အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဌာန CDC က ဆရာဝန်အဖွဲ့လေးတဖွဲ့ဟာ အဆိုးရွားဆံးု ကပ်ရောဂါတွေကို သိအောင်လုပ်ပြီး ကမ္ဘာပေါ်ကနေ အမြစ်ဖြုတ် ဖယ်ရှားပစ်နိုင်ရေးအတွက် လွန်ခဲ့တဲ့ ရာစု နှစ်ဝက်အတွင်း ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။ အခုတော့ အဲဒီဆရာဝန်တွေရဲ့ ကြိုးပမ်းချက်တွေကို စာအုပ်သစ်တအုပ်က မှတ်တမ်းတင် ဖော်ပြ ရေးသား လိုက်ပါပြီ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Zulima Palacio ရဲ့ ရုပ်သံသတင်းဆောင်းပါး ကိုအခြေခံပြီး အခုသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်လို ကပ်ရောဂါဆိုးတွေ ဖြစ်လာဖွယ်ရှိတယ်၊ အဲဒီရောဂါဆိုးတွေကို ဘယ်လို အမြစ်ပြတ်ချေမှုန်းကြတယ် ဆိုတာကို စုံစမ်း ဖော်ထုတ်ပြီး နည်းလမ်းရှာဖွေခဲ့ကြတဲ့ CDC က ဆရာဝန်အစုလေးတခုအကြောင်း တိတိကျကျသိသူ မရှိ သလောက်ပါ။ စာရေးဆရာ Mark Pendergrast က အဲဒီအစုလေးရဲ့ အောင်မြင်မှုတွေနဲ့ လူတွေ ကျန်းကျန်းမာမာနဲ့ အသက် ရှည်ရှည် နေထိုင်သွားနိုင်ရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေလို့ စာရေးသူနဲ့ CDC အဖွဲ့တို့က ယူဆတာတွေကို ဆန်းစစ်ထားတဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ေ၀ လိုက်တာဖြစ်ပါတယ်။ စာအုပ်အမည်ကတော့ မြန်မာဘာသာစကားနဲ့ဆိုရင် “ကပ်ရောဂါ ဖြစ်ပွားခြင်း၏ အတွင်းဇစ်မြစ်၊ ကပ်ရောဂါဆိုးများ စုံစမ်းထောက်လှမ်းခြင်းအဖွဲ့၏ ဆေးဘက်ဆိုင်ရာ အထူး စုံစမ်း ထောက်လှမ်း ရေးမှူးများ” လို့ ဆိုရပါလိမ့်မယ်။
ရှေးခတ်အီဂျစ်နိုင်ငံကိုအုပ်စိုးခဲ့တဲ့ ဖာရိုးဘုရင်တွေလက်ထက် မတိုင်ခင်ကတည်းကိုက ရေကျောက်ရောဂါဟာ ကမ္ဘာ့လူသား တွေရဲ့ မျက်နှာတွေကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်ခဲ့တဲ့ရောဂါဆိုးပါ။ ရေကျောက်ရောဂါကို ကမ္ဘာပေါ်ကနေ အမြစ်ပြုတ် မချေမှုန်း နိုင်ခင်တုန်းက လူသန်းပေါင်းများစွာ သေဆုံးခဲ့ရ၊ မျက်လုံးကွယ်ခဲ့ကြရ၊ ရုပ်ဆင်းအင်္ဂါ ပျက်စီးခဲ့ကြရပါတယ်။ ဒါကြောင့် လည်း ကျောက်ရောဂါကို ကမ္ဘာပေါ်ကနေ အပြီးတိုင်ဖယ်ရှားလိုက်နိုင်တာကို ဆေးပညာရပ်ရဲ့ အကြီးမားဆုံး အောင်မြင်မှုတခု အဖြစ် ဆေးဘက်ဆိုင်ရာသုတေသနပြုသူတွေက သတ်မှတ်ကြတာပါ။
“ဒီ ၂၀၁၀ ပြည့်နှစ်ဟာ ရေကျောက်ရောဂါ အမြစ်ပြတ် ပပျောက်သွားအောင်လုပ်နိုင်ခဲ့တဲ့ နှစ် ၃၀ ပြည့်မြောက် အချိန်အခါဖြစ်ပါတယ်။ ရေကျောက်ရောဂါဟာ အအေးခန်းထဲမှာသိမ်းထားတဲ့ ရောဂါပိုးတွေကလွဲလို့ ကျနော်တို့ လုံး၀ အမြစ်ပြတ် ဖယ်ရှားလိုက်နိုင်တဲ့ တခုတည်းသော ရောဂါဖြစ်ပါတယ်။”
အဲဒါကတော့ စာအုပ်ကို ပြုစုရေးသားသူ Mark Pendergrast ဖြစ်ပါတယ်။
ရေကျောက်ရောဂါတိုက်ဖျက်ရေးမှာ CDC အဖွဲ့က လူသိနည်းလှတဲ့ ဆရာဝန်အဖွဲ့ဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ် ဆိုတာ စာရေးသူ Mark က သူရေးသားတဲ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ စာအုပ်နာမည်မှာ “ဆေးဘက်စုံထောက်များ” လို့ ခေါ်ဆိုထားတဲ့ အဲဒီဆရာဝန်အဖွဲ့ဟာ ကမ္ဘာတဝန်း ခရီးလှည့်လည်သွားလာပြီး အများပြည်သူကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေကို လေ့လာခဲ့ကြ၊ ဖော်ထုတ်ခဲ့ကြ၊ ကာကွယ်တားဆီးဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။
ဒီလောက် လူနည်းနည်းကလေးက အောင်မြင်မှုအများကြီးရအောင် ဘယ်လိုလုပ်နိုင်ခဲ့တာလည်းဆိုတာ တကယ့်ကို အံ့သြစရာပါ ပဲလို့ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ CDC ရုံးက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Denise Koo က ပြော ပါတယ်။
EIS အဖွဲ့က ဆရာဝန်တွေဟာ ရောဂါပိုးတွေကို ခွဲခြားဖော်ထုတ်နိုင်ရေးအတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အတွင်း ဘယ်လို လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ Pendergrast ရဲ့ စာအုပ်ထဲမှာ ရေးထားပါတယ်။ ကာလီဖိုးနီးယားပြည်နယ်မှာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါဖြစ်တာကို သူတို့အဖွဲ့က ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့ကြတာပါ။
ဒါပေမဲ့ စာအုပ်က အဓိကပေးချင်တာကတော့ “ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်” ဆိုတဲ့အချက်ပါပဲ။ လူထုကျန်းမာရေးကိစ္စအတွက် သုံးစွဲ တဲ့ငွေကြေးဟာ အကျိုးအရှိဆုံးသုံးစွဲတဲ့ငွေ ဖြစ်တယ်ဆိုတဲ့ လူအများစု မစဉ်းစားမိတဲ့အချက်ကို ဒီစာအုပ်က အဓိက ပြောချင်တာ ဖြစ်ပြီး EIS အရာရှိတယောက်ဟာ လူတယောက်အသက်ကို ကောင်းကောင်း ကယ်တင်နိုင်ခဲ့ပေမယ့် အဲဒီလူကတော့ ဒါကို ဘယ်တော့မှ သိသွားမှာ မဟုတ်ပါဘူးလို့ စာရေးသူကပြောပါတယ်။
ကျန်းမာရေးကောင်းဖို့အတွက် ဒီကနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ကာကွယ်တားဆီးဖို့ရာ ပိုပြီးတော့တောင်မှ ခက်ခဲ ကောင်း ခက်ခဲနိုင်တယ်လို့ စာရေးသူ Mark Pendergrast က ဆိုပါတယ်။
“လူသားတွေသေဆုံးရတဲ့ ကြောက်စရာအကောင်းဆုံး မရဏမင်းဟာ လူသားတွေကိုယ်တိုင်ပါပဲ။ စစ်ပွဲတွေမှာ ကိုယ့် အချင်းချင်း ပစ်ကြခတ်ကြရုံတင်မကပါဘူး၊ ကျနော်တို့ရဲ့ ပြုမူ နေထိုင် လုပ်ကိုင်ပုံတွေကြောင့်လည်း အသက်ဆုံးပါးရပါတယ်။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားကို အလွန်အကျွံစားတာ၊ လေ့ကျင့်ခန်း လုံလုံလောက်လောက် မလုပ်တာ စတာတွေပေါ့ဗျာ။ အဲဒါတွေကို ကျနော်တို့ကို တကယ်တမ်း အသက်သေစေတာပါ။ EIS အရာရှိတွေက အဲဒါတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့ ရောဂါပိုးတခုကို တိုက်ဖျက်ရတာက လူသားတွေ ပြုမူ နေထိုင် ကျင့်ကြံပုံတွေ ကို ပြုပြင်ရတာထက် အများကြီး ပိုလွယ်ပါတယ်။”
CDC က ဒေါက်တာ Denise Koo က အခုပြောသွားတဲ့အချက်ကို သဘောတူတဲ့အပြင် လူတွေရဲ့ကျန်းမာရေးကို အကဲဖြတ် ဆန်းစစ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ဟာ အရေးကြီးတဲ့ကဏ္ဍတခုမှာ ရှိနေတယ်လို့တောင်မှ ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
“ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုကိစ္စက အရမ်းကို ကြီးမားတဲ့ကိစ္စတခုပါ။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက တခြားကိစ္စရပ်အများအပြားနဲ့ အပြန်အလှန် ဆက်နွယ်နေလို့ပါပဲ။”
အခု လူပြောသူပြောများနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အပူပိုင်းဒေသတွေမှာမှ ဖြစ်တတ်တဲ့ရောဂါတွေ တကမ္ဘာလုံးမှာ ပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ကို စာရေးသူ Mark က စိုးရိမ်နေပါတယ်။
“ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက နောင်လာမယ့် နှစ်ပေါင်း ၅၀ အတွက် အဆိုးရွားဆုံးကိစ္စဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာကြီးရဲ့အပူချိန် မြင့်တက်လာတာနဲ့အမျှ ငှက်ဖျားရောဂါလို အပူပိုင်းဒေသတွေမှာဖြစ်တဲ့ ရောဂါပိုးတွေဟာ တခြားဒေသတွေဆီ ကူးစက် ပြန့်နှံ့သွားမှာမို့လို့ပါပဲ။”
ဒါဟာ အလေးထား ဂရုပြုရတော့မယ့်ကိစ္စ အမှန်တကယ်သာ ဖြစ်လာမယ်ဆိုရင်တော့ CDC အဖွဲ့ရဲ့ ဆေးပညာဆိုင်ရာ စုံထောက် ကြီးတွေက စုံစမ်း ထောက်လှမ်းကြတော့မှာဖြစ်ပြီး နောင်တချိန် ဘယ်လိုကပ်ရောဂါဆိုးကြီး ကျရောက်လာနိုင်မလဲဆိုတာကို ခွဲခြားသိနိုင်အောင် စူးစမ်းလေ့လာကြမှာဖြစ်ပါတယ်။
Mark Pendergrast ရေးသားတဲ့စာအုပ်အကြောင်း အသေးစိတ်သိချင်ရင်ဖြင့် cdc.gov အင်တာနက်စာမျက်နှာမှာ သွားကြည့်လို့ ရပါတယ်။ Inside the Outbreaks ဆိုပြီးတော့ ရှာကြည့်လိုက်ရင် ဒီစာအုပ်ကို ဝေဖန် သုံးသပ်ထားတဲ့ ဆောင်းပါးတပုဒ်ကို တွေ့ကြရပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဌာန CDC ဟာ အမေရိကန်အစိုးရ၊ ကျန်းမာရေးနဲ့ လူသား ဝန်ဆောင်မှုဆိုင်ရာဝန်ကြီးဌာနရဲ့ အဓိက အဖွဲ့အစည်းတခုဖြစ်ပါတယ်။ လူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းဆိုင်ရာ၊ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ၊ ထိခိုက် ဒဏ်ရာရမှုနဲ့ မသန်မစွမ်းဖြစ်မှုဆိုင်ရာ၊ ကျန်းမာရေးကို ခြိမ်းခြောက်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်မှုဆိုင်ရာ ကဏ္ဍအသီးသီးမှာ တခြား သက်ဆိုင်ရာ လုပ်ငန်းဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ CDC အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတွင်းနဲ့ ကမ္ဘာတဝန်းက မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို စောင့်ကြည့်တာ၊ ကျန်းမာရေးပြဿနာတွေကို စုံစမ်း ဖော်ထုတ်တာ၊ ကာကွယ်တားဆီးရေး ပိုကောင်းစေဖို့ သုတေသနလုပ်တာ၊ လူထုကျန်းမာရေး ဆိုင်ရာမူဝါဒတွေကို ဖော်ထုတ်ပြီး လှုံ့ဆော်စည်းရုံးတာ၊ ကာကွယ်တားဆီးရေးဆိုင်ရာ မဟာဗျူဟာတွေကို အကောင်အထည် ဖော်တာ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ နေထိုင်ပြုမူကျင့်ကြံပုံတွေကို မြှင့်တင်ပေးတာ၊ ဘေးကင်း ကျန်းမာတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အားပေး တိုက်တွန်းတာ စတာတွေကို CDC အဖွဲ့က လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။