သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်လိုက်ခြင်းနှင့် အရေးပေါ်ကယ်တင်ခြင်း


ရန်ကုန်မြို့
ရန်ကုန်မြို့
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်လိုက်တာကြောင့် သေဆုံးမှုတွေများလာချိန်မှာ၊ အိမ်နဲ့လုပ်ငန်းခွင်အပြင်၊ လမ်းပေါ်မှာနဲ့ လျှပ်စစ်လုပ်သားတွေပါ ဓာတ်လိုက်မှုတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

လမ်းနဲ့ပတ်ဝန်းကျင်မှာ အဓိက ဓာတ်လိုက်ရခြင်းက လျပ်စစ်ဓာတ်အား သွယ်တန်းမှုတွေနဲ့ အဓိက ဆိုင်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ဓာတ်အားသွယ်တန်းမှုဖြစ်ဖို့ လိုတာပါ။ ခေတ်မှီဖွံ့ဖြိုးတဲ့ နိုင်ငံအများစုမှာ မြေအောက်ကနေ လျှပ်ကာပိုက်လုံးတွေနဲ့ လုံခြုံစိတ်ချရအောင် သွယ်တန်းနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ မြေပေါ်မှာ တိုင်ထောင်သွယ်တန်းနေရဆဲမို့ အန္တရာယ်ရှိနေတာပါ။ အပူလွန်ပြီး ဝါယာကြိုးတွေ ပျက်ကျနိုင်သလို၊ အထူးသဖြင့် ဝါယာကြိုးတွေရှုပ်နေပြီး တချို့သစ်ပင်တွေနဲ့ပါ ချိတ်ငြိ့နေတဲ့ ရန်ကုန်မြို့ထဲမျိုးမှာ၊ စိုစွတ်တဲ့ မိုးတွင်းကာလမှာ အပေါ်ကဓာတ်ကြိုး၊ အောက်မှာက ရေနဲ့ စိုစွတ်နေမှုကြောင့် ပိုသတိထား သွားကြဖို့ အရေးကြီးပါတယ်။

မိုးကြီး လေကြီး သစ်ပင်ကျိုး ဓာတ်ကြိုးပြတ်ကျနေချိန်မျိုးမှာ၊ ဖြစ်နိုင်လျှင် ရေထဲကမလျှောက်ကြဘဲ၊ လျှပ်စစ်မစီးနိုင်တဲ့ ရေလွတ်ရာ အမြင့်၊ အပေါ် နေရာတွေကနေ လျှောက်နိုင်လျှင် အကောင်းဆုံးဖြစ်ပေမယ့် ဒီအခြေအနေမျိုးက အမြဲရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်ဌာနအနေနဲ့ လျှပ်စစ်ဝါယာကြိုးတွေ ခိုင်ခန့်မှုကို အမြဲစစ်ဆေးပြီး၊ အရည်အသွေးကောင်းတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ဝါယာကြိုးတွေ အချိန်မှန် လဲသုံးတာမျိုး အစိုးရတာဝန်ရှိသူတွေဘက်က သေသေချာချာ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် လျှပ်စစ်နဲ့ထိတွေ့နေရတဲ့ လျှပ်စစ်ဝန်ထမ်းတွေမှာပါ ဓာတ်လိုက်မှုတွေ များလာနေတာကြောင့်၊ လုံလောက်တဲ့ လျှပ်စစ်ကိုင်တွယ်နည်း သင်တန်းတွေပေးပြီး၊ လိုအပ်တဲ့ လျှပ်ကာပစ္စည်း အသုံးအဆောင်တွေ (လျပ်စစ်မကူးတဲ့ လက်အိပ်၊ ဘိနပ်၊ ဝတ်စုံ၊ ခမောက် စသည်ဖြင့်) တပ်ဆင်၊ ဝတ်ဆင်စေတာအပါအဝင် စည်းကမ်းလိုက်နာမှုတွေကို သေချာအောင် ကြီးကြပ်စီမံပေးသင့်ပါတယ်။

ပိုများလာနေတဲ့ ဓာတ်လိုက် သေဆုံးမှုလျော့ချနိုင်ဖို့လည်း အရေးပေါ် ကယ်တင်၊ပြုစုနည်းတွေကို အများသိအောင် အလုပ်ခွင်နဲ့ ကျောင်းတွေမှာပါ ပညာပေးတာနဲ့ လက်တွေ့ကျင့်သုံးပေးဖို့ အထူးအရေးကြီးပါတယ်။ တစုံတဦး ဓာတ်လိုက်တာတွေ့လျှင်၊ ပထမ အရေးကြီးဆုံးက ကိုယ့်ကိုပါ မကူးစက်စေဖို့ပါ။ ဒါကို သေချာပြီးမှ လမ်းပေါ်မှာဓာတ်လိုက်နေသူ ဓာတ်ကြိုးနဲ့ထိပြီး ဆက်လိုက်နေလျှင်၊ လျှပ်စစ်စီးဝင်နေတာ ဖြတ်တောက်နိုင်ဖို့၊ လျှပ်မစီးနိုင်တဲ့ ပလပ်စတစ်ချောင်း၊ ပလပ်စတစ်ပိုက်၊ ခြောက်နေတဲ့ သစ်သားချောင်း၊ ခြောက်နေတဲ့ တံမျက်စည်းတွေမျိုးသုံးပြီး၊ ကုတ်ထုတ်ဖယ်ရှားပေးဖို့ လိုပါတယ်။ အိမ်မှာဆိုလျှင်တော့ ချက်ချင်း သက်ဆိုင်ရာ မီးခလုပ်ကိုပိတ်၊ အဓိက မိန်း (Main) ခလုပ်ကို ချက်ချင်း ချပြီး လျှပ်စစ်စီးဝင်နေတာကို ဖြတ်တောက်ပစ်နိုင်ပါတယ်။ ဒီ မိန်းခလုပ် ရှိတဲ့နေရာကို အိမ်က လူတိုင်း ကြိုသိထားဖို့ အရေးကြီးပါတယ်။ အခုလို ဓာတ်လိုက်ခံရသူကို လျှပ်စစ်ဆက်မစီးစေတော့ဘဲ ဓာတ်လိုက်တာကူးဖို့ အန္တရာယ်ကင်းသွားမှ လူကို ကယ်ထုတ်ပြီး၊ အရေးပေါ်ပြုစုမှုပေးဖို့၊ လည်ပင်းက သွေးခုန်နှုန်းရှိမရှိ စစမ်းကာ၊ ဆေးရုံအမြန်ပို့ဖို့ အရေးပေါ်ကား ချက်ချင်းခေါ်သင့်ပါတယ်။

လည်ပင်းသွေးခုန်နှုန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူနာကို ခေါ်ကြည်လို့ ပြန်မပြောဘဲ သတိလစ်နေတာ၊ သူ့ ရင်ဘတ် အသက်ရှုလှုပ်တာရပ်ပြီး အသက်မရှုတာတွေ့လျှင်တော့၊ အောက်ခြေမာတဲ့နေရာ (မာတဲ့ဘုတ်ပြား၊ ကြမ်းပြင်၊ ကျောက်ပြားပြင် စသည်ဖြင့်) ပေါ်မှာ ပက်လက်လှန်ထားကာ၊ ရင်ဘတ်ဖိ ပါးစပ်တေ့ အသက်ရှုမှုတ်သွင်းတဲ့ CPR ခေါ် အရေးပေါ်အသက်ကယ်မှု ချက်ချင်း စလုပ်ဖို့ အထူးအရေးကြီးပါတယ်။ ရင်သားနှစ်ဖက် အလယ်က ရင်ညွန့်ရိုးပေါ်ကို မိမိရဲ့ ဆုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ လက်မောင်းကို ဖြောင့်အောင်ထားပြီး၊ နှလုံခုန်စီးချက်အတိုင်း ဆက်တိုက် တစ်မီးနစ်ကို အကြိမ် (၁၀၀) ခန့်နှုန်းနဲ့ ဖိပေးကာ၊ တချိန်ထဲမှာ လူနာအသက်မရှုလျှင်၊ ရင်ဘတ်ဖိတာ အကြိမ် (၃၀) ပြီးတိုင်း၊ လူနာနှာခေါင်းကိုပိတ် ပါးစပ်မှာ တေ့ပြီး၊ မိမိ ပါးစပ်ကနေ (၂) ကြိမ်လေမှုတ်သွင်းပေးတာပါ ဆက်တိုက်လုပ်ပေးဖို့ လိုပါတယ်။

အခုလို ရင်ဘတ်ဖိတာနဲ့ ပါးစပ်တေ့လေမှုတ်သွင်းတာ တလှည့်စီ ဆက်တိုက်လုပ်တာကို တစ်ဦးထဲ လုပ်ပေးဖို့ မနိုင်တာကြောင့်၊ ဘေးက ဝိုင်းကူလုပ်ပေးတာအပြင်၊ လူနာ၊ အသက်ပြန်ရှုလာချိန်၊ သွေးပြန်ခုန်လာချိန် (သို့မဟုတ်) ကြက်ခြေနီလို သူနာပြုလို အရေးပေါ်ပြုစုမှု ကျွမ်းကျင်သူရောက်လာချိန် (သို့မဟုတ်) အရေးပေါ်ကားရောက်လာချိန်ထိ၊ ဆေးရုံကိုပို့နိုင်ချိန်ထိ ဆက်လုပ်ပေးဖို့ လိုပါတယ်။ တကယ်လို့ လူနာ အသက်မထိခိုက်လျှင်တောင်မှ၊ ဓာတ်လိုက်တာကြောင့် ကြွက်သားထိခိုက်တာနဲ့ အရေပြားလောင်တာ၊ ကိုယ်ခန္တာတွင်း အင်္ဂါတွေ (နှလုံး၊ ကျောက်ကပ်စသည်ဖြင့်) ထိခိုက်တာနဲ့၊ ဒီဓာတ်လိုက်တာကြောင့် လွင့်စင်ပြုတ်ကျရိုက်မိပြီး ခေါင်ထိတာနဲ့ အရိုးကျိုးတာတွေ ဖြစ်သွားနိုင်တာကြောင်၊့ ဒါတွေဖြစ်မဖြစ် စစ်ဆေးဖို့လည်း ချက်ချင်း ဆေးရုံပို့သင့်ပါတယ်။

ဒီအကြောင်း အပြည့်အစုံ သိရှိနားလည်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာဒေါ်မော်မော်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG