သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရက်စွဲခြင်း


အရက်စွဲခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


အရက်ကို စိတ်အပန်းဖြေဖို့ သောက်ရာကနေ အရက်စွဲသွားသူတွေ မြန်မာနိုင်ငံမှာ များလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ အရက်စွဲရခြင်း အကြောင်းရင်းက မိမိကိုယ်တိုင် စိတ်မထိန်းနိုင်ပဲ ဆက်တိုက်သောက်မိတာကြောင့် အဓိကဖြစ်ရပြီး၊ ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ အရက်သောက်တာအပါအဝင် ပတ်ဝန်းကျင်စေ့ဆော်မှုနဲ့ မျိုးရိုးလိုက်တာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ မိသားစုနဲ့ အဆင်မပြေသူတွေ၊ စိတ်ဖိစီးမှုများသူတွေနဲ့ တကိုယ်တည်းနေထိုင်သူတွေမှာ ပိုပြီးအရက်စွဲနိုင်ပါတယ်။

အရက်မစွဲအောင် ကာကွယ်နိုင်ဖို့က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးလို့ ထင်မြင်ထားသူတွေအနေဖြင့် အရက် လုံးဝ စပြီးမသောက်သင့်ပါဘူး။ ဥပမာ အရက်နဲ့ ဧည့်ခံတဲ့ ညစာပွဲတွေမှာ စ မသောက်မိဖို့ လိုပါတယ်။ အားလပ်ချိန် စိတ်အပန်းဖြေဖို့ အရက်အစား ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားလုပ်တာ၊ စာဖတ်တာနဲ့ သီချင်းနားထောင်တာတွေ လုပ်ပေးသင့်ပါတယ်။ အရက် လုံးဝမသောက်ဘဲ မနေနိုင်ရင်တော့ မိမိ ရည်မှန်းချက်၊ အလုပ်နဲ့ ကျန်းမာရေး၊ လူမှုစီးပွားရေး မထိခိုက်အောင် စနစ်တကျ ချင့်ချိန်သောက်သင့်ပါတယ်။

အရက်စွဲလာခဲ့ရင်လဲ ကြိုတင်သိနိုင်ဖို့ သတိထားစောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ထိန်းထိန်းသိမ်းသိမ်း မချိန်ဆနိုင်တော့ပဲ မနက်မိုးလင်းထဲက စသောက်ပြီး တနေကုန်နီးပါး ဆက်တိုက်သောက်မိတာ၊ အစောပိုင်း အပေါင်းအသင်းနဲ့တွေ့မှ သောက်လေ့ရှိပေမယ့် နောက်ပိုင်း တယောက်တည်း သောက်လာတာအပြင် အရင်ကထက် ပမာဏအားဖြင့် တဖြည်းဖြည်းများလာတာ၊ မသောက်ရလျှင် ကတုန်ကယင်ဖြစ်လာပြီး သောက်လိုက်ရင် ပြန်သက်သာသွားတာ၊ အရက်ဆိုးကျိုးတွေသိသော်လည်း မစွန့်နိုင်တာ၊ အရက်ဖြတ်ခဲ့ဲပြီးမှ ပြန်သောက်မိတာ စတာတွေဖြစ်ပါတယ်။

အရက်စွဲလာတာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာအောင် အရက်ဖြတ်ရာမှာလည်း ကျွမ်းကျင် ဆရာဝန်၊ ဆေးဝန်ထမ်းများရဲ့ အကူအညီနဲ့ စနစ်တကျဖြတ်သင့်ပါတယ်။ အကူအညီ မယူဘဲ မိမိဘာသာ ရုတ်တရက်ဖြတ်မိလျှင် ကတုန်ကယင်ဖြစ်တာ၊ ပျို့အန်တာ၊ ညအိပ်မပျှော်တာ၊ ကယောင်ချောက်ခြားဖြစ်တာ၊ ထင်ယောင်ထင်မှား မြင်ကြားတာ၊ အထိအတွေ့ခံစားရတာ၊ ချွေးစေးပြန်တာ၊ ရင်တုန် မောဟိုက်တာ၊ ဝက်ရူးပြန်သလိုဖြစ်တာနဲ့ အခန့်မသင့်ရင် သတိလစ် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ တချို့မှာလည်း အရက်ကြောင် ကြောင်တယ်လို့ ခေါ်တဲ့ ဒေါသထွက်လွယ်တာ၊ ပတ်ဝန်းကျင်ကိုရန်ပြုတာနဲ့ ကိုယ့်ကိုကိုယ် သတ်သေတာအထိ ဖြစ်လာနိုင်ပါတယ်။

အရက်စွဲသွားတာကို မဖြတ်နိုင်ရင်တော့ ကိုယ်ပိုင်း၊ စိတ်ပိုင်း နဲ့ လူမှု့စီးပွားဆိုင်ရာ ဆိုးကျိုးမျိုးစုံ ခံစားရနိုင်ပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးပိုင်း အနေဖြင့် အသည်းခြောက်တာ၊ ရေဖျင်းစွဲတာ၊ နှလုံးရောဂါနဲ့ သွေးတိုး လေငန်းဖြတ်တာ၊ ကိုယ်လက် ကြွက်သားတွေအားနဲလာတာ၊ အာဟာရချို့တဲ့လာတာ (အထူးသဖြင့် ဗီတာမင် B1 ချို.တဲ့တာ)၊ ကိုယ်ခံအားကျပြီး တီဘီနဲ့ အခြားကူးစက်ရောဂါတွေ ဖြစ်လာတာနဲ့ ကင်ဆာ (အထူးသဖြင့် အသည်းကင်ဆာ) တွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ပိုင်းအနေဖြင့်လည်း စိတ်ဓာတ်ကျတာ၊ မှတ်ဉာဏ်ချို.ယွင်းတာ၊ အခြားသူတွေအပေါ် သံယယကြီးလာတာ၊ ကိုယ့်ကိုကိုယ် သတ်သေတာ၊ မူးပြီး ခိုက်ရန် အနာတရဖြစ်တာ၊ မူးပြီး ဆိုင်ကယ်၊ ကားမောင်းတာကြောင့် ထိခိုက်သေကျေတာတွေအထိ ဖြစ်နိုင်ပါတယ်။ လူမှုစီးပွားဆိုင်ရာ ဆိုးကျိုးတွေအနေနဲ့ အလုပ်အပေါ် စိတ်ဝင်တစားမရှိဘဲ စွမ်းဆောင်ရည်ကျဆင်းလာတာ၊ အလုပ်ခွင် အဆင်မပြေဖြစ်တာ၊ အလုပ်ထုတ်ခံရတာ၊ စီးပွားကျတာ၊ အရက်အတွက် ငွေကုန်၊ အချိန်ကုန်ပြီး ဆင်းရဲတွင်းနက်လာတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ လူမှုဆက်ဆံရေး မပြေလည်ဘဲ ခိုက်ရန်ဖြစ်တာ စတာတွေကြောင့် မိမိတစ်ဦးထဲမဟုတ်ပဲ မိမိ အနားက လူတွေပါ ဒုက္ခရောက်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦး အရက်စွဲလျှင် မိသားစု တစ်ခုလုံး ထိခိုက်ခံစားရလေ့ရှိပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG