ကမ္ဘာတဝန်းမှာ ဝက်သက်ရောဂါပပျောက်ရေးလုပ်ဆောင်ဖို့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့က သဘောတူညီလိုက်ကြပါတယ်။ ဒီရည်မှန်းချက်ဟာ အောင်မြင်ရရှိနိုင်တဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုပေမယ့် နိုင်ငံတွေအားလုံးက ရေရှည် ခိုင်မာတဲ့ သန္နိဋ္ဌာန် နဲ့ လုပ်ဆောင်ကြဖို့လိုတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆေးဝါးအတုတွေကို ဘယ်လိုတိုက်ဖျက်ကြမယ်ဆိုတာကိုလဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးတွေ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်၊ သောကြာနေ့က ဂျီနီဗာမြို့မှာ ကျင်းပပြီးစီး သွားတဲ့ ၆၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံအတွင်း အခုလို သဘောတူညီချက်တွေချမှတ်ခဲ့၊ ဆွေးနွေးပွဲတွေလုပ်ခဲ့ကြ တာပါ။ ညီလာခံကျင်းပရာ ဂျီနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းဆောင်းပါးတွေကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဝက်သက်ရောဂါကြောင့် သေဆုံးရတဲ့အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒါပေမယ့် ဒီရောဂါဆိုးကို ကမ္ဘာမြေပေါ်ကနေ အပြီးတိုင် ပပျောက်သွားအောင် လုပ်ဆောင်ရေးဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ထည့်သွင်းတွက်ချက်ပြီး တကမ္ဘာလုံးမှာ ဝက်သက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ် ချက်တရပ်ကို ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ အတည်ပြုခဲ့ကြပေမယ့် ဘယ်တော့ အပြီးသတ် တိုက်ဖျက်မယ်ဆိုတာကိုတော့ မသတ်မှတ်ခဲ့ပါဘူး။
အဲဒီလို ရက်အတိအကျသတ်မှတ်တဲ့အစား နောက်ဆုံးရည်မှန်းချက်ကို ရောက်အောင်သွားတဲ့နေရာမှာ ကြားကာလ ဦးတည် လုပ်ဆောင်ချက်တွေကို အောင်မြင်မှုမှတ်ကျောက်တွေအဖြစ် ညီလာခံက သတ်မှတ်ပေးခဲ့တယ်လို့ WHO ရဲ့ ကာကွယ်ရေး၊ ကာကွယ်ဆေးနဲ့ ဇီဝဗေဒဌာနက ဆေးဘက်ဆိုင်ရာအရာရှိ Peter Strebel က ပြောပါတယ်။
“ဒီ ဦးတည်ချက် တွေကို ၂၀၁၅ ခုနှစ်မှာ အပြီးသတ်အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၉၀ ရာခိုင်နှုန်း ထက်မနည်းနဲ့ ခရိုင်တခုချင်းစီအတွက် ၈၀ ရာခိုင်နှုန်းထက်မနည်း ဝက်သက်ရောဂါကာကွယ်ဆေးထိုးပေးဖို့၊ ဝက်သက်ရောဂါ ဖြစ်ပွားတာကို လူဦးရေငါးသန်းမှာ ငါးယောက်အောက်အထိ လျှော့ချဖို့၊ ၂၀၀၀ ပြည့်နှစ် အရေအတွက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဝက်သက်ရောဂါကြောင့် သေဆုံးမှုကို ၉၅ ရာခိုင်နှုန်းထိ လျှော့ချဖို့ ဆိုတာတွေဖြစ်ပါတယ်။”
ဝက်သက်ရောဂါကြောင့်သေဆုံးရတဲ့ ကလေးသူငယ်အရေအတွက်ကို လျှော့ချနိုင်ဖို့ ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းတွေ အပြင်းအထန် လုပ်ဆောင်ခဲ့ကြပါတယ်။ အသက်ငါးနှစ်အောက်ကလေးငယ်တွေ ဝက်သက်ရောဂါကြောင့် သေဆုံးရတဲ့နှုန်းဟာ အရေအတွက် တသန်းကျော်ကနေ ၂၀၀၈ ခုနှစ်မှာ တသိန်းတသောင်းရှစ်ထောင်အထိ ၈၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အကြီးမားဆုံး အောင်မြင်မှုတွေ ရရှိခဲ့တဲ့နေရာကတော့ အာဖရိကတိုက်ဖြစ်ပါတယ်။
ဒါပေမဲ့လဲ ၂၀၀၈ ခုနှစ်ကစလို့ ရန်ပုံငွေ အကြီးအကျယ် လျော့ကျသွားတာရယ်၊ ဝက်သက်ရောဂါကိုထိန်းချုပ်ဖို့ နိုင်ငံရေးအရ သန္နိဋ္ဌာန်လျော့ကျတာတွေရယ်ကြောင့် တိုးတက်မှုတွေ နှေးကွေးသွားခဲ့တယ်လို့ WHO က ပြောပါတယ်။
တကယ်တမ်းကျတော့ ကူးစက်မှုအမြင့်မားဆုံး ရောဂါတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ဝက်သက်ရောဂါဟာ မြန်မြန်ဆန်ဆန်ကို ပြန်ဖြစ်လာနေတယ်လို့ ဒေါက်တာ Strebel က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံ ၃၇ နိုင်ငံမှာ ဝက်သက်ရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားခဲ့ပြီး အဲဒီထဲက နိုင်ငံ ၃၀ ဟာ အာဖရိကတိုက်ကဖြစ်တယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုပေါင်း ခြောက်သောင်းလေးထောင်ကျော်ရှိခဲ့ပြီး အာဖရိကဒေသတခုထဲမှာတင် သေဆုံးမှုပေါင်း တထောင့်တရာကျော်ရှိခဲ့ပါတယ်။
“အသေအပျောက်အများဆုံး နိုင်ငံတွေထဲမှာ ဇင်ဘာဘွေ၊ ချက်ဒ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေ ပါဝင်ပါတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ ရန်ပုံငွေနဲ့ နိုင်ငံရေးအရလုပ်ဆောင်လိုစိတ်တွေ ဆက်ပြီး ကျဆင်းနေမယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာ ဝက်သက်ရောဂါကြောင့် နှစ်စဉ် သေဆုံးရတဲ့အရေအတွက်ဟာ ငါးသိန်းအထိပြန်ဖြစ်သွားနိုင်တယ်လို့ WHO က ခန့်မှန်းထားတဲ့ အချက်ပါ။ အဲဒီလိုသာဆိုရင်တော့ ပြီးခဲ့တဲ့တနှစ်ခွဲကာလအတွင်း ရထားတဲ့ အောင်မြင်မှုတွေအားလုံး ပြန် ပျက်စီးသွားမှာပါပဲ။”
ဝက်သက်ရောဂါဖြစ်ပွားမှု ဆက်ပြီး ပြန့်နှံ့နေမယ်ဆိုရင်တော့ ကလေးသူငယ်သေဆုံးမှုအရေအတွက်ကို ၂၀၁၅ ခုနှစ်မှာ သုံးပုံနှစ်ပုံ ထိ လျှော့ချနိုင်ရေး ရည်ရွယ်ထားတဲ့ ထောင်စုနှစ်ရည်မှန်းချက်ကို ရောက်တော့မှာမဟုတ်ဘူးလို့ ဒေါက်တာ Strebel က ပြောပါ တယ်။ ကလေးငယ်တယောက်ကို ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးဖို့ရာ ပိုက်ဆံ တဒေါ်လာတောင် မကုန်ဘူးလို့ သူက ပြောပါတယ်။ တနည်းအားဖြင့် ကလေးတယောက်ရဲ့အသက်ကိုကယ်ဖို့ ငွေ တဒေါ်လာတောင် မကုန်ဘူးလို့ ဆိုရမှာပါခင်ဗျာ။
ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ WHO အဖွဲ့ဝင်နိုင်ငံတွေအကြား အပြင်းအထန် အခြေအတင် ဆွေးနွေးခဲ့ကြရတဲ့ နောက်ကိစ္စတခုက တော့ ဆေးဝါးအတုတွေကို ဘယ်လိုတိုက်ဖျက်ကြမလဲ ဆိုတာနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ဆေးဝါးအတုနဲ့ဆက်စပ်တဲ့ ဖြစ်ရပ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆေးဝါးအတုဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့ ဆေးဝါးများ ဘေးကင်းလုံခြုံရေးဆိုင်ရာ အင်စတီကျူက မှတ်တမ်းတင်ထားပါတယ်။ ဒီအရေအတွက်ဟာဖြင့် ၂၀၀၈ ခုနှစ်ကထက် စာရင် ကိုးရာခိုင်နှုန်းကျော် တက်သွားတာဖြစ်ပါတယ်။
ဒီပြဿနာရဲ့ ကျယ်ပြန့်မှုပမာဏကို မသိနိုင်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Ashley How က ပြောပါတယ်။ ဆေးဝါးအတုလုပ်တဲ့လူတွေဟာ သူတို့ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာနဲ့ ကမ္ဘာတဝန်း သယ်ဆောင်ရောင်းချတဲ့နေရာမှာ လှည့်ကွက်ပေါင်းစုံကို အသုံးပြုတယ်လို့ သူကပြောပါတယ်။
“ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ အများပြည်သူလူထုနဲ့ ဥပဒေပိုင်းတာဝန်ရှိသူတွေကို အရူးလုပ် လှည့်ပတ်နိုင်ဖို့ရာ ဆေးဝါးအတုတွေဟာ အရည် အသွေးကောင်းရမှာဖြစ်တာကြောင့် ထုတ်လုပ်တဲ့နေရာမှာ လိုအပ်တဲ့အရည်အချင်းကို စဉ်းစားကြည့်ပါ။ ဥပဒေပိုင်းတာဝန်ရှိသူ တွေ သိပ်မြန်မြန်ကြီး သူတို့နောက်ကို လိုက်လာတာမျိုး အတုလုပ်သူတွေက မလိုချင်ပါဘူး။ ဒါကြောင့် ဆေးအတုထဲမှာ တကယ့် ပစ္စည်းတွေ မကြာခနထည့်သုံးကြပါတယ်။ ဒါကြောင့် ဆေးဝါးတွေထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ကမ္ဘာတဝန်း သယ်ဆောင် ရောင်းချနေကြတာပေါ့။”
ဆေးဝါးအတုတွေကြောင့် ကျန်းမာရေးပိုင်း ထိခိုက်ရတာတွေကို ညီလာခံမှာ အာရုံစိုက်ဆွေးနွေးကြအောင် လုပ်ဖို့ရာ WHO အဖို့ အခက်အခဲတွေ့ခဲ့ရပါတယ်။
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ မှတ်ပုံတင် မူပိုင်ထုတ်ကုန်တွေကို အမျိုးတူ အမည်ကွဲ generic ဆေးဝါးတွေ ရဲ့ ပြိုင်ဆိုင်မှုကနေ ကာကွယ်နိုင်အောင် ဆေးဝါးတုကိစ္စကိုအသုံးချနေတယ်လို့ အိန္ဒိယနဲ့ဘရာဇီးလ်လို generic ဆေးဝါး အဓိက ထုတ်လုပ်တဲ့နိုင်ငံတွေကနေ စွပ်စွဲပြောဆိုကြတဲ့ကိစ္စက အပြင်းအထန် ဆွေးနွေးကြရတဲ့ကိစ္စ ဖြစ်ခဲ့လို့ပါ။
ကုမ္ပဏီကြီးတွေရဲ့ ဒီလုပ်ရပ်ကို WHO က အကူအညီပေးနေတယ်လို့ အဲဒီနိုင်ငံတွေကပြောပါတယ်။ WHO ရဲ့ မရှိမဖြစ်လိုအပ် သော ဆေးဝါးများအစီအစဉ် ညွှန်ကြားရေးမှူး Hendrick Hogerzeil ကတော့ ဒီစွပ်စွဲချက်တွေ မဟုတ်ဘူးလို့ငြင်းပါတယ်။
“ကျနော်တို့ဖော်ပြထားတဲ့ ရည်ရွယ်ချက်က အင်မတန်ရှင်းပါတယ်။ တရားဝင် generic ဆေးဝါးတွေလို့ ကျနော် တို့ခေါ်ဆိုတဲ့ ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားတာကို ဆေးဝါးအတုဆိုင်ရာ ဆွေးနွေးတာတွေက ပိတ်ဆို့ကာဆီးတာမျိုး ကျနော်တို့ မဖြစ်ချင်ပါဘူး။ ဉာဏပစ္စည်းမူပိုင်ခွင့် သက်ရောက်မှုရှိအောင် WHO က လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့က အများ ပြည်သူကျန်းမာရေးကိစ္စကို လုပ်မှာဖြစ်ပြီး တခြားကိစ္စတွေကတော့ ကမ္ဘာ့ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာအဖွဲ့ WIPO၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO နဲ့ နိုင်ငံတွေကိုယ်တိုင် လုပ်ကြရမှာဖြစ်ပါတယ်။”
ငှက်ဖျားရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ တခြားရောဂါဆိုးတွေအတွက် ဆေးဝါးအတုတွေကို အာဖရိကတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းနေတယ်လို့ ဒေါက်တာ Hogerzeil က ပြောပါတယ်။
အင်တာနက်ပေါ်ကနေ ဆေးဝါးဝယ်တာကို အထူးသတိထားလုပ်ဖို့ စားသုံးသူတွေကို WHO က သတိပေးထားပါတယ်။ ရောင်းချ နေတဲ့ ထုတ်ကုန်တချို့ဟာ တရားဝင်ပေမယ့် အများအပြားက တရားဝင်မှုမရှိဘဲ လူသေစေနိုင်တယ်လို့ WHO က ပြောဆိုပါ ကြောင်း တင်ပြရင်း ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။