သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချိုရောဂါနဲ့ ဆက်နွယ်နေတဲ့ သေဆုံးခြင်းမှ ကာကွယ်ရေး (အပိုင်း - ၁)


California starts delivering healthy food to low-income residents with a heart condition or diabetes.
California starts delivering healthy food to low-income residents with a heart condition or diabetes.
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆီးချိုနဲ့ ဆက်နွယ်နေသော ရောဂါတွေ ဖြစ်နှုန်းသေနှုန်းများနေရတဲ့ အကြောင်းရင်းတွေထဲမှာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အစားများလာခြင်းးက အဓိက အကြောင်းတချက်အနေနဲ့ ပါဝင်နေတယ်လို့ ဆီးချိုအထူးကု ဆရာဝန်များက သတိပေးပြောဆိုကြပါတယ်။

ဆီးချိုနောက်ဆက်တွဲရောဂါတွေဖြစ်နှုန်း သေနှုန်းများနေတာကနေ ကာကွယ်ဖို့အတွက် အဓိက လိုအပ်ချက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ များများစားသုံးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးပါဆုံးတစ်ခုက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို တစ်နေ့ အနည်းဆုံး (၅) ကြိမ် စားဖို့ကို နိုင်ငံတကာမှာ တိုက်တွန်းအကြံပြုထားပါတယ်။ တနည်းအားဖြင့် ဟင်းသီးဟင်းရွက်များကို အနည်းဆုံး တစ်နေ့ (၃) ကြိမ် စားပြီး၊ သစ်သီးဝလံကို အနည်းဆုံး တစ်နေ့ (၂) ကြိမ် စားဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို သတ်မှတ်ချက် ပြည့်မီအောင် စားသုံးနိုင်တဲ့ ရာခိုင်နှုန်း မြန်မာနိုင်ငံမှာတော့ (၁၅) ရာခိုင်နှုန်းသာရှိပြီး၊ အများစု (၈၅) ရာခိုင်နှုန်းကတော့ မစားသုံးနိုင်ဘဲ ရှိနေသေးပါတယ်။ အခုလို မစားသုံးနိုင်သူတွေထဲမှာ မသိလို့ မစားတာအပြင်၊ သိပေမယ့် စားလေ့အကျင့်မရှိလို့ မစားကြသူတွေလည်း ရှိနေပါတယ်။

ဒါကြောင့်မို့ လူအများအပြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားဖို့အတွက် ကျန်းမာရေးပညာ သင်တန်းများအပြင်၊ ကျန်းမာရေးနဲ့အညီ စားသုံးနိုင်တဲ့ အနေအထားရောက်အောင် နိုင်ငံတော်ကလည်း ကူညီပံပိုးပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စားသုံးနေတဲ့ စားသုံးဆီ အများစုရဲ့ (၇၅) ရာခိုင်နှုန်းကျော်မှာ အရည်အသွေး (Quality) နိမ့်တဲ့၊ မကောင်းတဲ့ ဆီတွေ (တိရိစ္ဆာန်မှ ထုတ်လုပ်တဲ့ဆီများ၊ အရည်အသွေးနိမ့် စားအုန်းဆီ) နဲ့ ရောနှောထားပြီး၊ မကောင်းတဲ့အဆီတွေ သွေးထဲသားထဲ များလာစေကာ၊ ဆီးချိုရောဂါ နောက်ဆက်တွဲလည်းဖြစ်တဲ့ သေကျေစေနိုင်တဲ့ သွေးကြောကျဉ်းရောဂါတွေကို ပိုဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ စားအုန်းဆီထုတ်လုပ်တဲ့ နည်းစနစ်ကလည်း မကောင်းတာကြောင့် အရည်အသွေးနိမ့်တဲ့ စားအုန်းဆီတွေကိုသာ ထုတ်နိုင်ပြီး၊ နိုင်ငံခြားက တင်သွင်းတဲ့ စားအုန်းဆီတွေကလည်း အရည်အသွေးနိမ့်တဲ့ စားအုန်းဆီတွေဖြစ်နေကာ၊ ဒီစားအုန်းဆီတွေကို ကောင်းတဲ့အဆီဖြစ်တဲ့ နှမ်းဆီ၊ မြေပဲဆီနဲ့ နေကြာဆီတို့နဲ့ ရောရောင်းနေကြတာမို့၊ အရည်အသွေးမကောင်းတဲ့ အဆီတွေကို အများစု စားသုံးနေကြပါတယ်။ အရည်အသွေးကောင်းတဲ့ သံလွင်ဆီကို City Mart မှာ ရနိုင်ပေမယ့်၊ ဈေးကြီးတာကြောင့် အများစု ဝယ်မစားနိုင်ကြပါဘူး။ ၂၀၁၄ ခုနှစ် မြန်မာတနိုင်ငံလုံး ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ကိုလက်စထရော (Cholesterol) အဆီဓာတ် များလွန်းသူမှာ (၃၆.၇) ရာခိုင်နှုန်းလောက်အထိ တိုးများနေပြီး၊ အမျိုးသမီး (၅၀)% ကျော်နဲ့ အမျိုးသား (၄၀)% ကျော်တို့မှာလည်း မကောင်းတဲ့ အဆီတွေ များနေကာ၊ ကောင်းတဲ့အဆီ နည်းနေတာကို တွေ့ရှိရပါတယ်။ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ အများမစားသုံးမိစေဖို့အတွက် ဆီကောင်းဆီသန့် ရစေဖို့၊ နိုင်ငံတော်ဦးဆောင်မှု ထိပ်ပိုင်းကနေ မူဝါဒချ၊ စည်းမျဉ်းတွေထုတ်၊ အရေးယူမှုတွေ လုပ်ဆောင်ပြီး ကုန်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနစတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ချိတ်ဆက်ပြီး ပြုပြင်ပြောင်းလဲမှုကို ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အငန်စားသုံးသူလည်း အလွန်များလွန်းနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လူတစ်ဦးလျှင် တစ်နေ့ကို ဆား (၅) ဂရမ်ထက် ပိုမစားသင့်ကြောင်း ထုတ်ပြန်ထားပေမယ့်၊ မြန်မာနိုင်ငံမှာ အများစုက အငန်ကြိုက်ကြပြီး၊ (၁၀.၅) ဂရမ် ကနေ (၁၁) ဂရမ်အထိကို အလွန်အကြူး စားနေကြပါတယ်။ အဓိက စားသောက်ကုန်တွေဖြစ်တဲ့ ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေမှာလည်း အလေးချိန် ပိုများစေဖို့၊ ဆားအများကြီးထည့် ထုတ်လုပ်ထားတာကြောင့်၊ အခုလို အငန်ဓါတ် ပါဝင်မှုများတဲ့ အစားအစာတွေ ဈေးကွက်ထဲရောက်ပြီးသား ဖြစ်နေတာပါ။ ဒါကြောင့် အငန်လျှော့စားဖို့ ပညာပေးတဲ့အပြင်၊ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြဌာန်းပြီး ဆားပါဝင်မှု မြင့်မားလွန်နေတာကို လျှော့ချဖို့နဲ့၊ မလိုက်နာသူတွေကို စစ်ဆေးအရေးယူပေးဖို့ နိုင်ငံတော်မှာ တာဝန်ရှိနေပါတယ်။

နောက်ဆုံးအရေးကြီးတဲ့အချက်က မြန်မာနိုင်ငံမှာ အစားများတဲ့ ဆန် အရည်အသွေး ညံ့ဖျင်းလို့ ဖြစ်ပါတယ်။ မြန်မာတွေက ဆန်ကိုဖြူမှ ကြိုက်ကြပြီး၊ ထုတ်လုပ်သူတွေကလည်း ဆန်ကို ဖြူလွန်းအောင် အများကြီးကြိတ်ထားတာကြောင့်၊ ဆန်ရဲ့အကာမှာရှိတဲ့ ဖိုင်ဘာအမျှင်တွေ ကုန်ဆုံးသွားပြီး၊ ကာဘိုဟို က်ဒရိတ်ဓာတ် အများအပြား သွေးထဲရောက်သွားကာ၊ ဆီးချိုနဲ့ နောက်ဆက်တွဲတွေ ဖြစ်နှုန်းသေနှုန်းများနေ်ရတာပါ။ ဒါကြောင့်မို့ ဒီကာကွယ်ရေးလုပ်ငန်းတွေလုပ်ရာမှာ လူထုကို ပညာပေး၊ အသိပေးတာအပြင်၊ ကျန်းမာရေးနဲ့ညီတဲ့ ဆန်ကို လူထုဝယ်ယူနိုင် စားသုံးနိုင်အောင်လည်း၊ ဆန်ထုတ်လုပ်ရာမှာ မူဝါဒပြောင်းပြီး၊ အရည်အသွေးမြင့်တဲ့ ဆန်တွေ ထုတ်လုပ်ရေး နိုင်ငံတော်က ဦးဆောင် ကြပ်မတ်ပေးဖို့ပါ လိုနေပါပြီ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG