သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလွန်ကဲမှုကြောင့် နှစ်စဥ် လူသိန်းနဲ့ချီ သေဆုံးနေ


အပူချိန်ပြင်းထန်မှုကြောင်းဆေးရုံတက်ကုသမှုခံယူနေရတဲ့ အိန္ဒိယနိုင်ငံသားများ၊ ဂျွန် ၁၉၊ ၂၀၂၃
အပူချိန်ပြင်းထန်မှုကြောင်းဆေးရုံတက်ကုသမှုခံယူနေရတဲ့ အိန္ဒိယနိုင်ငံသားများ၊ ဂျွန် ၁၉၊ ၂၀၂၃
အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေတဲ့ အကြောင်းတရားများကြောင့် နှစ်စဉ် သေဆုံးရသူက သိန်းနဲ့ချီ ရှိနေလို့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အပူဒဏ် ကာကွယ်ရေး စီမံချက်တွေ ချမှတ်ဖို့ ကမ္ဘာ့ မိုးလေဝသအဖွဲ့ကြီး က တောင်းဆိုလိုက်ပါတယ်။ Nature Medicine သိပ္ပံဂျာနယ်ရဲ့ လေ့လာချက်အရ ၂၀၂၂ ခုနှစ် အတွင်း ဥရောပမှာတင် အပူနဲ့ ဆက်စပ်တဲ့ အကြောင်းရင်းတွေကြောင့် လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒီလို သေဆုံးရမှုတွေက ကြိုတင်ကာကွယ်နိုင်ပေမယ့် ဒီလို ကာကွယ်ရေး အစီအမံတွေကို သေချာ ချမှတ် ပြင်ဆင်ထားဖို့ လိုတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ဆိုပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုက ပိုပြင်းထန်လာ နေတဲ့အတွက် ကမ္ဘာတဝန်းမှာ လူ့အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အပူလှိုင်းတွေ ပျံ့နှံ့တာက အသစ်ဖြစ် လာတဲ့ ဖြစ်ရိုးဖြစ်စဥ်သဘော ဖြစ်လာနေတယ်လို့လည်း သတိပေးထားပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့က လမ်းညွှန်တဲ့အပူဒဏ် ကာကွယ်ရေးအစီအမံတွေထဲမှာ မြို့ပြနဲ့ ကျေးလက်ဒေသ နှစ်ခုလုံးအတွက်ပါဝင်ပြီး အပူဒဏ်ပိုခံစားထိခိုက်လွယ်တဲ့ လူတွေကို ဦးတည်တဲ့ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ ‌စောင့်ရှောက်မှုတွေ ပေးဖို့ဖြစ်ပါတယ်။ အဲထဲမှာအပူလွန်ကဲချိန်မှာဓာတ်အား မပြတ်တောက် အောင် ဆောင်ရွက်ပေးတာ၊ ရေခဲသေတ္တာတွေ စီစဥ်ပေးတာ၊ အပူဒဏ်ကြောင့် လမ်းတွေ၊ မီးရထား သံလမ်းတွေ မပျက်စီးအောင်ကာကွယ်တာ အစရှိတဲ့ အစောပိုင်းသတိပေးချက်နဲ့ တုံ့ပြန်မှုစနစ် ပေါင်းစပ်ထားတဲ့ အစီအမံတွေ ပါဝင်ပါတယ်။


“ကမ္ဘာကြီးဟာ ပိုပြီး ပြင်းထန်လာမယ့် အပူဒဏ်ကို ရှောင်လွှဲလို့ မရတဲ့အတွက် ဒါကို ခံနိုင်ရည်ရှိစေဖို့ မြိုပြ၊နေအိမ်နဲ့ လုပ်ငန်းခွင်တွေမှာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားဖို့ မရှိမဖြစ်လိုအပ်ကြောင်း” ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် John Nairn က ပြောပါတယ်။ “ပိုပြီး ထိခိုက်လွယ်သူတွေဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့ အပူဒဏ်အကြောင်းကို လုံလုံလောက် လောက် သတိမပြုမိကြသေးဘူး" လို့လည်း သူက ထောက်ပြပါတယ်။

အပူချိန်လွန်ကဲမှုကြောင့် သေဆုံးရသူ အများစုဟာ Heat Stroke လို့ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ် သေဆုံးရတာမျိုးမဟုတ်ဘဲ အပူလှိုင်းသက်ရောက်မှုကြောင့် နဂိုရှိပြီးသား ရောဂါ အခံတခုခုက အခြေအနေ ပိုဆိုးသွားတဲ့အတွက် အသက်ဆုံးရှုံးရတာ ပိုများပါတယ်။ အပူလွန်ကဲမှုက နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပိုဆိုးစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG