သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Concussion (ခေါ်) ဦးနှောက်အတွင်းထိ ဒဏ်ရာ


ဦးနှောက်အတွင်းထိ ဒဏ်ရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဦးနှောက်အတွင်းထိဒဏ်ရာဖြစ်မှုတွေ မကြာခဏ အဖြစ်များပြီး၊ စနစ်တကျ ဆေးကုသမှု မခံယူလျှင် ပြန်သက်သာဖို့ အချိန်အများကြီး ပိုကြာနိုင်ကာ၊ ဦးနှောက်ထိခိုက်မှု စိုးရိမ်ရတယ်လို့ ဦးနှောက်နဲ့အာရုံကြော ပညာရှင်တွေက ဆိုကြပါတယ်။

ဒီ ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းကတော့ ခေါင်းကို အပြင်းအထန် ထိခိုက်မိလို့ပါ။ အထူးသဖြင့် ယာဉ်တိုက်မှု၊ အိမ်ပေါ်က လိမ့်ကျမှု နဲ့ ရိုက်ခံရတာတွေကြောင့် ခေါင်းကို ထိခိုက်ခြင်းဖြစ်ပါတယ်။ အပြင်ပိုင်းမှာ ဒဏ်ရာရတာရှိသလို၊ အပြင်ဒဏ်ရာမရဘဲနဲ့လည်း ခေါင်းအတွင်း ဦးနှောက်ထဲမှာ ထိခိုက်သွားပြီး ဦးနှောက်ပုံမှန်လုပ်ငန်းတွေ ခေတ္တခဏ ရပ်ဆိုင်း၊ ယိုယွင်းသွားတတ်ပါတယ်။

ဖြစ်တတ်တဲ့ လက္ခဏာတွေအနေနဲ့ ခေါင်းမူးတာ၊ ခေါင်းဝေတာ၊ အာရုံပျောက်သွားတာ (ဒဏ်ရာရခဲ့ပုံ မမှတ်မိတာ)၊ အာရုံမမှန်တာ (အာရုံကောင်းကောင်း မစိုက်နိုင်ဘဲ အာရုံဝေဝါးနေတာ)၊ အလွဲလွဲ အမှားမှားဖြစ်တာ၊ တောက်တိတောက်တဲ့ဖြစ်တာ (ကိုယ့်ကိုယ်ကို ဘယ်လိုဖြစ်နေမှန်း မသိတာ အပါအဝင်)၊ ခေါင်းကိုက်တာ၊ တချို့အမူအယာပြောင်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေ ယာယီသဘော ဖြစ်သွားပါတယ်။ အခုလို ယာယီဖြစ်ရတာကနေ ဦးနှောက်ပိုင်းလုပ်ငန်းတွေကို ထိခိုက်သွားပေမယ့် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ဆက်သွယ်မှု ဆိုင်ရာတွေ မပျက်စီးပဲ ကျန်နေခဲ့လို့ပါ။

ဒီရောဂါ လက္ခဏာမျိုးတွေ ပြလာလျှင် ကျွမ်းကျင်သူတွေကို ပြသပြီး အထူး ပြုစုကုသမှု စနစ်တကျလုပ်ပေးဖို့ လိုအပ်ပါတယ်။ လူနာအနေနဲ့ ဖြစ်နိုင်လျှင် ဆေးရုံမှာ အစပိုင်း အနားယူသင့်ပါတယ်။ ဦးနှောက်ကို လုံးဝ အနားပေးထားဖို့ လိုအပ်လို့ပါ။ ဒါ့အပြင် တခါတရံမှာ ဦးနှောက် ရောင်လာနိုင်တာအတွက်လည်း အရောင်ကျဆေးတွေ ပေးဖို့ လိုအပ်တာကြောင့်ပါ။ အမူးပြေဆေးလည်း လိုအပ်သလို ပေးဖို့လိုနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ယူ ကုသဖို့ လိုအပ်ရာမှာ (၃) ပတ်ကနေ (၃) လ အထိ အချိန်ယူနိုင်ပါတယ်။ စနစ်တကျ ကုသမှုခံယူလျှင် လုံးဝပြန်ကောင်းသွားပြီး၊ ဦးနှောက်ထိခိုက်တာ၊ ရူးသွားတာတွေ မဖြစ်နိုင်တာမို့ ဒီအတောအတွင်း စိတ်ဓာတ်မကျသင့်ပါဘူး။ ဒီအတောအတွင်းမှာတော့ အပြင်သိပ်မထွက်ဘဲ ကားမောင်းတာ မလုပ်သင့်ပါဘူး။ လမ်းလျှောက်ရာမှာလဲ ဟန်ချက်မကောင်းတာမို့ အထူးသတိထား လျှောက်သင့်ပါတယ်။

ဦးနှောက်ကို ပင်ပန်းစေနိုင်တဲ့ မူးယစ်စေနိုင်တာတွေ သုံးစွဲတာ၊ ဥပမာ အရက်နဲ့ ဆေးလိပ်သောက်တာတွေ ရှောင်ကျဉ်ထားသင့်ပါတယ်။ ဒါ့အပြင် ဦးနှောက် အနားယူမူထိခိုက်စေနိုင်တဲ့ အကြည့်အာရုံတွေဖြစ်တဲ့ TV ရုပ်မြင်သံကြားကြည့်တာ၊ ကွန်ပြူတာနဲ့ Facebook သုံးတာ၊ Game ဆော့ကစားတာ၊ ဖုန်း Message ပို့တာတွေကို အစပိုင်း လက္ခဏာပြင်းထန်ချိန်မှာ လုံးဝမလုပ်ဘဲ၊ နောက်ပိုင်း လက္ခဏာပြင်းထန်မှု တဖြည်းဖြည်းလျော့လာချိန်ကျမှ အကန့်အသတ်နဲ့ တဖြည်းဖြည်းချင်း ပြန်သုံးသင့်ပါတယ်။ အလားတူ ရေဒီယိုနားထောင်တာနဲ့ သတင်းစာဖတ်တာ၊ စာအုပ်ဖတ်တာတွေကိုလည်း အစပိုင်းမလုပ်ဘဲ၊ နောက်ပိုင်းမှာ အကန့်အသတ်နဲ့ တဖြည်းဖြည်း လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို ပင်ပန်းစေနိုင်တဲ့ ခြောက်ခြားဖွယ်ရာ သတင်းအချက်အလက်တွေကို ရှောင်ကျဉ်သင့်ပါတယ်။ ကျောင်းသူကျောင်းသားတွေ အနေနဲ့လည်း ကျောင်းစာတွေကို အစပိုင်းမှာ လျှော့လုပ်ပြီး၊ နောက်ပိုင်းမှာလည်း ကိုယ့်အခြေအနေ တိုးတက်လာမှုအပေါ် ချင့်ချိန်ပြီး သင့်တင့်သလို တဖြည်းဖြည်းသာ လုပ်သင့်ပါတယ်၊ အလွန်အကျွံမလုပ်သင့်ပါဘူး။

လူနာကို ပြုစုရာမှာလည်း လူနာနဲ့ရင်းနှီးပြီး နားလည်မှုပေးနိုင်သူအနေနဲ့ လူနာကို ညင်ညင်သာသာပြုစုပေးပြီး၊ သက်တောင့်သက်သာ အနားယူနိုင်တဲ့ အနေအထားမျိုး ဖန်တီးပေးသင့်ပါတယ်၊ တိတ်ဆိတ်ပြီး၊ အလင်းရောင် မစူးတဲ့နေရာမျိုးမှာ လူနာ အနားယူသင့်ပါတယ်။ အခုလို စနစ်တကျ ကုသမှုနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို လုပ်ဆောင်နိုင်လျှင် (၃) ပတ်မှ (၃) လအတွင်းမှာ ၁၀၀% လုံးဝ ပကတိ ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို မလုပ်ဆောင်မိလျှင်တော့ ပြန်ကောင်းလာဖို့ အများကြီး အချိန်ပိုကြန့်ကြာနိုင်တာအပြင်၊ ရေရှည် ဦးနှောက်ထိခိုက်မှာလည်း စိုးရိမ်ရပါတယ်။

ဦးနှောက်ဒဏ်ရာ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ဖို့ ဦးခေါင်းဒဏ်ရာမရအောင် သွားတာ၊လာတာ ကားမောင်းတာ၊ ဆိုင်ကယ်စီးတာ၊ စက်ဘီးစီးတာ၊ လှေခါးထစ်ဆင်းတာစတာတွေကို သတိထား လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ကားထဲမှာ ထိုင်ခုံခါးပတ်ပတ်ဖို့နဲ့၊ ဆိုင်ကယ်၊ စက်ဘီးစီးချိန် အကာအကွယ်ဦးထုပ် (Helmet) မဖြစ်မနေ ဆောင်းဖို့ အထူးအရေးကြီးပါတယ်။ TV ကြည့်တာ၊ ကွန်ပြူတာ Game ဆော့တာ၊ ဖုန်းသုံးတာ၊ Facebook သုံးတာ၊ ကျောင်းစာကျက်တာတွေကိုလည်း တန်ဆေး လွန်ဘေး ဆိုတာမျိုး အကန့်အသတ်နဲ့သာ သုံးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဦးနှောက်နဲ့ အာရုံကြော အထူးခွဲစိတ်ကု ပါရဂူ ဒေါက်တာ စိုင်မွန်သာ ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG