မတ်လ (၁၄) ရက်နေ့ကကျရောက်ခဲ့တဲ့ ကမ္ဘာ့ကျောက်ကပ်နေ့အတွက် ကျောက်ကပ်မထိခိုက်ရေး ကာကွယ်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။
ကျောက်ကပ်အားနည်းစေနိုင်တဲ့ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကာကွယ်ရေးအကြောင်း ပြီးခဲ့တဲ့တပတ်ကပြောခဲ့အပြီးမှာ၊ နောက်ထပ်အကြောင်းရင်းတွေဖြစ်တဲ့ ကျောက်တည်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုကာကွယ်ဖို့ ဒီတပတ် အဓိက ပြောထားပါတယ်။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက အစားအသောက်ကြောင့် အဓိကဖြစ်ရပြီး ထုံးဓာတ်နဲ့ ယူရစ်အက်ဆစ်ဓတ်တွေ များလွန်းတာကြောင့်ပါ။ ထုံးဓာတ်ကြောင့် ကျောက်တည်တာကို ကာကွယ်နိုင်ဖို့ ရေကိုကျိုချက်သောက်ပြီး၊ တစ်နေ့လျှင် ရေအနည်းဆုံး (၂) လီတာမှ (၃) လီတာအထိ သောက်သင့်ပါတယ်။ ယူရစ်အက်ဆစ် များနေပြီးသားသူတွေအတွက်တော့ ယူရစ်အက်ဆစ်များတဲ့ အစားအစာတွေဖြစ်တဲ့ ဝမ်းတွင်းကလီစာတွေ၊ ဘယ်ရီသီးအမျိုးမျိုးတွေ၊ မှို၊ မျှစ် စတာတွေကို ဖြစ်နိုင်လျှင် ရှောင်ကျဉ်ပြီး၊ မရှောင်နိုင်လျှင် လျော့စားသင့်ပါတယ်။ ယူရစ်အက်ဆစ်များတာကြောင့် ကျောက်တည်တာမဖြစ်လာလျှင်တောင်မှ၊ ရေရှည်မှာ ကျောက်ကပ် ကျုံ.ပြီး ပျက်စီးတာ ဖြစ်စေနိုင်ပါတယ်။
ကျောက်တည်တာကို ကြိုသိနိုင်ဖို့အတွက် ဆေးအမြဲစစ်သင့်ရာမှာ Ultrasound တီဗီဓာတ်မှန်ရိုက်တာ နဲ့ လိုအပ်တဲ့ ဓာတ်မှန်ရိုက်တာတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကျောက်တည်တာကို စောစောသိပြီး မကုသနိုင်ဘဲ နောက်ပိုင်း ကျောက်ကပ် နှစ်ခုလုံး ကျောက်တွေပိတ်သွားမှ သိခဲ့လျှင်တော့ ကျောက်ကပ်ပျက်စီးသွားပြီး၊ ကုသဖို့ ခက်ခဲသွားတာမို့ စောစောသိပြီး ကျွမ်းကျင်သူနဲ့ ထိထိရောက်ရောက် ကုသနိုင်ဖို့က အထူးအရေးကြီးပါတယ်။
ကျောက်ကပ်အားနည်းစေနိုင်တဲ့ နောက်ထပ်အကြောင်းရင်းဖြစ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသမီးတွေမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဆီးလမ်းကြောင်းပိုပွင့်တာကြောင့် အဖြစ်များပြီး၊ အမျိုးသားတွေမှာတော့ အသက်ကြီးလာချိန်မှာ ဆီးကြိတ်ကြီးလာတာကြောင့် ဆီးကျန်တာများပြီး ပိုဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့အတွက် ရေများများသောက်တာ၊ ဆီးအောင့်မထားတာနဲ့ ဆီးသွားပြီးသန့်ရှင်းရေးလုပ်တာတွေ လုပ်ပေးသင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကို သိနိုင်မဲ့ လက္ခဏာတွေကတော့ ဆီးပူတာ၊ ဆီးကျင်တာ၊ ဆီးခုံအောင့်တာ၊ ဆီးခဏခဏသွားတာ၊ ပိုဆိုးလာလျှင် ဆီးထဲသွေးပါတာနဲ့ မကြာခဏ ချမ်းတုန်ပြီးဖျားတာတွေပါ။ ပိုးကြောင့်သက်သက် ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်နိုင်သလို၊ ကျောက်တည်နေတာကြောင့်လည်း ပိုးဝင်လွယ်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်တတ်တာမို့ ကျောက်တည်တာရှိမရှိကိုလည်း စစ်ဆေးကုသသင့်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာအတွက် သေချာအောင် ဆီးစစ်ပြီး၊ လိုအပ်တဲ့ ပဋိဇီဝဆေး (Antibiotics) ဆေးပတ်လည်အောင် သောက်ဖို့ အရေးကြီးပါတယ်။
နောက်ဆုံးအရေးကြီးတာက ကျောက်ကပ်ထိခိုက်မှုအများစုမှာ အစပိုင်းလက္ခဏာတွေက နာကျင်မှုမရှိတာကြောင့် မသိသာဘဲ၊ နှစ်ပေါင်းများစွာကြာလာချိန်ကျမှ ကျောက်ကပ် အလုပ်မလုပ်တော့တာကို နောက်ကျပြီး သိရတတ်တာမို့၊ ခါးစနာလျှင် ပေါ့ပေါ့မထားဘဲ၊ ဆီးနည်းလာတာ၊ ဆီးအရောင်ပြောင်းလာတာတွေ စဖြစ်လာချိန်မှာ၊ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ လုပ်ပေးသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့် ကို ဆက်သွယ်မေးမြန်းထားပါတယ်။