သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချိုရောဂါနဲ့ဆက်နွယ်နေတဲ့ သေဆုံးခြင်းမှ ကာကွယ်ရေး (အပိုင်း -၃)


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ ဆီးချိုနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နှုန်းသေနှုန်းများနေရတဲ့ အကြောင်းရင်းတွေထဲမှာ၊ ကျွမ်းကျင်သူတွေနဲ့ မပြဘဲ၊ ဆေးမီးတိုတွေ ကြိတ်သောက်ပြီး၊ နောက်ကျမှ ဆေးရုံရောက်တာလည်း ပါတယ်လို့ ဆီးချိုအထူးကုတွေက သတိပေးပြောဆိုပါတယ်။

ဆီးချိုရှိထားသူတွေအနေနဲ့ မှားယွင်းယူဆထားတဲ့ ဆေးမီးတိုတွေဖြစ်တဲ့ တချို့ အသီးအရွက်တွေ၊ အစေ့တွေ (ဥပမာ ကြယ်ပဲ၊ ခွေးလျားသီး၊ မဟော်ဂနီ စတာ) ကိုပဲ ကြိတ်စားနေပြီး၊ နောက်ဆက်တွဲရောဂါတွေဖြစ်လာကာ လွန်ကျွံတဲ့အဆင့်ရောက်မှ ဆေးရုံ၊ဆေးခန်းတွေကို ရောက်လာတာတွေ များလာနေပါတယ်။ ဒါကြောင့်မို့ ဆီးချိုရှိလာချိန်မှာ ကျွမ်းကျင်သူတွေနဲ့ ပြပြီး၊ ထိရောက်မှန်ကန်တဲ့ ကုသမှုကို ရေရှည် စွဲစွဲမြဲမြဲ ခံယူသွားဖို့ အရေးကြီးပါတယ်။ ဆီးချိုဆေးဝါးတွေကိုလည်း တစ်လ နှစ်လလောက်သောက်ပြီး ရပ်ထားလိုက်လို့ မရပါဘူး။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့အတွက်၊ အသီးအရွက်များများ ပိုစားတာ၊ ထမင်းလျော့စားတာ၊ အဆီနဲ့အငန် လျော့စားတာနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) လုပ်တာနဲ့ အရက်၊ ဆေးလိပ်၊ဆေးရွက်ကြီး ရှောင်ကျဉ်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေလုပ်ပေးနိုင်ပါက ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားမှုလျော့ချနိုင်သလို၊ ဒီနောက်ဆက်တွဲတွေကြောင့် သေဆုံးရမှုနဲ့ လူစဉ်မမီဖြစ်ရမှုတွေကိုလည်း လျော့ချနိုင်ပါတယ်။

ဆီးချိုရောဂါရှိထားသူရဲ့ ဆွေမျိုးသားချင်းတွေအနေနဲ့လည်း၊ ဒီ ဆီးချိုရောဂါဟာ မျိုးရိုးလိုက်တဲ့ပြဿနာလို့ သိရှိထားပြီး၊ ဆီချိုအဖြစ်များတဲ့ အသက်အရွယ်တွေမှာ၊ ပုံမှန် ဆေးစစ်တာတွေလုပ်ဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါ နောက်ဆက်တွဲရောဂါတွေ ရှိလာချိန်မှာလည်း၊ မျက်စိကွယ်တာ၊ ခြေထောက်ပုပ်ပြီး ဖြတ်တောက်ပြစ်ရတာတွေလို လူစဉ်မမီဖြစ်တာနဲ့ နှလုံး၊ကျောက်ကပ်စတဲ့ ရောဂါတွေနဲ့၊ အရွယ်မတိုင်ခင် သေဆုံးမှုတွေ မဖြစ်ရအောင် ကာကွယ်နိုင်ပါသေးတယ်။ ဒီအဆင့်မှာ ဆီးချိုရောဂါကုသတာအပြင်၊ မျက်စိ၊ ခြေထောက်၊ နှလုံး၊ ကျောက်ကပ်စတဲ့ အင်္ဂါတွေကို ဆေးစစ်ပြီး၊ ဒီအင်္ဂါတွေမှာ နောက်ဆက်တွဲ ရောဂါဖြစ်လာလျှင်လည်း၊ ဆေးမီးတိုနဲ့ လက်တဲ့မစမ်းဘဲ၊ ကျွမ်းကျင်သူတွေနဲ့ ပြသပြီး၊ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ရေရှည်ကုသသွားဖို့ လိုပါတယ်။

ဆီးချိုနောက်ဆက်တွဲရောဂါတွေအနေနဲ့ လေဖြတ်တာအပါအဝင် နှလုံးနဲ့သွေးကြော ကျဉ်းရောဂါတွေက ကမ္ဘာမှာအဖြစ်များလွန်းပြီး အဓိက သေဆုံးရမှုဖြစ်ပေမဲ့၊ မြန်မာနိုင်ငံမှာတော့ လေဖြတ်တာအပါအဝင် နှလုံးနဲ့သွေးကြော ကျဉ်းရောဂါနဲ့တွေနဲ့ ကျောက်ကပ်ရောဂါတွေက တန်းတူအဖြစ်များနေပြီး၊ အဓိက သေဆုံးမှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ထုံနာကျင်နာကဲ့သို့ အာရုံကြောရောဂါ (ဥပမာ ခြေထောက်တွေထုံတာ) နဲ့ ခြေထောက်အနာတွေဖြစ်တာ၊ ခြေထောက်ပါပုပ်ပြီး ဖြတ်ပစ်ရတာ၊ မျက်စိကွယ်တာတွေလို လူစဉ်မမီဖြစ်စေတာတွေလည်း မြန်မာနိုင်ငံမှာ အဖြစ်များနေပါတယ်။

ဒါ့အပြင် ဆီးချိုနဲ့ပတ်သက်တဲ့ အယူအဆမှား တချို့လည်း ရှိပါတယ်။ ပထမ အမှားက ဆီးချိုဟာ မျိုးရိုးလိုက်တာသက်သက်လို့ ထင်ကြတာပါ၊ တကယ်က မျိုးရိုးရှိသူတွေမှာ ပိုအဖြစ်များပြီး၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပတ်ဝန်းကျင်အနေအထားမှာ နေရတာကြာင့် မျိုးရိုးမရှိသူတွေမှာလည်း ဒီရောဂါဖြစ်နေပါတယ်။ ဒုတိယ အယူအဆအမှားက ဆီးချိုဟာ အသက်ကြီးသူတွေမှာသာ ဖြစ်တယ်လို့ ယူဆထားတာပါ။ တကယ်က ကလေးတွေနဲ့ ဆယ်ကျော်သက် (၁၄) နှစ် - (၁၅) နှစ်တွေမှာပါ ဆီးချိုရောဂါ စတင်ဖြစ်လာနေပြီး၊ လူလတ်ပိုင်း အသက် (၃၀) မှ (၄၀) အရွယ်တွေမှာ ပိုဖြစ်နေကာ၊ အသက် (၄၅) နှစ်ကျော်လျှင်တော့ လူတိုင်းနီးပါးလိုလို ဆီးချိုရောဂါနဲ့နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်ပါတယ်။ အခုလို ဆီးချိုနဲ့ နောက်ဆက်တွဲရောဂါတွေက လူတိုင်းမှာဖြစ်နိုင်၊ သေဆုံးရနိုင်တာမို့၊ လူတိုင်းလူတိုင်းအနေနဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ကာကွယ်ကြဖို့ တာဝန်ရှိနေပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG