သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး နောက်ထပ် ကာကွယ်ရေး


သွေးလွန်တုပ်ကွေးရောဂါ စမဖြစ်အောင် ခြင်အကိုက်မခံရေးနဲ့ နောက်ထပ်လုပ်သင့်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြအကြံပြုကြပါတယ်။

သွေးလွန်တုပ်ကွေးကို ကျယ်ကျယ်ပြန့်ပြန့် ကူးစေနိုင်တဲ့ ကျောင်းတွေမှာ ကာကွယ်ရေး ပိုလုပ်သင့်ပါတယ်။ သွေးလွန်တုပ်ကွေး ကူးစက်စေတဲ့ ခြင်က ဝေးဝေးမပျံနိုင်ဘဲ ၂ ပတ်ခန့်ပဲ ရှင်သန်နိုင်တာမို့ အဝေးကို မကူးစက်နိုင်စေပေမဲ့၊ နေရာအသီးသီးက ကလေးတွေလာစုတဲ့ ကျောင်းတွေမှာတော့ နေ့လည်မှာ ကိုက်တတ်တဲ့ ခြင်ကြားကနေ ကူးစက်လွယ်ပါတယ်။ ဒါကြောင့် စာသင်ကျောင်းတွေ ကျုရှင်တွေမှာ ပိုးလောက်လန်း နှိမ်နင်းတာနဲ့ ခြင်ဆေးမှုတ်တာအပြင်၊ သွေးလွန်တုပ်ကွေးဖြစ်သူတွေ့လျှင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့တာနဲ့ တခြားကာကွယ်ရေးတွေကို ပိုလုပ်ပေးသင့်ပါတယ်။

တခြားကာကွယ်ရေးတစ်ခုဖြစ်တဲ့ ခြင်ကိုက်မခံရရေးကိုလည်း ကျောင်းတွေမှာအပြင် တခြားနေရာတွေမှာပါ လုပ်ပေးသင့်ပါသေးတယ်။ ခြင်အကိုက်မခံရရေး ငှက်ဖျားသုံး ဆေးစိမ်ခြင်ထောင်နဲ့ လိုက်ကာတွေသုံးသင့်ပါတယ်။ ဆေးစိမ်ခြင်ထောင်နဲ့ လိုက်ကာတွေကို ခြင်က လာနားတာနဲ့ သေသွားနိုင်လို့ပါ။ ဒါ့အပြင် ခြင်အကိုက်မခံရရေး အရေပြား လူးဆေး ဖြန်းဆေးနဲ့ လက်ပတ်တွေသုံးတာ၊ အကျီလက်ရှည်၊ ဘောင်းဘီအရှည် ဝတ်တာတွေ လုပ်နိုင်ပါတယ်။ ဒါ့အပြင် ခြင်တွေ ခိုအောင်းနိုင်တဲ့ မှောင်တဲ့နေရာ မရှိအောင်လည်း တံခါးတွေ ပြူတင်းပေါက်တွေကို နေ့ဘက်မှာ ဖွင့်ထားသင့်ပါတယ်။

နောက် ကာကွယ်နည်းကတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးတာပါ။ ဒါပေမဲ့ မြန်မာမှာ တရားဝင် ထိုးလို့မရသေးဘဲ ဈေးလည်းကြီးပါတယ်။ ထိုင်းနိုင်ငံမှာတော့ တစုံတရာ ထိရောက်တဲ့ ကာကွယ်ဆေး (၃ ကြိမ်ထိုးရ) ကို ထိုးနိုင်ပါတယ်။ အရင်နှစ်တချို့က ပေါ်ခဲ့တဲ့ ကာကွယ်ဆေးတွေက လူအများ ထိရောက်အောင် မသုံးနိုင်ခဲ့ပေမဲ့၊ မနှစ်က ပေါ်လာတဲ့ ကာကွယ်ဆေး (Qdenga) ကတော့ အများသုံးနိုင်ပြီး၊ စမဖြစ်အောင် မကာကွယ်နိုင်ပေမဲ့ ဖြစ်လာခဲ့လျှင် မပြင်းထန်အောင်တော့ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေး တရားဝင် မရသေးချိန် သွေးလွန်တုပ်ကွေး ဖြစ်တာကို စောစောသတိထားမိပြီး၊ အရင်လတွေက ပြောခဲ့တဲ့ လိုအပ်သူတွေကို ဆေးရုံတင်ထားခြင်းဖြင့် ပြင်းထန်သေဆုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG