ဒီနှစ်မှာ ရာသီဥတု ပူပြင်းမှု ပိုမိုပြင်းထန်လာတာကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အပူလျှပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။
ီအပူလျှပ်တာကို ကြိုတင်သိနိုင်ဖို့ အပူလျှပ်တဲ့အဆင့် မရောက်ခင် ဖြစ်လာတတ်တာတွေနဲ့ အပူလျှပ်တဲ့အဆင့်ရောက်ခဲ့ရင် တွေ့ရတဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ အပူလျှပ်တဲ့အဆင့် မရောက်ခင် ဖြစ်တတ်တာတွေက ချွေးထွက်များလာတာ၊ နုံးချည့်လာတာ၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်တာတွေ ဖြစ်ပါတယ်။ တခါတရံမှာတော့ ဒီအတိုင်း တဆင့်ချင်း မဖြစ်ဘဲ ရုတ်တရက် တိုက်ရိုက် အပူလျှပ်သွားတာ (သို့မဟုတ်) အပူချိန်မြင့်မားတာကြောင့် တက်တာလည်း ဖြစ်နိုင်ပါတယ်။ အပူလျှပ်တာ (သို့မဟုတ်) အပူမြင့်မားတာကြောင့် တက်တဲ့အဆင့် ရောက်လာရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ အပူများပြီး ချွေးခြောက်ခမ်းတာ (ချွေးမထွက်နိုင်တော့တာ)၊ အရေပြားခြောက်ကပ် နီရဲပြီး ပူလာတာ၊ ကြွက်သားတွေ အားနည်းလာတာ၊ ပျို့ အန်တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှုမြန်တာ၊ တက်တာ၊ သတိလစ်တာတွေ ဖြစ်လာပါတယ်။
အဲဒီလို အပူလျှပ်တာ ဖြစ်လာခဲ့ရင် ဆေးရုံအမြန်ပို့ဖို့ လိုပါတယ်။ ဒါပေမဲ့ ဆေးရုံအရောက်မပို့နိုင်ခင်မှာ အသက်အန္တရာယ် မထိခိုက်ရအောင် ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးဖို့ အရေးကြီးပါတယ်။ အရေးပေါ်ပြုစုပေးရာမှာ လူနာကို အေးတဲ့နေရာကို ချက်ချင်းရွှေ့ ပေးပါ။ လေအေးစက်ပေးနိုင်တဲ့ နေရာဖြစ်လျှင် ပိုကောင်းပါတယ်။ သို့မဟုတ် အရိပ်အာဝါသကောင်းတဲ့ နေရာမျိုးကိုလည်း ရွှေ့ ပေးသင့်ပါတယ်။ ဒါ့အပြင် အဝတ်အစားတွေကို တတ်နိုင်သမျှ နည်းအောင် ဝတ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ် အပူချိန်တက်နေတာကို အမြန်ပြန်ချပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရေပတ်သုတ်ပေးတာ၊ ရေဖြန်းပေးတာနဲ့၊ လည်ပင်းနဲ့ ချိုင်းကြားတွေမှာ ရေခဲတင်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ရေခဲရေနဲ့ တစ်ကိုယ်လုံးကို စိမ်လိုက်တာတော့ မလုပ်သင့်ပါဘူး။
ီအပူလျှပ်တာကနေ ကာကွယ်နိုင်ဖို့ အပူလျှပ်ဖို့ အလားအလာ ပိုရှိသူတွေဖြစ်တဲ့ (၄) နှစ်အောက် ကလေးတွေ နဲ့ (၆၅) နှစ် အထက်လူကြီးတွေ၊ နောက် နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ စိတ်ပိုင်းဆိုင်ရာ ရောဂါရှိထားသူတွေနဲ့ အရက်စွဲနေသူတွေကို ပိုဂရုစိုက် စောင့်ကြည့်သင့်ပါတယ်။ ဒါ့အပြင် နောက်အဖြစ်များသူတွေ ဖြစ်တဲ့ နှာစေးချောင်းဆိုး၊ ယားယံဆေး၊ ပိန်ဆေး၊ စိတ်ငြိမ်ဆေး နဲ့ သွေးကျဆေး သောက်သုံးနေရသူတွေကိုလည်း ပိုမိုဂရုစိုက် စောင့်ကြည့်ပေးသင့်ပါတယ်။
ီအပူလျှပ်တာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ အရောင်ဖျော့ဖျော့ နဲ့ ပွပွ အဝတ်အစားတွေ ဝတ်တာ၊ ဦးထုပ်အပြားကြီးကြီးဆောင်းတာ၊ နေလောင်ခံဆီ လူးတာနဲ့ ရေများများသောက်တာတွေ လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ချွေးများများထွက်ပြီး ခန္ဓာကိုယ်က သူ့အလိုအလျှောက် အပူပြန်ချနိုင်စေဖို့ ရေအပြင် ဆားပါတဲ့ သစ်သီးဖျှော်ရည်တွေလည်း များများသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ပူလွန်းတဲ့ အချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုံးဝ မလုပ်သင့်ပါဘူး။
ဒီအကြောင်း ပိုမိုသိရှိနားလည် သိရှိဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။