မြန်မာနိုင်ငံမှာ အဖြစ်များပြီး၊ အသက်အန္တရာယ်ကြီးတဲ့ ဦးခေါင်းဒဏ်ရာအတွက် ဆေးရုံမရောက်ခင်မှာ အရေးပေါ်ပြုစုကုသပေးဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။ ဦးခေါင်းဒဏ်ရာ ပြင်းထန်မှုရှိမရှိ၊ သတိလစ်မှုရှိမရှိ၊ တောက်လျှောက် သတိလစ်သွားလား၊ အစပိုင်းခဏလေး သတိလစ်သွားလားဆိုတဲ့အပေါ် ခွဲခြားသိနိုင်ပါတယ်။
သတိလစ်မှု မရှိတာ (သို့မဟုတ်) ခေတ္တအစပိုင်းသာ သတိလစ်တဲ့ ပြင်းထန်မှုနည်းတဲ့ အဆင့်မှာလည်း ဦးခေါင်းတွင်း ထိခိုက်မှု ရှိနိုင်တာကြောင့် စောင့်ကြည့်ဖို့အတွက် ဆေးရုံတင်ပေးဖို့ လိုပါတယ်။ လုံးဝတောက်လျှောက် သတိလစ်တဲ့ ပြင်းထန်တဲ့ အဆင့်မှာတော့ အမြန်ဆုံး ဆေးရုံတင်ရာမှာ လမ်းတလျှောက် အထူးအရေးပေါ် ပြုစုမှုတွေကို ကြပ်ကြပ်မတ်မတ် လုပ်ပေးဖို့လိုပါတယ်။ အသက်ရှုလမ်းကြောင်း ပွင့်နေပြီး၊ လူနာ အသက်ရှုနိုင်အောင် (သို့မဟုတ်) အသက်ကောင်းကောင်း မရှုတော့ပါက အသက်ရှုအထောက်အကူပြုမှုတွေ လုပ်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လျှာနောက်ပြန်ခေါက်ပြီး အသက်ရှုလမ်းကြောင်း ပိတ်မသွားအောင် လူနာကို ပက်လက် လုံးဝမသယ်သင့်ပါဘူး၊ တစောင်းအနေအထား၊ နည်းနည်းမှောက်ထားတဲ့ ပုံစံနဲ့သာ သယ်ယူသင့်ပါတယ်။ ဒါ့အပြင် ပေါက်ပြဲသွားတဲ့ ဒဏ်ရာအတွက် သွေးထွက်များတာ ရှိမရှိကိုလဲ အထူးသတိပြုဖို့ လိုပါတယ်။ ဘာကြောင့်ပါလဲ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါပညာ အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။