သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲသီတာ အရေပြားရောဂါ


Molluscum Contagiosum
Molluscum Contagiosum
ရေကျောက်၊ ပဲသီတာ အရေပြားရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ပဲသီတာ အရေပြားမှာ ပေါက်တာဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး၊ ပြန်လည်းဖြစ်တတ်တာမို့ စောစောစီးစီး အရေပြားဆရာဝန်တွေနဲ့ တိုင်ပင်ကုသသင့်တယ်လို့ အရေပြားအထူးကုတွေက အကြံပြုပြောဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် အရေပြားကို ကူးစက်တဲ့ ဒီရောဂါက ကလေးငယ်များဖြစ်တဲ့ မူကြိုကျောင်းနဲ့ မူလတန်းအရွယ်တွေမှာ အဖြစ်များပါတယ်။ အလယ်တန်းအရွယ်ရောက်ချိန်မှာတော့ အဖြစ်နည်းသွားပြီး၊ လူကြီးတွေမှာတော့ တခါတရံသာ ဖြစ်တတ်ပါတယ်။ အဓိက ကတော့ အရေပြားချင်း ထိတွေ့ ပွတ်တိုက် ကိုယ်တွယ်ရာကနေ ကူးစက်တာပါ။ အထူးသဖြင့် ကလေးငယ်တွေ ကစားကြရင်း တစ်ဦးကိုတစ်ဦး ထိတွေ့ပြီး အလွယ်တကူ ကူးစက်တတ်တာပါ။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သေးငယ်တဲ့ အရေပြားပွန်းပဲ့သွားတဲ့နေရာတွေ၊ မွှေးညှင်းပေါက်လို နေရာမျိုးတွေက တဆင့်ကူးစက်တာဖြစ်ပါတယ်။ ရေကူးကန်နဲ့ ရေကူူးကန် အဝတ်လဲခန်းက တဆင့်လည်း ကူးစက်နိုင်ပါတယ်။

လူလတ်၊ လူကြီးတွေမှာတော့ လိင်ဆက်ဆံမှုကနေ အဓိက ကူးစက်ပြီး လိင်အင်္ဂါတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရောဂါရှိသူနဲ့ ထိတွေ့မိတဲ့လူတိုင်း ဒီပိုးကူးစက်ခံရပြီး ရောဂါဖြစ်တဲ့အဆင့် ရောက်ရတာတော့ မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းသူတွေမှာ ကိုယ်ခံအားက အလိုလို ကာကွယ်ပေးပြီး ရောဂါမဖြစ်တာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိုယ်ခံအားစနစ် မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေမှာ ဒီရောဂါအဖြစ်များပြီး၊ ကိုယ်ခံအားစနစ်ဖွံ့ဖြိုးလာပြီးအရွယ် လူကြီးတွေမှာ အဖြစ်နည်းတာပါ။ ဒါပေမဲ့ လူကြီးတွေမှာလည်း ကိုယ်ခံအားကျဆင်းတဲ့အနေအထား ဥပမာ AIDS ရောဂါဖြစ်နေလျှင်တော့ ကူးစက်ခံရပြီး ရောဂါဖြစ်လာဖို့ လွယ်သွားပါတယ်။

ဒီပဲသီတာပေါက်တဲ့ရောဂါက ထိရောက်အောင် ကာကွယ်နိုင်တဲ့ အနေအထားတော့ သိပ်မရှိပါဘူး။ အကြောင်းက ဒီရောဂါလက္ခဏာတွေကို မသိတတ်သေးတဲ့ မူကြိုနဲ့ မူလတန်းအရွယ် ကလေးငယ်တွေအနေနဲ့ အများဆုံးဖြစ်ရတာမို့ သူတို့အရွယ်တွေအနေနဲ့ ရောဂါရှိထားသူကို မသိနိုင်ဘဲ ကလေးချင်း တူတူကစားလေ့ရှိကြလို့ပါ။ ဒါ့အပြင် လူကြီးတွေမှာလည်း လိင်ဆက်ဆံရာကနေ အဓိက ကူးစက်ရာမှာ ဒီရောဂါလက္ခဏာ အဖုငယ်လေးတွေကို သတိထားမိဖို့ မလွယ်လို့ပါ။ ကာကွယ်ဆေးလည်း မရှိပါဘူး။ ဒီရောဂါဖြစ်လာလျှင် ပြတဲ့လက္ခဏာတွေကတော့ အရေပြားမှာ ပုံမှန်အသားအရောင်နဲ့ မကွာတဲ့ အဖုငယ်လေးတွေ၊ တခါတရံမှာ အရေပြားအရောင်ထက် နည်းနည်းပိုဖျော့တဲ့ အဖြူရောင်လို အဖုလေးတွေ အပြွတ်လိုက်၊ အစုလိုက် ပေါ်လာတာပါ။ ဒီအဖုလေးတွေရဲ့ အလယ်မှာ ပြောင်နေတဲ့ အဆံလေး၊ မျက်စိလေးလိုမျိုး တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ရင်ဘတ်၊ ဗိုက်၊ ပေါင်ခြံ၊ တင်ပါး၊ လက်နဲ့ မျက်နှာ နေရာမျိုးစုံမှာ ဖြစ်နိုင်ပါတယ်။ တခါတရံမှာလည်း ဒီအဖုငယ်လေးက နီရဲပြီး ရောင်လာတတ်ပါတယ်။ ဒါပေမဲ့ ရောင်လာပြီးလျှင် ပြန်ပျောက်သွားတာလည်းရှိတတ်ပါတယ်။ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူတွေမှာတော့ ပုံမှန်ထက် အရွယ်ကြီးတဲ့ အလုံးကြီးတွေ ပြောင်းဖူးစေ့အရွယ်ခန့်ထိ ပေါက်လာလေ့ရှိပါတယ်။

ဒီရောဂါက ကူးစက်လွယ်တာမို့ ကလေးတွေမှာ ဖြစ်လာပြီး အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပဲသီတာပေါက်နေတဲ့ ကလေးနဲ့ တူတူကစားတဲ့ တခြား ညီအကို မောင်နှမငယ်တွေ၊ အိမ်နီးချင်း ကလေးတွေ ရှိနေလျှင်တော့၊ ဒီပဲသီတာပေါက်နေတဲ့ ကလေးကနေ မကူးစက်အောင် စောစောကုသပေးသင့်ပါတယ်။ ဒါပေမဲ့ ကလေးငယ်မှာ ဒီဗိုင်းရပ်စ်ပိုးဝင်လာပြီး အနှေးနဲ့အမြန်ဆိုသလို တချိန်ချိန်မှာ ကိုယ်ခံအားပေါ်လာကာ သူ့ဟာသူလည်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ကူးစက်လွယ်တာကြောင့် တစ်နေရာမှာ ပျောက်ပြီး နောက်တစ်နေရာမှာ ပြန်ပေါ်လာတာလည်းဖြစ်တတ်ပြီးမှာ လုံးဝပျောက်ဖို့ လနဲ့ချီ နှစ်တွေနဲ့တောင် ချီတတ်ပြန်ပါတယ်။ ဒါကြောင့်မို့ ကုသမှုလိုမလိုကို နီးစပ်ရာအရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဥပမာ ပဲသီတာပေါက်တာ သိပ်မများဘဲ၊ အစပိုင်းမှာဆိုလျှင် သူ့ဟာသူပျောက်သွားမလား စောင့်ကြည့်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ အများစုက ရက်သတ္တပတ်အနည်းငယ်နဲ့ လအနည်းငယ်အတွင်း သူ့ဟာသူပြန်ပျောက်နိုင်လို့ပါ။ ဒါပေမဲ့ တချို.မှာတော့ (၄) လ (၅) လကြာလာချိန်အထိ မပျောက်သေးတာမို့၊ မိဘတွေက စိတ်ပူလာတာကြောင့် ကုသပေးရတာလည်းရှိပါတယ်။

ကုသနည်းကတော့ ကြွက်နို့နဲ့ဆင်ပြီး အပျော့စား လိမ်းဆေး (Cream) လိမ်းတာကနေ၊ အက်ဆစ်ဆေးရည်တို့တာ၊ လျှပ်စစ်အပ်နဲ့ခြစ်တာ၊ နိုက်ထရိုဂျင်အရည်နဲ့ အေးခဲစေတာ၊ လေဆာပစ်တာအထိ ကုသမှုနည်းမျိုးစုံရှိပါတယ်။ များသောအားဖြင့် နည်းတနည်းနည်းနဲ့ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ တခါတရံမှာတော့ ပြန်ပေါ်လာတာရှိတာမို့ နောက်ဆက်တွဲ ကုသပေးရတာတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့်မို့ ကုသရလွယ်ကူအောင် အဖုလေးတွေနည်းတဲ့ အစောပိုင်းအချိန်မှာ စတင်ကုသနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ မျက်နှာမှာ အဖုလေးတွေနည်းချိန်မှာ မကုမိလျှင်၊ ဟိုကုတ်ဒီကုတ်လုပ်တာကြောင့် တခြားနေရာတွေပျံ.နှံသွားချိန်မှာ ကုသရ ပိုခက်သွားနိုင်လို့ပါ။ AIDS ရောဂါရှိသူတွေမှာ ပဲသီတာပေါက်လာလျှင်လည်း AIDS ဆေးသောက်တာနဲ့ ကိုယ်ခံအားပြန်ကောင်းလာပြီး သူ့ဟာသူ ပြန်ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီပဲသီတာစပေါက်ချိန်မှာ နီးစပ်ရာ အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးပြီး သင့်တော်သလို ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိရအောင် ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG