သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေလက် (အရိုး) ကျိုးခြင်း


သတိလက်လွတ်၊ လုပ်ငန်းခွင် ထိခိုက်မှုတွေကြောင့် ဒဏ်ရာရပြီး အလုပ်သမားတွေ၊ လူငယ်လူရွယ်တွေ (အမျိုးသားအများစု) မှာ ခြေလက် အရိုးကျိုးတာ ပိုအဖြစ်များတယ်လို့ အရိုးအထူးကုတွေက ဆိုကြပါတယ်။

ခြေလက် အရိုးကျိုးတာတွေကို ခွဲခြားသိနိုင်ဖို့ လွယ်ကူ၊ သိသာတဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ မျက်စိနဲ့ကြည့်လိုက်ရင် ကျိုးတဲ့နေရာ ပုံပြောင်းသွားတာ၊ ကောက်ကွေးသွားတာ၊ လိမ်လည်နေတာ၊ တိုသွားတာတွေ တွေ့ရလေ့ရှိပါတယ်။ ကလေးငယ်တွေမှာတော့ ပုံသိပ်မပြောင်းဘဲ ကောက်သွားတာလောက် ရှိနိုင်ပါတယ်။ ခြေလက်နဲ့ အရိုးပေါ် အသာအယာ ဖိစမ်းကြည့်လိုက်ရင် အလွန့်အလွန် နာကျင်တာ ဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုလုပ်ခိုင်းရင် ကျိုးတဲ့နေရာမှာ ပုံမှန်အတိုင်း မလှုပ်နိုင်တာကို တွေ့ရမှာပါ။ တိုင်းတာကြည့်ရင် တိုသွားတာနဲ့ ကောက်သွားတာ ပမာဏကို သိနိုင်ပါတယ်။ နောက်ဆုံး သေချာဖို့နဲ့ ကုသမှုအတွက်တော့ ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့လိုပါတယ်။

ဒါပေမဲ့ ဆေးရုံမရောက်နိုင်ခင် ခြေ၊လက်ရိုးကျိုးတဲ့ လက္ခဏာတွေ တွေ့ထားပြီး ခွဲခြားနိုင်ရင်တော့ အရေးပေါ် ရှေးဦးသူနာပြုစုမှု လုပ်ပေးဖို့ အရေးကြီးပါတယ်။ အရိုးကျိုးပြီး ကွေးကောက်သွားရာမှာ အထဲက သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်မှု ရှိမရှိစစ်ဆေးပြီး၊ ထိခိုက်မှုရှိခဲ့ရင် ပြန်ဖြောင့်သွားအောင် ဆရာဝန်၊ နားလည်သူက ဆွဲဆန့်ပေးနိုင်ပါတယ်။ ပြီးရင် အနာပေါက် ဖြစ်မဖြစ်၊ သွေးထွက်မထွက် စစ်ဆေးပြီး၊ သွေးထွက်နေရင် သွေးတိတ်ကြိုးစည်းတာထက် အဝတ်သန့်နဲ့ သွေးထွက်တဲ့နေရာကိုပိတ်ပြီး၊ အပေါ်က ပတ်တီစည်းပေးကာ ထိန်းပေးတာ ပိုကောင်းပါတယ်။

နောက်ဆုံး အရေးကြီးဆုံးကတော့ ကြပ်စည်းပေးဖို့ပါ။ လှုပ်ရှားမှုနည်းပြီး အတွင်းထဲက သွေးကြော၊ အာရုံကြောနဲ့ ကြွက်သားတွေကို ပိုပြီးမထိခိုက်သွားစေဖို့ပါ။ ကြပ်စည်းဖို့အတွက် အနီးနားရနိုင်တဲ့ ပစ္စည်းတွေကို သုံးနိုင်ပါတယ်၊ ဥပမာ ထီး၊ အထူးသဖြင့် အတိုအရှည်လိုသလိုရတဲ့ ခေါက်ထီးတွေနဲ့တွဲပြီး ကြပ်စည်းပေးနိုင်ပါတယ်။ ဝါးနဲ့သစ်သားချောင်းတွေနဲ့လည်း တွဲချည်၊ ကြပ်စည်း ပေးနိုင်ပါတယ်။ နောက်ဆုံး ဘာမှမရရင်တော့ လက်အတွက် ခန္ဓာကိုယ်နဲ့တွဲချည်တာ၊ ခြေထောက်အတွက် ခြေနှစ်ဖက် ပူးချည်တာတွေ လုပ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က အရိုးအထူးခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါ၊ပညာအငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG