သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အပြီး အဖြစ်များသော နှာခေါင်းနဲ့ လည်ချောင်းရောဂါများ


သင်္ကြန်အပြီးမှာ ထိပ်ကပ်နာ၊ အာသီးရောင်တာနဲ့ အသံအိုးရောင်တာတွေ အဖြစ်များလေ့ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

သင်္ကြန်အပြီး အဖြစ်များတဲ့ ထိပ်ကပ်နာ (ခေါ်) နှာခေါင်းဘေး လေအိပ်ရောင်တာ ဖြစ်ရခြင်းအကြောင်းရင်းက အပူအအေးဒဏ်တွေကြောင့် ဖြစ်ပြီး၊ ကိုယ်ခံအားနည်းလာချိန်မှာ ဖြစ်လာတတ်တာပါ။ ထိပ်ကပ်နာ ဖြစ်လာရင် သိနိုင်ဖို့ လက္ခဏာတွေကတော့ နှာခေါင်းပိတ်တာ၊ တခါတရံ နှာရည်ထွက်တာ၊ ခေါင်းကိုက်တာ (ရောင်တဲ့နေရာ မူတည်ပြီး မျက်စိအောက်နဲ့ မျက်လုံးကိုက်တာ)၊ အဖျားရှိတာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ပြလာရင် ဆေးခန်းအမြန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

နောက်အဖြစ်များတာဖြစ်တဲ့ အာသီးရောင်တာကလည်း အပူ၊အအေး မမျှတာနဲ့ ရေခဲနဲ့ အချိုရည်တွေ အများကြီး သောက်မိလို့ပါ။ အာသီးရောင်တာ သိနိုင်မဲ့ လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ အစာစားမရတာ၊ ဖျားတာ၊ လည်ပင်းကြိတ်ကြီးပြီး နာလာတာ၊ ပါးစပ်ဟကြည့်ရင် အာသီးနီရဲပြီး ပြည်စတွေရှိတာတွေ ဖြစ်ပါတယ်။ အာသီးရောင်တာမှာလည်း ဆေးခန်းအမြန်ပြ၊ ကုသသင့်ပါတယ်။ မကုသရင် နာတာရှည် အာသီးရောင်တာ ဖြစ်သွားနိုင်လို့ပါ။

အသံအိုးရောင်တာမှာလည်း နေပူဒဏ်၊ ဖုန်မှုန့်ဒဏ်တွေကြောင့် အဓိက ဖြစ်ပြီး၊ သိနိုင်မဲ့ လက္ခဏာတွေကတော့ အသံဝင်တာ၊ လည်ချောင်းနာတာ၊ အသက်ရှုကြပ်တာ၊ အစာမျိုရင်နာတာ၊ လေပြွန်မှာ ချွဲထတာတွေ ဖြစ်ပါတယ်။ ဒီအသံအိုးရောင်တာကို သေချာခွဲခြားကုသနိုင်ဖို့ အမြန်ဆေးခန်း ပြသင့်ပါတယ်။

ကာကွယ်ရေးအပိုင်းမှာတော့ ထိပ်ကပ်နာ ဖြစ်ဖူးသူတွေမှာ အအေးမမိစေဖို့၊ အပူအအေး မျှအောင်နေဖို့နဲ့ ကိုယ်နဲ့ မတည့်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်ဖို့ လိုပါတယ်။ အာသီးရောင်တာကနေ ကာကွယ်ဖို့အတွက်လဲ အပူအအေး မျှအောင်နေတာအပြင်၊ မတည့်တဲ့ အစာ (ဥပမာ - ရေခဲ၊ ရေခဲမုန့်၊ ကောက်ညှင်း၊ ဆီကြော်မုန့်) တွေကို သိထားပြီး ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဒါ့အပြင် အာခေါင်ကို သန့်ရှင်းအောင်ထားပြီး၊ အစားစားအပြီးမှာ ဆားရည်နဲ့ ပလုပ်ကျင်းတာ လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ပင်ပန်း အိပ်ရေးပျက်ပြီး ကိုယ်ခံအားကျနေချိန်မှာ ရေခဲရေနဲ့ အခြားမတည့်တာတွေကို သတိထား ရှောင်ကျဉ်သင့်ပါတယ်။

အသံအိုးရောင်တာကနေ ကာကွယ်ဖို့အတွက် အသံအိုးကို အများဆုံးသုံးရ၊ စကားအများကြီး ပြောရသူတွေ (ဥပမာ- ဆရာ၊ ဆရာမတွေ) အထူးဂရုပြု ကာကွယ်သင့်ပါတယ်။ အသံအိုးနဲ့ လေပြွန်မှာ သန့်ရှင်းနေစေဖို့၊ အချွဲမထစေဖို့၊ လေရှုရာမှာ ဖုန်နဲ့ အခြားအမှုန့်တွေ မဝင်မိစေဖို့၊ Air-condition လေအေးစက်နဲ့ မတည့်ရင် ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်းဆိုင်ရာတွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နား၊ နားခေါင်း၊ လည်ချောင်း အထူးကုနဲ့ ဆေးတက္ကသိုလ် (၁) အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာသိန်းထွန်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG