သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဝမ်းကိုက်ရောဂါ


ကလေး ဝမ်းကိုက်ရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံက ကလေးငယ်တွေမှာ ဝမ်းကိုက်ရောဂါ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဝမ်းကိုက်ရောဂါဟာ မစင်မှာပါတဲ့ ဘက်တီးရီးယား (သို့မဟုတ်) အမီဗားကပ်ပါးပိုးတွေ ရေ၊ အစားအသောက်နဲ့ ယင်တွေကတဆင့် ပါးစပ်ထဲဝင်ပြီး ကူးစက်ရခြင်း ဖြစ်ပါတယ်။ ဒီရောဂါကနေ ကာကွယ်နိုင်ဖို့ ရေသန့်ဖို့ (ကျိုချက်သောက်ဖို့)၊ အစာသန့်ဖို့၊ လက်သန့်ဖို့ (ကလေးငယ်ကို အစာကျွေးသူလက်နဲ့ ကလေးလက်နှစ်ခုလုံး ဆေးကြောသန့်စင်ဖို့) နဲ့ ယင်လုံအိမ်သာသုံးဖို့ လိုအပ်ပါတယ်။ ဇလားနဲ့ တွင်းအိမ်သာတွေသုံးလျှင် ယင်မလုံလို့ ဒီရောဂါ ကူးစက်ဖို့ အန္တရာယ်ရှိပါတယ်။

ဝမ်းကိုက်ရောဂါ လက္ခဏာတွေက အနည်းဆုံး (၃) ကြိမ်ထက် ဝမ်းပိုသွားတာ၊ ဝမ်းထဲသွေးပါတာ၊ ဝမ်းသွားခါနီး ဗိုက်ရစ်ပြီးနာတာ၊ စအိုနာတာ၊ ဝမ်းကျန်သလို ခံစားရတာ၊ ဝမ်းနည်းနည်း နဲ့ မကြာခဏသွားတာတွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားနဲ့ အမီးဗားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ (၂) ခုကို ခွဲနိုင်တဲ့လက္ခဏာတွေကတော့ ဘက်တီးရီးယားပိုးဖြစ်လျှင် အဖျားရှိတာ၊ အဖျားကြီးတာ၊ ဝမ်းအကြိမ်များများ ပိုသွားတာ၊ ဝမ်းပမာဏနည်းပြီး သွေးပိုပါတာတွေဖြစ်ပြီး အမီးဗားကပ်ပါးပိုးကြောင့် ဖြစ်လျှင် အဖျားသိပ်မရှိဘဲ အကြိမ်များများလည်း သွားလေ့မရှိပါ။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါအတွက် ပဋိဇီဝ ဆေးနဲ့ ကုသနိုင်ပြီး၊ အမီးဗားကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါအတွက် မက်ထရိုဆေးနဲ့ ကုသပေးနိုင်ပါတယ်။ မက်ထရိုနဲ့ မသက်သာလျှင် အခြားပိုထိရောက်တဲ့ ဆေးတွေ ပေးနိုင်ပါတယ်။ ရေဓာတ်ဆားဓာတ် လျော့နည်းသွားတာအတွက် ဓာတ်ဆားရေသောက်တာ၊ အကြောဆေးသွင်းတာတွေ လုပ်ပေးနိုင်ပါတယ်။ အမီဗားပိုးအတွက် ဆေးပတ်လည်အောင် မသောက်မိရင် ပြန်ဖြစ်လာနိုင်တာအပြင် နာတာရှည် ဝမ်းကိုက်တာအထိ ဖြစ်သွားနိုင်ပါတယ်။

ဒီဝမ်းကိုက်ရောဂါကို မကုသနိုင်ခဲ့လျှင် ကြုံလာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဘက်တီးရီးပိုးကြောင့်ဖြစ်လျှင် ဘက်တီးရီးယား တကိုယ်လုံးပျံ့ပြီး သွေးဆိပ်တက်တာ၊ အဖျားကြီးတာ၊ တခါတရံ ကျောက်ကပ်ထိခိုက်တာနဲ့ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်တာအထိ ဖြစ်နိုင်ပါတယ်။ ဗားကပ်ပါးပိုးဖြစ်လျှင်တော့ အူကနေ အသည်းနဲ့ ဦးနှောက်ကို ပိုးတွေပျံ.သွားတာတွေ ဖြစ်နိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG