သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးပေါင်ချိန်ကျခြင်း


A school child has his blood pressure checked in Dallas, Texas.
A school child has his blood pressure checked in Dallas, Texas.
သွေးပေါင်ချိန်ကျခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အကြောဆေးသွင်းစရာမလိုဘဲ သွေးပေါင်ချိန်ကျတယ်လို့ မှားယွင်းတဲ့ ယူဆမှုတွေရှိသလို၊ တကယ် အရေးပေါ်သွေးပေါင်ချိန်ကျတာတွေလည်း ရှိတယ်လို့ ကျန်းးမာရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ တချို့က သွေးပေါင်ချိန် တကယ်မကျဘဲ၊ ကျတယ်လို့ မှားယွင်းယူဆတာအပြင်၊ သွေးပေါင် နည်းနည်းကျတယ်လို့ ယူဆတာနဲ့ အကြောဆေး သွင်းချင်သူတွေ ရှိနေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အပေါ်သွေးက (၉၀) အောက် ရောက်သွားပြီး၊ အောက်သွေးက (၆၀) အောက် ရောက်သွားမှသာ သွေးပေါင်ချိန်ကျတာလို့ သတ်မှတ်နိုင်တာပါ။ ဒါပေမဲ့ တချို့က ပျမ်းမျှသွေးပေါင်ချိန်ဖြစ်တဲ့ အပေါ်သွေး (၁၂၀) နဲ့ အောက်သွေး (၈၀) ကို ပုံမှန်သွေးပေါင်ချိန်လို့ မှားယွင်းယူဆပြီး၊ အပေါ်သွေး (၁၀၀) နဲ့ အောက်သွေး (၆၀) ဖြစ်တာနဲ့၊ သွေးပေါင်ကျသွားပြီလို့ အထင်မှားတတ်ကြတာပါ။ ဒါ့အပြင် ဒီသွေးပေါင်ကျတယ်ဆိုတာက သွေးနံရံက ဖိအားကျတာ (Hypotension) ဖြစ်ပြီး၊ သွေးနီဥနည်းသွားတဲ့ သွေးအားနည်းရောဂါ (Anemia) နဲ့ တချို့က မှားယွင်းယူဆတတ်ပါသေးတယ်။

အရေးကြီးတာက သာမန်သွေးပေါင်ချိန်ကျတာအတွက် အကြောဆေးသွင်းစရာမလိုဘဲ၊ အရေးပေါ် သွေးပေါင်ချိန်ကျတာ ဖြစ်လာမှသာ ဆေးသွင်းဖို့ လိုပါတယ်။ သွေးပေါင်ချိန် (အပေါ် ၉၀/ အောက် ၆၀) အောက် စရောက်တဲ့၊ သာမန်သွေးပေါင်ချိန်ကျတဲ့ လက္ခဏာတွေက ခေါင်းမူးတာ၊ အိပ်နေရာကနေ (သို့မဟုတ်) ထိုင်ရာကနေ ရုတ်တရက် ထရပ်လိုက်လျှင် မိုက်ကနဲ မူးသွားတာ၊ အီလည်လည်ဖြစ်တာ၊ တချို့မှာ ပျို့တာ၊ အန်တာတွေပါ။ အခုလို သာမန်သွေးပေါင်ချိန်ကျစေတဲ့ အကြောင်းရင်းတွေကတော့ သွေးဆုံးရှုံးမှု အနည်းငယ်များတာ (မီးယပ်သွေးဆင်းမှုများတာ၊ သာမန် သွေးထွက်သံယိုဖြစ်တာ၊ အစာအိမ်အနာ သာမန်သွေးဆင်းတာ၊ သွေးအားနည်းရောဂါဖြစ်တာ)၊ ကိုယ်ဝန်ရှိတာ၊ သာမန် ရေဓာတ် ဆားဓာတ် ဆုံးရှုံးတာ (နေပူထဲသွား ရေသောက်နည်းပြီး အာခြောက်လာတာ၊ သာမန် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ)၊ နာတာရှည်ရောဂါတွေကြောင့် အစာကောင်းကောင်းမစားနိုင်တာ၊ တချို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ ခန္ဓာကိုယ်အနေအထားပြောင်းတာ (အိပ်ယာ၊ ထိုင်ရာကနေ ရုတ်တရက် ထရပ်တာ) စတာတွေ ဖြစ်ပါတယ်။

အခုလို သာမန် သွေးပေါင်ချိန်ကျတာ အများစုအတွက် ထူးထူးခြားခြား ကုသမှုမလိုဘဲ၊ ရေများများသောက်တာ၊ အနားယူတာ၊ အသီးအနှံအပါအဝင် အစာများများစားတာတွေနဲ့ ပြန်သက်သာလာစေနိုင်ပါတယ်။ တချို့ (မတ်တပ်ရပ်များသူ) တွေမှာလည်း ခြေထောက်မှာသွေးအိုင်ပြီး နှလုံးကို သွေးပြန်ရောက်တာ နည်းတာကြောင့်လည်း သွေးပေါင်ချိန်ကျတတ်တာမို့ ထိုင်ပြီး၊ လှဲပြီး နားတာနဲ့ ခြေထောက်က သွေးပြန်တက်အောင် ဖိညှစ်ပေးထားနိုင်တဲ့ ခြေထောက်အစွပ် (Stocking) တွေ ဝတ်ဆင်ပေးသင့်ပါတယ်။ နှလုံးရောဂါကြောင့် သွေးပေါင်ချိန်ကျနိုင်သူတွေအတွက်လည်း နှလုံးရောဂါရှိမရှိ သိရဖို့ ECG ရိုက်စစ်သင့်ပါတယ်။

သွေးပေါင်ချိန် အများကြီးကျသွားပြီး အောက်သွေးရော အပေါ်သွေးပါ သုည အထိ ဖြစ်သွားလျှင်တော့ အရေးပေါ် သွေးပေါင်ချိန်ကျတာ (Shock) အဖြစ်သတ်မှတ်ကာ၊ အရေးပေါ် ဆေးသွင်းတာ (အချိုရည်၊ ဓာတ်ဆားရည်) ၊ သွေးသွင်းတာအထိ အရေးပေါ် ပြုစုကုသမှုတွေ လိုလာပါတယ်။ အခုလို အရေးပေါ် သွေးပေါင်ကျတာဖြစ်လာလာလျှင် ပြလာမယ့် လက္ခဏာတွေကတော့ ရုတ်တရက် လက်ဖျား ခြေဖျားတွေ အေးလာတာ၊ ဖြူဖျော့လာတာ၊ ပြာနှမ်းလာတာ၊ မူးမိုက်လဲတာ၊ အသက်ရှုနှုန်းမြန်လွန်းလာတာ၊ အသက်ကို ရှိုက်ပြီးအတင်းရှုနေရတာ၊ လက်ကောက်ဝတ်သွေးတိုးနှုန်း မြန်လွန်းပြီး စမ်းမရတဲ့အထိဖြစ်တာတွေပါ။ အရေးပေါ် သွေးပေါင်ချိန်ကျစေတဲ့ အကြောင်းရင်းတွေကတော့ သွေးအများကြီးဆုံးရှုံးတာ (သွေးလွန်တုပ်ကွေး၊ သွေးထွက်လွန်ဒဏ်ရာ)၊ ရေဓာတ် ဆားဓာတ် အလွန်အကျွံဆုံးရှုံးတာ (ကာလဝမ်းရောဂါ၊ ပြင်းပြင်းထန်ထန် ဝမ်းလျှောတာ)၊ ဆေးမတဲ့တာ၊ အဖျားဆိပ်တက်တာ၊ မြွေဆိပ်တက်တာ၊ ရုတ်တရက်ကြောက်လန့်လွန်သွားတာ စတာတွေ ဖြစ်ပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG