သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ဆယ်တန်း စာမေးပွဲတွေ နီးလာချိန်မှာ ကျောင်းသူကျောင်းသားတွေ အစိုးရိမ်လွန်ကဲပြီး စာမေးပွဲ မဖြေနိုင်ဖြစ်ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက စမ်းစစ်ပြောဆိုကြပါတယ်။ အခုလို စိုးရိမ်ကြီးလွန် ဖြစ်ရတာက ဆယ်တန်းစာမေးပွဲဟာ ဘဝတသက်လုံးစာအတွက် အပြောင်းအလဲ ဖြစ်စေနိုင်လို့ပါ၊ ဒါ့အပြင် မိဘတွေနဲ့ ဆရာတွေကလဲ မဖြေနိုင်ရင် ဒုက္ခအကြီးအကျယ် ရောက်မယ်လို့ ဖိအားပေးတာ၊ ဂုဏ်ထူးရအောင် မျှော်လင့်ချက် ကြီးလွန်တာတွေကြောင့် ပိုပြီးအစိုးရိမ်လွန်တာတွေ ဖြစ်တတ်ပါတယ်။

စိုးရိမ်လွန်တဲ့ လက္ခဏာတွေကို စာမေးပွဲမတိုင်ခင် ရက်တွေနဲ့၊ စာမေးပွဲ အချိန်ကာလမှာ ပြတတ်ပါတယ်။ အဲ့ဒါတွေကတော့ ဂနာမငြိမ် ဖြစ်တာ၊ ရင်ထဲဟာတာတာ ဖြစ်တာ၊ ဒေါသထွက်တာ၊ အလုပ်တွေနောက်ရွှေ့ တာ၊ ရေမချိုးတော့တာ၊ အစာမမှန်တာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ ကိုယ်လက်မအီမသာ ဖြစ်တာ၊ အိပ်မပျော်တာ (သို့) အအိပ်လွန်တာ၊ ဇောချွေးပြန်တာ၊ သက်ပြင်းမကြာခဏချတာ၊ ခြေဖဝါးလက်ဖဝါးတွေ ချွေးစို့တာတွေဖြစ်ပြီး နောက်ဆုံးမှာ မှတ်ထားတာတွေ အများကြီး မေ့သွားနိုင်ပါတယ်။ တချို့ မှာ အလွန်အကြူး စိုးရိမ်ကြီးကြပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေးတဲ့အထိ ဆုံးဖြတ်ချက် မှားတွေလုပ်တတ်ပါတယ်။

အခုလို စိုးရိမ်လွန်ကဲမှု မဖြစ်ရအောင် စာမေးပွဲ မတိုင်ခင်ရက်တွေ၊ စာမေးပွဲဖြေဆိုတဲ့နေ့တွေ နဲ့ စာမေးပွဲခန်းထဲမှာ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ စာမေးပွဲ မတိုင်ခင်ရက်တွေမှာ မိဘဆရာတွေအနေနဲ့ မိမိတို့ ရင်သွေးလေးတွေကို အတင်းအကြပ် ဖိအားမပေးဘဲ၊ စာမေးပွဲ ကျရင်တောင် နောက်တခေါက် ဖြေလို့ရတယ်။ ဂုဏ်ထူးမထွက်လို့ လူဖြစ်မရှုံးဘူး၊ အခြားအခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို ဖျောင်းဖျပေးသင့်ပါတယ်။ အလွန်အကျွံ စိုးရိမ်မှုလွန်တဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင်လဲ ဆရာဝန်ပြတာ၊ စိုးရိမ်မှုနဲ့ အခက်အခဲတွေကို နားထောင်နှစ်သိမ့်ပြီး တည့်မတ်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။

ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း စာမေးပွဲ မတိုင်ခင်ရက်မှာ ညလုံးပေါက် အတင်းတွန်းတိုက် စာကြည့်တာ၊ အိပ်မပျှော်စေတဲ့ လဘက်ရည်၊ ကော်ဖီ နဲ့ လဘက် အလွန်အကျွံစားတာ၊ မအိပ်တဲ့ ဆေးဝါးတွေ သုံးစွဲတာတွေ မလုပ်သင့်ပါဘူး။ စာကို အစောပိုင်းကတည်းက ပုံမှန်ကြိုတင် ပြင်ဆင်ကျက်မှတ်ထားပြီး၊ စာမေးပွဲ မတိုင်ခင်ရက်မှာ ပြန်နွှေးတာမျိုး၊ စာကြည့်ဖော် သူငယ်ချင်းတွေနဲ့ ပြန်ဆွေးနွေးတာမျိုးပဲ လုပ်သင့်ပါတယ်။ ဒါ့အပြင် စာမေးပွဲ မတိုင်ခင်ရက်မှာ အိပ်ရေးဝအောင် အိပ်ဖို့ အထူးအရေးကြီးပါတယ်။ နောက် အစာပုံမှန် ဝဝလင်လင် စားသောက်သင့်ပါတယ်။ စာမေးပွဲအချိန်ဇယားကိုလည်း ပြန်စစ်ပြီး နောက်နေ့ ဖြေဆိုရမယ့် ဘာသာရပ်ကို သေချာအောင် ကျက်မှတ်ရပါမယ်။

စာမေးပွဲ ဖြေဆိုမယ့်နေ့မှာတော့ မနက်ပိုင်း ရေချိုးသန့်စင်ပြီး သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေ၊ အခုအချိန် ပူလွန်းတဲ့ကာလမှာ အရောင်ဖျော့ဖျော့ နဲ့ ပွပွတွေ ဝတ်ဆင်သွားသင့်ပါတယ်။ အစားအစာကို ပုံမှန်ကြိုစားပြီး၊ သောက်ရေဘူး ထည့်ယူသွားကာ၊ စာမေးပွဲခန်းကို (၁၅) မိနစ် အနည်းဆုံးစောရောက်ပြီး အေးအေးဆေးဆေး အဆင်သင့် ဖြစ်နေဖို့ ကြိုသွားထားသင့်ပါတယ်။ စာမေးပွဲဖြေဆိုဖို့ ခေါင်းလောင်းထိုးချိန်မှာလဲ ကြောက်မသွားဘဲ၊ ကိုယ့်အတွက် ဘဝတက်လမ်းရဖို့ အခွင်အလမ်းအဖြစ် ရယူဖို့ ယုံကြည်ချက် မွေးထားသင့်ပါတယ်။

စာမေးပွဲ စချိန်မှာတော့ မေးခွန်းနဲ့ ညွန်ကြားချက်တွေကို အေးအေးဆေးဆေး ဖတ်ပြီး မေးခွန်းတွေအတွက် ဖြေရမယ့် အချိန်ပိုင်းခြား သတ်မှတ်ကာ၊ မသိသေးတာအတွက် စိတ်အညစ်မခံပဲ၊ အသိဆုံး မေးခွန်းကနေ စပြီး ပုံမှန်နှုန်းနဲ့ ဖြေသင့်ပါတယ်။ တကယ်လို့ စာမေးပွဲခန်းထဲမှာ ကြောက်လန့်တုန်လှုပ်ပြီး၊ ဇောချွေးပြန်ကာ ဖြေလို့မရဖြစ်သွားရင်တောင် ကိုယ့်စိတ်ကို ပြန်ဖြေလျှော့ပြီး၊ စိတ်တည်ငြိမ်အောင် ထိန်းယူနိုင်ပါတယ်။ နည်းတွေကတော့ ခွင့်တောင်းပြီး ရေသွားသောက်တာ၊ ခဏနားတာ၊ အသက်ပြင်းပြင်း ကြာကြာထိန်းရှုတာ၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည်ရှုပြီး စိတ်သက်တောင့်သက်သာဖြစ်အောင် ခေတ္တအနားယူတာတွေ လုပ်ပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုတဲ့ ညွှန်ကြားချက်၊ သိသင့်သိထိုက် အချက်တွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG