သုံးရလွယ်ကူစေသည့် Link များ

ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး (အပိုင်း - ၁)


ရန်ကုန်ဆေးရုံကြီး (အောက်တိုဘာ ၂၀၁၃)
ရန်ကုန်ဆေးရုံကြီး (အောက်တိုဘာ ၂၀၁၃)
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံက ကျန်းမာရေးစနစ်အပေါ် လူအများ ယုံကြည်မှု ကျဆင်းလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးစနစ်မှာ ယိုယွင်းချက်တွေ၊ လစ်ဟာချက်တွေနဲ့ လုပ်ဆောင်မှု အားနည်းနေတာတွေကြောင့် ပြည်သူလူထုအနေနဲ့ ယုံကြည်မှုကျဆင်းလာရတာလို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ထောက်ပြ ပြောဆိုကြပါတယ်။ သာဓကအနေနဲ့ ကျန်းမာရေးအရ အရေးကြီး ပြဿနာတစ်ခုခု ဖြစ်လာခဲ့လျှင် မချမ်းသာသူတွေပါ ပြည်တွင်းမှာ မကုသတော့ဘဲ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် ဆေးကုသမှုတွေ တဖြည်းဖြည်း ပိုများလာနေပါတယ်။ အခုလိုဖြစ်ရတာက ထိုင်းအပြင် အိန္ဒိယ၊ စင်္ကာပူ စတဲ့ နိုင်ငံတွေကလည်း သူတို့နိုင်ငံမှာ ခရီးလည်ပတ်ရင်း ဆေးလာကုဖို့ ဆွဲဆောင်မှုကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးစနစ်အပေါ် လူထုယုံကြည်မှု ကျဆင်းလာတာကို ပြန်မြှင့်တင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုနေရာမှာ၊ တာဝန်ရှိသူတွေအနေနဲ့ ကျန်းမာရေးစနစ်ရဲ့ ကျယ်ပြန့်တဲ့ သဘောသဘာဝကို နားလည်ပြီး၊ လိုက်နာလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ကျန်းမာရေးစနစ်ကို တိုင်းတာရာမှာ ကျန်းမာရေးအဆင့်အတန်း ညွှန်းကိန်းတွေဖြစ်တဲ့ မွေးကင်းစကလေးသေနှုန်း၊ မွေးမိခင်သေနှုန်းနဲ့ လူ့သက်တန်းရှည်နှုန်းတွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒီနှုန်းထားတွေ ကောင်းမွန်လာတာက မြို.ကြီးတွေမှာတင်မဟုတ်ဘဲ၊ တောရောမြို့ပါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီညီမျှမျှ ကောင်းမွန်တိုးတက်လာဖို့ လိုပါတယ်။ ဒါ့အပြင် တောနေ၊ မြို.နေ၊ ဆင်းရဲ၊ ချမ်းသာမရွေး ပြည်သူလူထုအားလုံးရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံ လိုလားချက်တွေကို လိုက်လျောညီထွေ အညီအမျှ ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်စွမ်းကလည်း အရေးကြီးပါတယ်။

ကျန်းမာရေး စောင့်ရှောက်ခံသူတွေအနေနဲ့ လူသားပီပီ ရိုးသားလေးစားတဲ့ ဆက်ဆံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံကုသခံရတာမျိုးကို လိုလားကြတာမို့၊ ဥပမာအားဖြင့် အကာအရံမဲ့ အဝတ်အစားချွတ် စမ်းသပ်တာမျိုး မဖြစ်စေဘဲ၊ အခန်းထဲမှာ လုံလုံခြုံခြုံ တလေးတစား စမ်းသပ်တာမျိုး၊ သေခါနီးအချိန်မှာ အမောဖောက် ရုပ်ပျက်ဆင်းပျက် သေဆုံးရတာထက်၊ ဂုဏ်သိက္ခာရှိရှိ သက်တောင့်သက်သာ သေနိုင်အောင် စီမံပံ့ပိုးပေးတာမျိုးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် ရောဂါအတွက် ဆရာဝန်ပြောတာကို လူနာဘက်က ကိုယ်တိုင်နားလည်ဆုံးဖြတ်ခွင့်ရတဲ့ ကုသမှုမျိုးဖြစ်အောင် ဖြည့်ဆည်းပေးသင့်ပါတယ်။ လူနာရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးတွေကိုလည်း ဆရာဝန်ဘက်က ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် လိုအပ်ချိန်မှာ အမြန်ဆုံးတုံ့ပြန် ဖြည့်ဆည်းပေးဖို့အတွက် ဥပမာ ဖျားနာသူတွေ ဆေးရုံ၊ ဆေးခန်းတွေမှာ အကြာကြီး နာရီတွေနဲ့ချီ စောင့်ဆိုင်းရတာမျိုး မဖြစ်စေသင့်ပါဘူး။ ဆေးရုံအဆောက်အအုံနဲ့ ကုတင်၊ အိမ်သာစတဲ့ အသုံးအဆောင်တွေကလည်း ခေတ်နဲ့အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးဖို့လိုနေရာမှာ၊ ဥပမာ ခေတ်ဟောင်းက သံကုတင်တွေအစား လူနာခေါင်းနဲ့ခြေ မြှောက်လို့ ချလို့ရတဲ့ ခေတ်မီ ကုတင်မျိုးတွေ တောနယ်မှာရော၊ မြို့မှာပါ ပြောင်းလဲပေးသင့်ပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ဆေးတက္ကသိုလ် (၂) အငြိမ်းစားပါမောက္ခချုပ်နဲ့ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG