သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချို နောက်ဆက်တွဲ နှလုံးရောဂါ [အပိုင်း နှစ်]


DNA Lab
DNA Lab
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆီးချိုနောက်ဆက်တွဲဖြစ်တဲ့ နှလုံးရောဂါအဖြစ်များလာနေပေမယ့် မဖြစ်အောင် ကာကွယ်နိုင်ပြီး၊ ဖြစ်လာလျှင်လည်း ကုသလို့ရတယ်လို့ ဆီးချိုအထူးကုတွေက ထောက်ပြကြပါတယ်။

ဆီးချိုနဲ့ ဆက်စပ်နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ကာကွယ်နိုင်ရေး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပြီး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ (အဝမလွန်အောင်) အစားအသောက်အပိုင်းမှာ ထမင်းလျှော့စားတာအပြင်၊ အချိုတွေ လျှော့စား(သောက်)တာ၊ ဟင်းသီးဟင်းရွက် ပိုစားတာ၊ ကျန်းမာရေးနဲ့ညီတဲ့ အဆီနဲ့ အသားရွေးစားတာနဲ့ အငန်ဓာတ်လျှော့စားတာတွေ လုပ်ပေးဖို့ လိုပါတယ်။ အချိုလျှော့သောက်ရာမှာ သကြားလျှော့သောက်တာနဲ့ အအေး၊ အချိုရည်တွေ လျှော့သောက်တာအပြင်၊ အချိုဓာတ် လျှော့ထားတယ်ဆိုတဲ့ Diet Coke/Pepsi လို အချိုရည်တွေကိုပါ ရှောင်ဖို့၊ လျှော့သောက်ဖို့ လိုလာပါတယ်။ ဟင်းသီးဟင်းရွက် ပိုစားရာမှာလည်း တစ်နေ့ကို ထမင်းပန်ကန်လုံး တစ်လုံးစာပမာဏစီနဲ့ မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ် (၃) ကြိမ် စားသုံးသင့်ပြီး၊ သစ်သီးဝလံတွေကိုပါ ထမင်းပန်းကန်လုံး တဝက်စာပမာဏကို မနက် တစ်ကြိမ်၊ ည တစ်ကြိမ် (၂) ကြိမ် စားပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ အဆီ စားသုံးရာမှာ သီးနှံ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲဆီ စစ်စစ်တွေကို စားသုံးသင့်ပြီး၊ စားအုန်းဆီနဲ့ တိရစ္ဆာန်အသားဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီတွေကို မစားသုံးသင့်ဘဲ၊ ငါးအဆီကိုတော့ စားသုံးနိုင်ပါတယ်။ အသားနဲ့ပတ်သက်ပြီးတော့လည်း အနီရောင်ရှိတဲ့ အသားတွေဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ သိုးသားနဲ့ ဆတ်သားတွေကို တစ်ပတ်လျှင် တစ်ကြိမ် (တစ်ရက်ထက်) ပိုမစားဘဲ၊ အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သားနဲ့ ငါးတွေကို ပိုစားသုံးသင့်ပါတယ်။ ဒါ့အပြင် အငန်ဓာတ်လျှော့စားဖို့ ဆားပေါ့တဲ့ အစားအစာတွေကို ရွေးစားသင့်ပါတယ်။

အခုလို ရှောင်ကျဉ်စားသောက်တာအပြင် ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ၊ အထိုင်မများအောင်နေတာနဲ့ ဆေးလိပ်မသောက်ဖို့ လိုပါသေးတယ်။ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့ အနည်းဆုံး မိနစ် (၃၀) နဲ့ ဖြစ်နိုင်လျှင် မိနစ် (၆၀) လုပ်ပေးသင့်ပါတယ်။ အထိုင်မများဖို့အတွက် ထိုင် အလုပ်လုပ်ရသူတွေ (ဥပမာ ကွန်ပြူတာရှေ့မှာ တစ်နေကုန် ထိုင်လုပ်ရသူတွေ)၊ TV ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ (၂) နာရီ (၃) နာရီ ဆက်တိုက်ကြည့်တတ်သူတွေ၊ Facebook သုံး စာရိုက်၊ စကားပြော (Chatting) လုပ်သူတွေအနေနဲ့ အနည်းဆုံး မိနစ် (၉၀) တစ်ကြိမ်၊ ဖြစ်နိုင်လျှင် မိနစ် (၆၀) တစ်ကြိမ် ထပြီး လမ်းလျှောက် လှုပ်ရှားပေးသင့်ပါတယ်။ ဆေးလိပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်မသောက်တာအပြင်၊ ဆေးလိပ်သောက်သူတွေနား အနံ့ခံမိတာလည်း မဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။

ဆီးချိုကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာသူတွေမှာ တချို့ ရင်ဘတ်အောင့်တာ နှလုံးခုန် မမှန်တာ၊ မောတာ စတဲ့ လက္ခဏာတွေပြတတ်ပေမယ့် တချို့မှာတော့ ဆီးချိုကြောင့် အာရုံကြောပါပျက်စီးပြီး လက္ခဏာတွေမပြဘဲ နှလုံးရောဂါ အဆုံးအထိ ဖြစ်သွားတာတွေလည်း ရှိတာမို့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ဆေးစစ်မှုတွေကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် လုပ်ပေးသင့်ပါတယ်။ ဆေးစစ်ပြီး နှလုံးရောဂါ နောက်ဆက်တွဲဖြစ်လာတာ စတွေ့လျှင်လည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ (ဆေးမီးတိုနဲ့မဟုတ်ဘဲ) ဆက်တိုက် ကုသဖို့ အထူးအရေးကြီးပါတယ်။

အခုလို ကုသရာမှာ Aspirin နဲ့ Clopidogrel လို သွေးကျဲဆေးတွေ စ သောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သွေးထဲအဆီများတာကို လျှော့ချစေနိုင်တဲ့ Atorvastatin၊ Rosuvastatin စတဲ့ ဆေးတွေကို ထိရောက်အောင် ပမာဏပြည့်ပြည့် ပုံမှန်သောက်စားဖို့ (လျှော့မသောက်မိဖို့၊ နားမထားဖို့၊ ရပ်မထားဖို့) အရေးကြီးပါတယ်။

သွေးတိုးပါတွဲရှိနေသူတွေအနေနဲ့ သွေးတိုးကို အပေါ်သွေး (၁၄၀)၊ အောက်သွေး (၉၀) ထက်မကျော်အောင် ထိန်းထားဖို့ လိုပါတယ်။ သွေးချိုကို ထိန်းရာမှာလည်း သွေးချိုကျဆေးကို အထူးသတိထားပေးပြီး သွေးထဲသကြားဓာတ် အလွန်လျှော့ကျခြင်း (Hypoglycemia) မဖြစ်အောင် အထူးသတိပြုဖို့ လိုပါတယ်။ အကြောင်းက သွေးထဲသကြားဓာတ် အလွန်လျှော့ကျခြင်းကြောင့် နှလုံးဖောက်တာကို ဖြစ်သွားစေနိုင်လို့ပါ။ ဒါ့အပြင် အခုနောက်ဆုံးပေါ်ဆေးတွေဖြစ်ပြီး နှလုံးသွေးကြောကျဉ်းတာကို ကာကွယ်ပေးတဲ့ GLP-1 အမျိုးအစား Liraglutide ထိုးဆေးမျိုးနဲ့ SGLT2 အမျိုးအစားဆေးတွေ ဖြစ်နိုင်လျှင် ပေးသင့်ပါတယ်။

ဆရာဝန်များအနေနဲ့လည်း ကုသမှုပေးရာမှာ ဆီးချိုသွေးချိုရောဂါ တစ်ခုထဲသက်သက် ကုပေးတာမျိုးမဟုတ်ဘဲ၊ နှလုံးသွေးကြောကျဉ်းရောဂါကို မဖြစ်စေတဲ့ဆေးမျိုးရွေးပေးဖို့၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာလျှင်လည်း ဒီနှလုံးရောဂါကို ပြန်ကောင်းစေတဲ့ ဆေးမျိုးတွေရွေးပေးဖို့ လိုပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG