သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမှာ ဆေးသွားကုမှု


ပြည်ပမှာ ဆေးသွားကုမှု
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ဆေးသွားရောက်ကုတာတွေ များလာနေတာမို့၊ မသွားခင် သိသင့်တာတွေ မျှဝေပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

အခုလို နိုင်ငံခြားဆေးသွားကုသူများလာရခြင်း အကြောင်းရင်းကတော့ မြန်မာနိုင်ငံထဲမှာ မရှိတဲ့ ကုသမှုတွေ၊ တခြားနိုင်ငံမှာ ရှိနေပြီး၊ မြန်မာနိုင်ငံထက် အရည်အသွေးသာတဲ့ ကုသမှု၊ ပစ္စည်းကရိယာနဲ့ ရောဂါရှာဖွေဖော်ထုတ်မှုတွေ ရှိနေပြီး နိုင်ငံတကာနဲ့ အရည်အသွေးတန်းတူကြောင်း ထောက်ခံချက်တွေ ရှိနေတာနဲ့ ဝန်ဆောင်မှု ပိုကောင်းပြီး စိတ်ချမ်းသာစေတာကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသတာ၊ အဆစ်အမြစ်လဲတာ (ဒူးဆစ်၊ ခါးဆစ်) နှလုံးသွေးကြော ခွဲစိတ်ကုသတာ စသည်ဖြင့် ကြီးကြီးမာမား ကိစ္စရပ်တွေအတွက် သွားကုကြပြီး၊ သာမန်ကိစ္စအတွက် သွားတာ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ တချို့လည်း ခရီးသွားရင်း သာမန်ဆေးစစ်တာပါလုပ်ဖို့ သွားကြတာတော့ ရှိနေပါတယ်။

အခုလို နိုင်ငံခြားဆေးသွားကုရာမှာ ကောင်းကျိုးဆိုးကျိုးတွေ ရှိနေတာကို သိထားသင့်ပါတယ်။ ကိုယ့်နိုင်ငံမှာမရှိတဲ့၊ ကိုယ့်ထက်သာတဲ့ကုသမှုနဲ့ ဝန်ဆောင်မှုတွေ ရနိုင်ပေမဲ့၊ များသောအားဖြင့် ကုသမှုစရိတ်အပါအဝင် နိုင်ငံခြားသွားရတာမို့ ကုန်ကျစရိတ်ပိုများလေ့ရှိပါတယ်။ ဒါ့အပြင် သာမန်ဆေးစစ်တာမျိုးကြောင့် တခါတရံ ဆီးချိုရောဂါတွေ့ပြီး ဆေးတွေဝယ်လာရာမှာ ထိုင်းနိုင်ငံမှာ အကောင်းဆုံးဆေးဖြစ်ပေမဲ့၊ မြန်မာနိုင်ငံမှာ ထပ်ဝယ်ဖို့ ရှာမရတာမျိုး ကြုံရတတ်ပါတယ်။ ဒါ့အပြင် ပဋိဇီဝဆေးပေးရာမှာလည်း တနိုင်ငံနဲ့တနိုင်ငံ ဆေးယဉ်ပါးမှုမတူတာကြောင့် ကိုယ့်နိုင်ငံထဲ မတိုးတော့တဲ့ ဆေးတွေဖြစ်မှာ စိုးရိမ်ရပါတယ်။

တကယ်လို့ ခွဲစိတ်ကုသမှုခံယူပြီး မကြာခင် ပြန်လာလျှင်လည်း လေယာဉ်ပေါ်မှာ အထိုင်များပြီး သွေးကြောထဲ သွေးခဲနိုင်တဲ့ အန္တရာယ်ရှိတာအပြင်၊ ခွဲစိတ်မှုနောက်ပိုင်း ပြန်ပြဖို့ နိုင်ငံခြားခရီးပြန်ထွက်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲမှာ ကုသမှုခံယူသလို ဆရာဝန်နဲ့ အမြဲအဆက်မပြတ် ပြန်ပြနိုင်ရေး အခက်အခဲရှိနိုင်ပါတယ်။ ဘာသာစကားလည်း အခက်အခဲရှိတာမို့ ကိုယ်သိချင်တာ အကုန် ရှင်းအောင်မေးနိုင်ဖို့ အခက်အခဲ ကြုံကောင်းကြုံနိုင်ပါတယ်။ သာမန်ဆေးစစ်တာမျိုးအတွက် ပြည်ပမသွားသင့်ဘဲ၊ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ မြန်မာနိုင်ငံထက် ပိုသာတဲ့ ကုသမှုမျိုးအတွက်သာ သွားသင့်တာမို့ မသွားခင် မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါပေမဲ့ လူနာအသည်းအသန် ဖြစ်နေချိန်မှာ ပြည်ပပို့လျှင်လည်း ခရီးဒဏ်မိပြီး ထိရောက်မှုနည်းနိုင်တာမို့ အခြေအနေ တည်ငြိမ်အောင်စောင့်ပြီးမှ ပို့သင့်ပါတယ်။

ပြည်ပမှာ သွားမကုခင် အချိန်အနည်းငယ်ယူပြီး ပြင်ဆင်သင့်ပါတယ်။ အဓိကအနေနဲ့ ပြည်ပမှာ ကုသမှုခံယူရမဲ့ ဆေးရုံအနေအထားနဲ့ ဆရာဝန်ရဲ့ အရည်အချင်း၊ကျွမ်းကျင်မှုတွေကို ကြိုတင် စုံစမ်းလေ့လာသင့်ပါတယ်။ မသွားခင်မှာ ပြည်တွင်းက မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးမှတ်တမ်းအားလုံးနဲ့ ဖြစ်နိုင်လျှင် ဆရာဝန်မှတ်ချက်တွေပါ စုဆောင်းယူသွားသင့်ပါတယ်။ ဒါ့အပြင် ပြည်ပမှာပြမဲ့ ဆရာဝန်နဲ့ ပြည်တွင်းက မိသားစု ဆရာဝန်တို့ကိုပါ လိုအပ်လျှင် အပြန်အလှန် ဆက်သွယ်နိုင်အောင် ပြင်ဆင်သွားသင့်ပါတယ်။ ပြည်ပမှာ ဆေးရုံပြပြီးလျှင်လည်း အင်္ဂလိပ်လို ဆေးမှတ်တမ်းတောင်းလာသင့်ပါတယ်၊ လိုအပ်လာလျှင် မြန်မာနိုင်ငံက ဆရာဝန်ကို ပြနိုင်ဖို့ပါ။ ဒါ့အပြင် မြန်မာနိုင်ငံပြန်ရောက်လျှင် ဆောင်သင့်၊ရှောင်သင့်တာတွေကိုလည်း အသေးစိတ်မေးခဲ့သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG