သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အအေးမိ နှာစေး ချောင်းဆိုးခြင်း


အအေးမိ နှာစေး ချောင်းဆိုးခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံအတွင်းမှာ အခုတလော အအေးမိ နှာစေး၊ ချောင်းဆိုးတာတွေ ဖြစ်ကြပြီး၊ အထူးသဖြင့် ကလေးသူငယ်တွေမှာ အဖြစ်များနေကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း ရောဂါလို့ ဆရာဝန်တွေခေါ်တဲ့ အအေးမိ နှာစေး၊ ချောင်းဆိုတာတွေ အဖြစ်များလာရခြင်း အကြောင်းကတော့ ရာသီပြောင်းချိန်၊ စိုထိုင်းမှုများ နေပူလိုက် မိုးရွာလိုက် ဖြစ်ပြီး တစ်ဦးကနေ နောက်တစ်ဦး ချောင်းဆိုးနှာချေတာကတဆင့်၊ လက်နဲ့ထိကိုင်မိတာကတဆင့် ကူးစက်ခြင်း ဖြစ်တယ်။ အများစုက ဗိုင်းရပ်ပိုးကြောင့် ကူးစက်တာဖြစ်ပြီး၊ နောက်ပိုင်းကျမှသာ တချို့မှာ ဘက်တီးရီးယားပိုး ဆက်ဝင်လာတာ ဖြစ်နိုင်ပါတယ်။

ဒီရောဂါ လက္ခဏာတွေက နှာစေး၊ ချေင်းဆိုးတာအပြင် နှာခေါင်းပိတ်တာ၊ နှာရည်ကျတာ၊ လည်ပင်းယားတာ၊ လည်ပင်းနာတာ၊ လည်ပင်းကြပ်တာ၊ ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာ၊ တချို့မှာ ကိုယ်ပူအဖျားတက်တို့ ဖြစ်ပါတယ်။ အများစုဖြစ်တဲ့ ဗိုင်းရပ်ပိုးဝင်ချိန်မှာ အဖျားရှိလျှင်တောင် သိပ်မကြာဘဲ၊ ချောင်းဆိုးရာမှာလည်း သလိပ်မထွက်ပဲ ချောင်းခြောက်ဆိုးတာ၊ အမြုပ်ပဲထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ အဖျားရက်ကြာလာပြီး သလိပ်အရောင် ဝါတာ၊ ညိုတာ၊ နီတာ၊ စိမ်းတာတွေ ဖြစ်လာရင်တော့ ဘက်တီးရီးယား ပိုးဝင်လာပြီလို့ မှန်းဆနိုင်ပါတယ်။ အဲ့ဒိအချိန်မှာ မျက်စိနာတာ၊ မျက်စိတင်းတာ၊ နားပြည်တည်တာ၊ နှာခေါင်းနားတဝိုက်နာတာ၊ လည်ပင်းပိုနာတာနဲ့ သွားကိုက်တာတွေ ဖြစ်လာပြီး ထိပ်ကပ်နာ အဆင့်ကို ရောက်လာနိုင်ပါတယ်။

ကုသရာမှာတော့ အဖြစ်များတဲ့ ဗိုင်းရပ်ပိုးဝင်တဲ့အဆင့်မှာ သာမန် နှာစေးချောင်းဆိုးပျောက်ဆေး၊ အဖျားရှိရင် ကိုယ်ပူကျဆေးတွေသောက်ပြီး၊ နောက် ရေများများသောက်တာ၊ အစာကောင်းကောင်းစားတာ (ချွဲထစာထင်ပြီး အစာရှောင်တာမလုပ်သင့်)၊ အနားယူတာတွေ လုပ်ပေးပြီး ကိုယ်ခံအားနဲ့ (၂) ရက် (၃) ရက်အတွင်း ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ဒီ အဖြစ်များတဲ့ ဗိုင်းရပ်ပိုးဝင်တဲ့အဆင့်မှာ ပဋိဇီဝ ပိုးသတ်ဆေး မလိုပါဘူး။ ဒါပေမဲ့ တချို့တလေမှာ အဖျားရက်ကြာလာပြီး၊ ဘက်တီးရီးယားပိုး နောက်ဆက်တွဲ ဝင်လာခဲ့ရင်တော့ ပဋိဇီဝ ပိုးသတ်ဆေးပါ သောက်ဖို့ လိုလာပါတယ်။

ဒီရောဂါ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့ကတော့ ရောဂါရှိထားပြီးသူအနေနဲ့ ပါးစပ် နှာခေါင်းကိုအုပ်ပြီး ချောင်းဆိုး၊ နှာချေတာ၊ ရောဂါကူးစက် မခံရအောင်လည်း လက်မကြာခဏ ဆေးကြောခြင်း၊ မျက်နှာ နှာခေါင်းစည်းတပ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် ရေများများသောက် (တစ်ရက် အနည်းဆုံး ရေ နှစ်ပုလင်းခွဲ) အစာကောင်းကောင်စား၊ ကောင်းကောင်းအိပ် အနားယူတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ရာသီပြောင်းချိန်မှာ နွေးနွေးထွေးထွေးနေ၊ ပူပူနွေးနွေးစားပြီး နေပူထဲ၊ စိုစွတ်တဲ့နေရာထဲ၊ အအေးပတ်နိုင်တဲ့ နေရာတွေထဲ၊ နောက် လူစုလူဝေးများတဲ့ နေရာတွေကို မသွားသင့်ပါဘူး။ အထူးသဖြင့် ကလေးတွေအနေနဲ့ လူစုလူဝေးများတဲ့ ကုန်တိုက်တွင်း ကလေးကစားစရာ နေရာတွေကို သွားလျှင်တောင် လက်ဆေးတာ မကြာခဏ လုပ်ပေးသင့်ပါတယ်။ ကုန်တိုက်တွင်း ကလေးကစားစရာနေရာတွေမှာလည်း လက်ဆေးအမြုပ်တွေ ထားပေးသင့်ပြီး၊ ပိုးသတ်ဆေးတွေနဲ့ ပုံမှန်သန့်စင်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကြပ်ရှိတဲ့ ကလေးတွေ ဒီရောဂါဖြစ်လာလျှင် ရင်ကြပ်တာ ပိုဆိုးလာနိုင်တာမို့ အထူး ကာကွယ်၊ဂရုစိုက်ပေးသင့်ပါတယ်။

အထူးသတိထားသင့်တဲ့ ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG