သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ နှစ်သစ် ကျန်းမာရေး သန္နိဋ္ဌာန်


New Year resolutions
New Year resolutions

ကမ္ဘာမှာ ခေတ်စားလာတဲ့ နှစ်သစ်မှာ ပိုကျန်းမာပျှော်ရွှင်နိုင်ရေး လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး သန္နိဋ္ဌာန်ချဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုတိုက်တွန်းနေပါတယ်။

နှစ်သစ်မှာ ရည်မှန်းချက် ဦးတည်ချက်အသစ်တွေနဲ့ အောင်မြင်မှုအသစ်တွေရအာင် မြန်မာမှာလည်း သန္နိဋ္ဌာန် ချမှတ်လုပ်ဆောင်သင့်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဒီသံန္နိဌာန်ချ လုပ်ဆောင်တာခေတ်စားလာပြီး အကျိုးရှိတာမို့ တခြားနိုင်ငံတွေမှာလည်း လိုက်လုပ်လာကြပါတယ်။ အဓိကတော့ နှစ်သစ်အတွက် အကြံသစ် ဉာဏ်သစ် အတွေးသစ်တွေ စဉ်းစားကြပြီး၊ ကိုယ်ကာယနဲ့ စိတ်ကျန်းမာရေးအပြင် ငွေရေးကြေးရေး အဆင်ပြေရေးတွေအပေါ်ပါ မူတည်ပြီး အခုလို ချမှတ်လာကြပါတယ်။ ဒါပေမဲ့ တချို့က အခုလို ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာပဲ၊ ဆက်မလုပ် ဖြစ်တတ်တာမို့ သတ်သတ်မှတ်မှတ်ရှိပြီး၊ မိမိလက်လှမ်းမီနိုင်တဲ့ ပန်းတိုင်မျိုးကိုသာ လက်တွေ့ကျမဲ့ သန္နိဋ္ဌာန် အဖြစ်ချဖို့ လိုပါတယ်။

ကိုယ်ကာယ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အားကစား (Exercise)၊ အစားအသောက်နဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းမူတွေကို ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။ အားကစားလုပ်ရာမှာ သတ်သတ်မှတ်မှတ် ပြင်ဆင်လုပ်တာ (ဥပမာ တစ်ပတ်မှာ ဘယ်နှစ်ရက်လုပ်မှာ၊ Gym မှာ အားကစားသွားလုပ်တာမျိုး ဖြစ်သင့်ပါတယ်။ အစားအသောက်ကိုလည်း မျှတအောင် စားတာ - ဥပမာ သစ်သီးဝလံ၊ အသီးအရွက် ပိုစားပြီး၊ အချို၊ အငန်နဲ့ အဆီ လျှော့တာမျိုးပါ။ ကိုယ်အလေးချိန် (Body Weigh) ထိန်းသိမ်းတာလည်း ဝပြီး ဗိုက်ရွှဲနေတာကနေ ပိန်ပိန်ပါးပါး သွယ်သွယ်လေးဖြစ်အောင် လုပ်ဆောင်တာမျိုးပါ။ ဒါ့အပြင် အရက် လျှော့တာ၊ ဖြတ်တာ၊ ရှောင်တာ၊ ဆေးလိပ်ဖြတ်တာနဲ့ မူးယစ်ဆေး မသုံးတာတွေကိုလည်း သန္နိဋ္ဌာန် ချမှတ်နိုင်ပါတယ်။

စိတ်ပိုင်းကျန်းမာရေးအတွက်တော့ ဒီနှစ် ကမ္ဘာမှာ ထူးခြားလာတာနဲ့ ပုံမှန်အဓိကဆက်လုပ်တာ တချို့ရှိပါတယ်။ ဒီနှစ်ထူးခြားလာတာ ၃ မျိုးကတော့ လူမှုမီဒီယာ (Social Media) လျှော့သုံးတာ၊ စာပိုဖတ်တာနဲ့ ဝါသနာပါတာတွေ စလုပ်တာ၊ ပိုလုပ်တာပါ။ လူမှုမီဒီယာလျော့သုံးတာက ဖေ့ဘုတ် (Facebook)၊ တွစ်တာ (Twitter)၊ တယ်လီဂရမ် (Telegram)၊ အင်စတယ်ဂရမ် (Instagram) စတာတွေမှာ အတင်းအဖျင်းတွေနဲ့ အချိန်ကုန် စိတ်ရှုပ်ထွေး မခံဖို့ ဆုံးဖြတ်တာပါ။ ဒီအစား အရင်ခေတ်စားခဲ့တဲ့ စာအုပ်စာပေဖတ်တာနဲ့ ဝါသနာပါလာတာ စလုပ်တာ (ဥပမာ စန္ဒယားတီးသင်တာ) ပိုလုပ်သင့်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမူလျှော့နိုင်ဖို့ မိသားစု မိတ်ဆွေတွေနဲ့ အချိန်ပိုပေး နီးနီးစပ်စပ်ပိုနေတာ၊ အဆိုးမြင်တာလျှော့ပြီး ကောင်းတာတွေ နှလုံးသွင်းတာ လုပ်တာနဲ့ သဘာဝဘေး (ရေဘေး) စစ်ဘေးခံနေရသူတွေကို တတ်နိုင်သမျှ ကူညီပေးတာတွေက စိတ်ချမ်းသာစေနိုင်ပါတယ်။

တချိန်တည်းမှာ အခုလို ကိုယ်ကာယနဲ့ စိတ်ပိုင်းကျန်းမာရေးတွေ လုပ်နိုင်ဖို့က ငွေးရေးကြေးရေးပိုင်းလည်း အဆင်ပြေဖို့ လိုလာပြန်ပါတယ်။ ဒီအတွက် ငွေကြေးစီမံခန့်ခွဲမှု ပိုကောင်းဖို့ကို အမေရိကန်မှာ ပိုဦးစားပေးဆုံးဖြတ်ကြပြီး၊ ဗြိတိန်နဲ့ ဩစတေးလျဘက်မှာတော့ ကိုယ်ကာယနဲ့ စိတ်ပိုင်း ကျန်းမာရေးကို ပိုဦးစားပေးလေ့ရှိကြပေမဲ့၊ မြန်မာမှာ တန်းတူပေါင်းစပ်လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာမှာ အခုပြီးခဲ့တဲ့ ၄ နှစ်နီးပါးအတွင်း၊ အထွေထွေ အကျပ်အတည်းတွေ ဆက်တိုက်ကြုံလာရချိန်မှာ၊ ရှေ့နှစ်မှာလည်း ငွေကြေးကြပ်တည်းမှုပါ ဆက်ကြုံရနိုင်ခြေများနေတာမို့ အပိုဝင်ငွေရှာတာ၊ မလိုအပ်တာ မသုံးတာ၊ ပိုလာတာကိုလည်း စုဆောင်းတာမျိုးတွေ ဆုံးဖြတ်လုပ်ဆောင်နိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ဩစတေးလျနိုင်ငံ Queensland ပြည်နယ် ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

Forum

XS
SM
MD
LG