ လူ့အသိုင်းအဝိုင်းမှာ ပါဝင်နိုင်ခွင့်တွေ ပြည့်ပြည့်ဝဝရဖို့ လိုအပ်ပါတယ်။ ယခုအခါမှာ ဆေးရုံတွေမှာတင် ကလေးငယ်တွေကို စွန့်ပစ်တာ မဟုတ်တော့ဘဲ၊ လမ်းပေါ်မှာနဲ့ ဘုန်းကြီးကျောင်း၊ ပရဟိတဂေဟာတွေမှာပါလည်း စွန့်ပစ်မှုတွေ ရှိလာတာကြောင့်၊ ယခင် (၆) လအောက် ကလေးငယ်တွေကို လက်မခံခဲ့တဲ့ အစိုးရကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတွေမှာ၊ အခုတော့ မွေးကင်စအရွယ်ကနေစပြီး လက်ခံပေးနေပါပြီ။ ဒီအစိုးရဂေဟာတွေကိုလည်း တိုးချဲ့တည်ဆောက်လျှက်ရှိပါတယ်။
ဒါ့အပြင် ကလေးစွန့်ပစ်နိုင်ခြေရှိတဲ့ မိခင်တွေကို စောင့်ရှောက်ပေးခြင်းကလည်း ထပ်တူ အရေးကြီးပါတယ်။ အကြောင်းက စွန့်ပစ်ခံကလးငယ်ကို ဆက်စောင့်ရှောက်ပေးနိုင်တာအပြင်၊ ကလေးစွန့်ပစ်နိုင်ခြေရှိတဲ့ မိခင်အရေအတွက် လျှော့ချနိုင်ပြီး၊ စွန့်ပစ်ခံကလေးငယ်တွေ လျှော့ချရေးအတွက် အထောက်အကူပြုလို့ပါ။ ကလေးစွန့်ပစ်နိုင်ခြေရှိတဲ့ မိခင်တွေက တကိုယ်ရေ မိခင်တွေများတာမို့ သူတို့ကို တကိုယ်ရေ မိခင်စောင့်ရှောက်ရေးဂေဟာမှာ ကလေးလာမွေးခွင့်ပေးလာရာမှာ၊ ကလေးကို နို့တိုက်ပေးအပြီး သံယောဇဉ်ပိုတွက်သွားကာ၊ အများစုက ကလေးတွေကို မစွန့်ပစ်တော့ဘဲ ပြန်ခေါ်သွားခဲ့ကြပါတယ်။
ဒီ တကိုယ်ရေမိခင်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ လိမ်လည်လှည့်ဖျားခံခဲ့ရတာ များပါတယ်။ သူတို့အနေနဲ့ မျိုးဆက်ပွား ကျန်းမာရေးအသိပညာ နည်းပါးပြီး၊ သားဆက်ခြားနည်းတွေကို မသိတာကြောင့် ကိုယ်ဝန် ရနိုင်မှန်းမသိလိုက်ဘဲ၊ ကိုယ်ဝန်ရလာချိန်မှာ အမျိုးသားက တာဝန်မယူတာကြောင့် ကိုယ်ဝန်နဲ့ကျန်ခဲ့ပြီး ဘဝဒုက္ခရောက်ကြရတာပါ။ ဒီလိုဘဝမျိုး ဘယ်အမျိုးသမီးမှ မရောက်ချင်ကြပါဘူး။ ဒါကြောင့် သူတို့ကို မိသားစုနဲ့ သူငယ်ချင်း အသိုင်းအဝိုင်းတွေအနေနဲ့၊ ပစ်တင်ရှုတ်ချ ဖယ်ကျဉ်ထားမယ့်အစား၊ သူတို့ဘဝ ပြန်တည့်မတ်လာနိုင်အောင် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသင့်ပါတယ်။
အစိုးရအနေနဲ့ ကလေးစွန့်ပစ်နိုင်ခြေရှိတဲ့ တကိုယ်ရေမိခင်တွေအတွက် စောင့်ရှောက်ရေးဂေဟာတွေဖွင့်ပြီး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အထောက်အကူတွေပေး စောင့်ရှောက်နေပါတယ်။ ဒီမိခင်တွေအတွက် ကလေးမွေးဖို့ လက်ခံကူညီပေးတာအပြင်၊ ကလေးမွေးပြီး ကြံကြံခံ ရပ်တည်နိုင်ကာ၊ ကလေးတွေကို အလွယ်မစွန့်ပစ်ဖို့ အဓိက ကူညီပံ့ပိုးပေးနေတာပါ။ ဒီဂေဟာတွေမှာ ကလေးလာရောက်မွေးတဲ့ မိခင်တွေအနေနဲ့ (၄၅) ရက်ကြာ နို့တိုက်အပြီးမှာ၊ ကလေးကို သံယောဇဉ်ပိုတွယ်သွားပြီး မစွန့်ပစ်တော့ဘဲ၊ (၈၃)% ခန့် က ကလေးကို ပြန်ခေါ်သွားကြပါတယ်။ အခုလို လူူရော စိတ်ပါ ပြန်ကြံခိုင်လာနိုင်ဖို့နဲ့ သူတို့ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင်ရနိုင်ဖို့အတွက်ပါ၊ သင်တန်းတွေပေး၊ အလုပ်ရှာပေးတာတွေကို ဒီစောင့်ရှောက်ရေးဂေဟာတွေမှာ ပံ့ပိုးပေးနေပါတယ်။
ဒီ ရင်ခွင်မဲ့ကလေးနဲ့ ကလေးစွန့်ပစ်တဲ့ တကိုယ်ရေမိခင် စောင့်ရှောက်ရေးဂေဟာတွေကို ဆက်သွယ်နိုင်တဲ့ ကွန်ရက်တွေလည်းရှိနေပါပြီ။ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတွေကို ပြည်နယ်နှင့် တိုင်းဒေသကြီးနဲ့ ခရိုင် မြို့ရွာတွေမှာပါ တိုးချဲ့ဖွဲ့စည်းနေပြီး၊ အသင်းရဲ့ခေါင်းဆောင်တွေက ဒေသခံပြည်သူတွေ ရပ်မိရပ်ဖတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ဗဟိုမှာ ကလေးနဲ့မိခင် စောင့်ရှောက်ရေးဂေဟာတွေကို စီမံခန့်ခွဲတဲ့ လူမှုဝန်ထမ်းဦးစီးဌာနအပြင်၊ ပရဟိတအသင်းကြီးတွေရဲ့ လုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်ကာ ဆက်သွယ်ရမယ့် ကွန်ရက်တွေ ဖုနု်းနံပါတ်တွေလည်း အဆင့်ဆင့် ရှိနေပြီး၊ သက်ဆိုင်ရာမြို့နယ်က လူမှုဝန်ထမ်းဦးစီးဌာနတွေကို တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ ဒီကွန်ရက်တွေအနေနဲ့လည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်တွေမှာ စွန့်ပစ်နိုင်ခြေရှိတဲ့ မိခင်တွေကို စုံစမ်းထားပြီး၊ စွန့်ပစ်တာတွေ ဖြစ်လာချိန်မှာလည်း ချက်ချင်းသိနိုင် ကူညီပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် တချို့ဒေသတွမှာ စွန့်ပစ်ခံကလေးတွေများလာရခြင်း နောက်ထပ်အကြောင်းရင်းတွေဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲပြီး တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ မိဘတွေ မူးယစ်ဆေးစွဲပြီး ကလေးတွေကို စွန့်ပစ်တာ၊ ရောင်းစားတာ မဖြစ်စေရေးနဲ့ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်စေရေးတို့အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူးနဲ့ သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။