သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာက ဒုတိယ အဖြစ်အများဆုံး ကင်ဆာဖြစ်နေပြီး၊ သေဆုံးမှုလည်းများနေတာမို့ အခုကတည်းက ကာကွယ်ဆေး စထိုးကြဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။ ၂၀၁၇ ခုနှစ် နိုင်ငံတကာကင်ဆာအဖွဲ့ကြီးရဲ့ သုတေသနတွေအရ ဒီကင်ဆာကြောင့် တနှစ်ကို အမျိုးသမီး ၃၀၀၀ သေဆုံးနေတယ်လို့ ဆိုပါတယ်။

သားအိမ်ခေါင်းကင်ဆာ အဓိကဖြစ်ရတဲ့အကြောင်းက လိင်ဆက်ဆံမှုကနေကူးစက်တဲ့ HPV ခေါ် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်ပိုး နာတာရှည်စွဲကပ်တာကြောင့် အသက်ကြီးလာချိန် (အသက် ၄၀-၅၀) ခန့်မှာ ဖြစ်လာရတာပါ။ ဒါကြောင့် လိင်ဆက်ဆံမှု မဖြစ်သေးခင်အရွယ်မှာ ဒီဗိုင်းရပ်ပိုးမစွဲကပ်အောင် ကာကွယ်ပေးတဲ့ဆေးထိုးထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ပုဂ္ဂလိကဆေးခန်းတွေမှာထိုးရင် အမျိုသမီး အသက် (၉) နှစ်အရွယ်ကနေ စထိုးပြီး နောက် (၁) လမှာ တစ်ကြိမ်နဲ့ နောက် (၆) လမှာ တစ်ကြိမ် (၃) ကြိမ်ထိုးဖို့ အစောပိုင်းမှာ အကြံပြုထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အမျိူးသား ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်နဲ့ ပုံမှန်ထိုးပေးဖို့ အကြံပြုလာရာမှာတော့ အသက် (၉) နှစ်နဲ့ (၁၄) နှစ်အကြား (၆) လခြားပြီး (၂) ကြိမ်ထိုးဖို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးကြော်ငြာမှာတော့ လိင်မဆက်ဆံရသေးလျှင် (သို့မဟုတ်) လိင်ဆက်ဆံပြီး ဒီပိုးမကူးစက်သေးလျှင် အသက် (၄၅) နှစ်အထိ ထိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု နောက်ကျနိုင်တဲ့ မြန်မာနိုင်ငံမှာ (၁၄) နှစ်နောက်ပိုင်းလည်း ထိုးနိုင်မယ်လို့ ယူဆထားကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ကာကွယ်ဆေးထိုးစီမံကိန်းထဲ ဒီဆေးမပါသေးသော်လည်း စပေါ်ချိန်ကထက် ဈေးသက်သာလာတာကြောင့် ပုဂ္ဂလိက ဆေးခန်းတွေမှာ အခုစပြီး ထိုးပေးသင့်ပါတယ်။

ကာကွယ်ဆေးက မြန်မာနိုင်ငံကို စဝင်လာ နှစ်အနည်းငယ်သာရှိသေးတာမို့ အရင်ကာကွယ်ဆေး မထိုးနိုင်ခဲ့သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်တာကို စောစောကြိုသိနိုင်ဖို့ ပုံမှန် Pep Smear ခေါ် သားအိမ်ဝ အသားစခြစ်ယူ စစ်ဆေးမှု ခံယူသင့်ပါတယ်။ ရောဂါဖြစ်နိုင်တဲ့ အစပိုင်းအနေအထားတွေ ဒီစစ်ဆေးချက်မှာ တွေ့ရှိလျှင် စောစောကုသခြင်းဖြင့် ဒီရောဂါကို မဖြစ်အာင်၊ လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

ဒီကင်ဆာရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG