သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချိုရောဂါနဲ့ ဆက်နွယ်နေတဲ့ သေဆုံးခြင်းမှ ကာကွယ်ရေး (အပိုင်း -၂)


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆီးချိုနဲ့ဆက်နွယ်တဲ့ရောဂါတွေ ဖြစ်နှုန်းသေနှုန်းများနေရတဲ့ အကြောင်းရင်းတွေထဲမှာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်ဆေးရွက်ကြီးနဲ့အရက်သောက်သုံးမှုများတာတွေလည်း အဓိကပါဝင်နေတယ်လို့၊ ဆီးချိုအထူးကုတွေက သတိပေးပြောဆိုကြပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ကောင်းလာအောင် နားနေချိန်မှာကို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ရက်ကို မိနစ် (၃၀) ကြာအောင်၊ အနည်းဆုံး တစ်ပတ်ကို (၅) ရက်လုပ်ပေးသင့်ပါတယ်။ တစ်နည်းအားဖြင့် တနေ့ကို ခြေလှမ်း တစ်သောင်းပြည့်အောင် လမ်းလျှောက်ပေးသင့်ပါတယ်။ အခုလို လှုပ်ရှားမှုလုပ်ပေးနိုင်လျှင် ဆီးချိုအပြင် ဆီးချိုနဲ့ဆက်နွယ်နေတဲ့ နှလုံးရောဂါနဲ့ အဝလွန်တာတွေကိုပါ ကာကွယ်ပေးနိုင်တာကို၊ ကမ္ဘာမှာ သက်သေသာဓကတွေ ရှိထားပြီးပါပြီ။ အများပြည်သူ အခုလို လှုပ်ရှားသွားလာမှုတွေ များလာအောင် ပညာပေးတာအပြင်၊ လက်တွေ့ပိုင်း လှုပ်ရှားနိုင်အောင်လည်း နိုင်ငံတော်က တာဝန်ယူလုပ်ဆောင်ပေးသင့်ပါတယ်။ ဥပမာ ကိုယ်လက်လှုပ်ရှားချိန် ယာဉ်အန္တရာယ်ကင်းအောင် သီးသန့် ပြေးလမ်း၊ စက်ဘီးလမ်းတွေ သတ်မှတ်ဖောက်လုပ်ပေးတာ၊ စက်ဘီးတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်နိုင်အောင် နိုင်ငံတော်က စိုက်ထုတ်စီစဉ်ပေးတာ၊ ကျောင်းတွေမှာ ကိုယ်ကာယလှုပ်ရှားချိန် သီးသန့်သတ်မှတ်ပေးပြီး လက်တွေ့လုပ်နိုင်အောင် စီစဉ်ပေးတာ၊ မြို့ရွာရပ်ကွက်သစ်တွေ ထူထောင်ရာမှာလည်း ကစားကွင်း၊ အားကစားကွင်း၊ အားကစားရုံတွေ အလုံအလောက် ထည့်သွင်းနိုင်အောင် မူဝါဒချမှတ် စီစဉ်ပေးတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ များလွန်းနေတဲ့ ဆေးလိပ်ဆေးရွက်ကြီး အရက်သောက်သုံးမှု လျှော့ချနိုင်ဖို့အတွက်လည်း၊ အသက် (၁၈) နှစ်မပြည့်သေးသူတွေကို ဆေးလိပ်၊ အရက် ဝယ်မသောက်နိုင်အောင် ဥပဒေအတိုင်း လက်တွေ့မှာ တကယ်ဖြစ်လာရေး ကြပ်မတ်စီစဉ်ပေးတာ၊ ဆေးလိပ်တွေကို တစ်လိပ်ချင်းမရောင်းပဲ အထုတ်လိုက်သာရောင်းဖို့ ကြပ်မတ်တာနဲ့ အထူးသဖြင့် ငယ်ရွယ်သူတွေ မနက်အစောကြီးထဲကစပြီး လူထုအပန်းဖြေနေရာတွေမှာ အုပ်စုဖွဲ့ အရက်သေစာ သောက်သုံးတာတွေ မလုပ်ရအောင် ပညာပေး၊ အရေးယူတာတွေ နိုင်ငံတော်က လုပ်ဆောင်ပေးသင့်ပါတယ်။

ဒါ့အပြင် ဆီးချိုနောက်ဆက်တွဲတွေကြောင့် သေဆုံးမှုများနေတာကနေ ကာကွယ်ဖို့၊ ဆီးချိုဖြစ်ပြီးသားသူတွေ နောက်ဆက်တွဲဖြစ်နှုန်း လျော့ချနိုင်အောင် ဆီးချိုစစ်ဆေးတိုင်းတာမှုတွေလုပ်ပြီး ရောဂါရှိသူတွေကို စောစောစီးစီးသိအောင် ရှာဖွေဖော်ထုတ်တာနဲ့၊ ခုလို ဆီးချိုရှိပြီးသားသူတွေကို ထိထိရောက်ရောက် ကုသပေးနိုင်အောင် ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့၊ နိုင်ငံတော်ထိပ်ပိုင်း ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။

အခုလို ထိထိရောက်ရောက်ကုပေးနိုင်ဖို့ ကျေးလက်ဆေးပေးခန်းအဆင့်ကနေတိုင်းနဲ့ပြည်နယ်အဆင့်ဆေးရုံကြီးတွေအထိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့လိုနေပါပြီ။ အဖြစ်များနေတဲ့ ဆီးချိုသွေးချိုနဲ့ နောက်ဆက်တွဲတွေအပါအဝင် ကူးစက်မဟုတ်တဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်ရေးအတွက်၊ စာသင်ခန်းတွေမှာ မိတ်ဆက်သင်ကြားပေးတာအပြင်၊ ဆေးကျောင်းတွေမှာလည်း ပိုထိရောက်အောင် သင်ကြားကာ၊ ဆရာဝန်တွေအဆင့်ဆင့်အနေနဲ့ လူထုကိုပါ ဒီရောဂါတွေ ကာကွယ်ကုသရေးမှာ တာဝန်သိသိ ပါဝင်လုပ်ဆောင်လာတဲ့အဆင့်အထိသဘောတားတွေ ပြောင်းလာအောင်၊ ကူညီစည်းရုံးပေးနိုင်ရေးအတွက် ပြင်ဆင်ပေးဖို့၊ နိုင်ငံတော်က ဦးဆောင်စီစဉ်သင့်ပါတယ်။

နိုင်ငံတော်ကနေ လုပ်ဆောင်ပေးသင့်တာ နောက်တစ်ခုကတော့ ကျန်းမာရေးအာမခံစနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ပါ။ ဒီ ဆီးချိုသွေးချိုနဲ့ နောက်ဆက်တွဲရောဂါတွေက နာတာရှည်ရောဂါတွေ ဖြစ်တာမို့၊ တသက်လုံး စောင့်ရှောက်ကုသသွားရမှာဖြစ်ပြီး၊ ဆေး သုံးလေးငါးမျိုး သောက်ရတာကြောင့်၊ အများစုအတွက် ကိုယ်ပိုင်အိတ်ကပ်ထဲကငွေနဲ့ မလုံလောက်နိုင်ပါဘူး။ လက်ရှိ ကျန်းမာရေးအာမခံစနစ်နဲ့ လူမှုဖူလုံရေးစနစ်တွေကလည်း အားနည်းနေတာကြောင့်၊ အများစုက ဆီးချိုအတွက် အိတ်စိုက်ကုနေရပြီး၊ မတတ်နိုင်သူတွေအနေနဲ့ ဆေးအားလုံးကို ထိရောက်အောင် မသောက်နိုင်ဘဲ၊ အသက်ဆုံးရှုံးခံနေကြရပါတယ်။ တချို့လဲ ရှိတာလေး ထုခွဲရောင်းချပြီး ဆေးကုရင်း မွဲကုန်ကြပါတယ်။ ဒါကြောင့်မို့ လူထုအနေနဲ့ ကျန်းမာရေးဆိုင်ရာ ငွေကြေးအကျပ်အတည်းဒဏ် ဆက်မခံရရေး၊ ကျန်းမာရေးဆိုင်ရာ ငွေကြေးကဏ္ဍဖြစ်တဲ့ ကျန်းမာရေးအာမခံစနစ်ကို အားကောင်းအောင် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေပါပြီ။

အခုလို လုပ်ဆောင်မပေးနိုင်ရင် နောက် (၁၀) နှစ်အတွင်း၊ ဆီးချိုနဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နှုန်း သေနှုန်းက၊ လက်ရှိထက် အများကြီး ပိုများလာမှာကို စိုးရိမ်နေရပါတယ်။ ရန်ကုန်မြို့မှာ လုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ၂၀၀၄ ခုနှစ်မှာ ဆီးချိုရောဂါဖြစ်နှုန်း (၁၂)% နီးပါးရှိရာကနေ၊ ၂၀၁၄ ခုနှစ်မှာ (၁၈)% ကျော်လာပြီး၊ ဒီ (၁၀) နှစ်တာအတွင်း ဆီးချိုဖြစ်နှုန်း (၆)% အထိ တက်လာတာမို့၊ နိုင်ငံတဝှမ်းမှာလည်း ပိုဆိုးလာဖို့ ရှိနေပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကာကွယ်ရေးတွေ ထိထိရောက်ရောက် မလုပ်နိုင်လျှင်၊ နောက်ထပ် (၁၀) နှစ်မှာလည်း အနည်းဆုံး (၆)% ထပ်တက်ဖို့ အလားအလာရှိနေတာမို့၊ နိုင်ငံတော်က ဦးဆောင်ပြီး တတိုင်းပြည်လုံးပါလာအောင် အားသွန်ခွန်စိုက် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG