သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဝနှောင်းပိုင်းအချိန်မှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း


တိုက်ရိုက် လင့်ခ်


အသက် (၆၀) ကျော်လာသူတွေမှာ ပိုပြီးစဖြစ်တတ်တဲ့ ဒီ စိတ်ရောဂါက ထင်ထားတာထက် လက်တွေ့မှာ နည်းနည်းပိုဖြစ်နေတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

ဒီရောဂါ အသက်ကြီးလာချိန်မှာ စဖြစ်ရခြင်းက မျိုးရိုးလိုက်တာ၊ အမြင်အကြားအာရုံချို့ယွင်းတာ၊ တသီးတခြား အထီးကျန်နေတတ်ပြီး သံယယကြီးတဲ့ ကိုယ်ပိုင်သဘာဝရှိတာ၊ လူအများနဲ့ ရောရောနှောနှောမရှိဘဲ၊ တကိုယ်တည်းဖြစ်နေရတာ၊ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတာတွေဖြစ်ပြီး၊ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုဖြစ်တာတွေ့ရပါတယ်။

မျိုးရိုးလိုက်တာကို ကာကွယ်ရခက်ပေမယ့်၊ အမြင်အကြားအာရုံ ချို့ယွင်းတာအတွက် မျက်စိအမြင်ကောင်းအောင် ဥပမာ မျက်စိ တိမ်စွဲလာတာကို ခွဲပေးတာ၊ နားမကြားတာအတွက် နားကြားအထောက်အကူပစ္စည်းတွေ တပ်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ တသီးတခြား အထီးကျန်နေတတ်ပြီး သံသယကြီးတဲ့ ကိုယ်ပိုင်သဘာဝရှိသူတွေအတွက် ကာကွယ်ရခက်ပေမယ့်၊ လူအများနဲ့ ရောရောနှောနှော မရှိသူတွေ (ဥပမာ လူပျိုကြီး၊ အပျိုကြီးတွေ) ကို ဘာသာရေးအသင်းအဖွဲ့တွေက လူအများနဲ့ ရောရောနှောနှော ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တာကို မကာကွယ်နိုင်ပေမယ့်၊ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာနဲ့ အာဟာရ ပြည့်ဝအောင်စားတာတွေ လုပ်ပေးခြင်းဖြင့်လဲ ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။

ဒီရောဂါဖြစ်လာလျှင်လည်း စောစောသိနိုင်ဖို့ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေ ရှိပါတယ်။ ငယ်စဉ်ဘဝမှာ ဒီ စိတ်ကစဉ့်ကလျားရောဂါ စဖြစ်သူတွေရဲ့ လက္ခဏာတွေနဲ့ တူတာတွေရှိသလို၊ ပိုနည်းတာ၊ များတာတွေလည်း ရှိပါတယ်။ အနှုတ်သဘောဆောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ တစ်ယောက်ထဲနေချင်တာ၊ အလုပ်မလုပ်ချင်တာ၊ အစာမစားချင်တာ၊ ရေမချိုးချင်တာ၊ သပ်သပ်ရပ်ရပ် မနေချင်တာတွေက လူငယ်တွေမှာ ပိုတွေ့ရပြီး သက်ကြီးတွေမှာ သိပ်မတွေ့ရပါဘူး။ အလားတူ အတွေးအခေါ် ချို့ယွင်းတာလည်း လူငယ်တွေမှာ ပိုတွေ့ရပြီး သက်ကြီးပိုင်းမှာ သိပ်မတွေ့ရပါဘူး။

ဒါပေမဲ့ ယုံမှားလွန်ခြင်း၊ သံသယစိတ်လွန်ကဲခြင်းတွေဖြစ်ပြီး တခြားသူတွေက မကောင်းကြံတာ၊ ပြုစားတာတွေလုပ်မယ်၊ အိမ်ထဲအထိဖောက်ဝင်လာပြီး အန္တရာယ်ပြုမယ်လို့ ဖြစ်တဲ့ လက္ခဏာတွေကတော့ လူငယ်တွေမှာ သိပ်မဖြစ်ဘဲ သက်ကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ လှုံဆော်မှုမဲ့ အာရုံမှားတွေ ဖြစ်ရာမှာလည်း လူငယ်ပိုင်းစဖြစ်သူတွေမှာ အသံကြားတာသာ အဓိကဖြစ်ပေမယ့် သက်ကြီးပိုင်း စဖြစ်သူတွေမှာတော့ အသံအပြင် အရုပ်မြင်တာ၊ အနံ့ရတာတွေပါ အားလုံးရော ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အခုလို လှုံဆော်မှုမဲ့ အာရုံမှားတာတွေဟာ သက်ကြီးတွေအတွက် ယုံမှားလွန်စိတ်နဲ့ ဆက်စပ်ပြီးဖြစ်နေတာကို တွေ့ရပါတယ်။ လူမှုရေးအရ သီးခြားနေတဲ့ လက္ခဏာနဲ့ ဉာဏ်ရည်နဲ့ မှတ်ဉာဏ်ထိခိုက်မှု အပိုင်းတွေမှာတော့ လူငယ်တွေနဲ့ သက်ကြီးတွေ သိပ်မကွာတာကို တွေ့ရပါတယ်။

အခုလို လက္ခဏာတွေ ပြလာလျှင် ဆေးဝါးကုသမှုအပြင် ပတ်ဝန်းကျင်နဲ့ မိသားစုကပါ ဝိုင်းကူ ပြုစုကုသပေးဖို့လိုပါတယ်။ လူကြီးဘဝမှာ ဆေးပေးပေမယ့် အားလုံး မပျောက်သွားဘဲ၊ အမြစ်ကျန်နေသူတွေ ဆက်ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆေးပေးမှုအပိုင်းမှာ စနစ်တကျပေးဖို့ အရေးကြီးပါတယ်။ လူကြီးတွေကို ဆေးပေးရာမှာ လူငယ်တွေထက် ထက်ဝက်ခန့်လျော့ပေးပြီး အစပိုင်းမှာ ဆေးနည်းနည်းဘဲပေးကာ နောက်ပိုင်း တဖြည်းဖြည်း တိုးပေးသွားဖို့ လိုပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်လာမလာ စောင့်ကြည့်ပြီး ချိန်ဆ တိုက်ဖို့ အရေးကြီးပါတယ်။ နောက်ပေါ် မေ့ဆေးနဲ့တွဲ ECT (Electroconvulsive Therapy) ရိုက် ကုသမှုကလည်း အန္တရာယ်နည်းပြီး ထိရောက်မှုများပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်အနေနဲ့လည်း လူနာအတွက် စိတ်ပိုင်းရုပ်ပိုင်း ဖေးမပံ့ပိုးကူညီပေးတာအပြင်၊ မိသားစုဝင်တွေအနေနဲ့ လူနာသောက်နေရတဲ့ ဆေးရဲ့ ဆိုးကျိုးကောင်းကျိုးတွေကို သိထားပြီး အနီးကပ် ဆိုးကျိုးတွေ ပေါ်လာမလာ စောင့်ကြည့်တာ၊ ကောင်းကျိုးများအောင် ဆေးစနစ်တကျ ပုံမှန်တိုက်ကျွေးတာတွေ ပြုလုပ်ပေးနိုင်ဖို့ လိုပါတယ်။ အခုလို ဝိုင်းဝန်း ပြုစုကုသပေးမှသာ လူနာ မြန်မြန်ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ ၊ပညာဌာနပါမောက္ခ၊ ဌာနမှုးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG