ရန်ကုန်တိုင်းဒေသကြီးက မြို့ (၇) မြို့မှာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ရှေ့လာမယ့်အပတ် ကြာသာပတေးနေ့အထိ၊ (၉) လ မှ (၁၅) နှစ်အရွယ်တွေကို ဝက်သက်ကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးပေးနေတယ်လို့ ကျန်မာရေးပညာရှင်တွေက အသိပေးပြောကြားပါတယ်။
ပြင်းထန်တဲ့ ဝက်သက်ရောဂါအတွက် အခုလို အရေးပေါ်သဘောမျိုး အစုလိုက် ထိုးပေးနေရတာက ဝက်သက်ရောဂါ ကူးစက်ခံရတဲ့ကလေးတွေ အခုတလော ရုတ်တရက် များလာပြီး ကပ်ရောဂါအသွင် ပြန်ဖြစ်လာလို့ပါ။ နိုင်ငံတော်အနေနဲ့ ဝက်သက်ကာကွယ်ဆေးကို ကလေးတွေအတွက် (၉) လမှာ တစ်ကြိမ်နဲ့၊ တစ်နှစ်ခွဲမှာ နောက်တစ်ကြိမ် အခမဲ့ တိုးပေးရာမှာ (၉၅)% အထိ လွှမ်းခြုံမှုရမှသာ စိတ်ချရပြီး၊ တကယ်လို့ (၁၀)% မထိုးဘဲ ကျန်နေခဲ့လျှင် နောက် (၂) နှစ် (၃) နှစ်အကြာ အခုလို ကပ်ရောဂါအသွင် ဖြစ်လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ်၊ နောက် ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် အလားတူ အစုလိုက် ထိုးပေးခဲ့ရပါသေးတယ်။
အခုအခေါက်မှာတော့ ဝက်သက်ရောဂါ အဖြစ်များနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့များဖြစ်တဲ့ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနဲ့ အင်းစိန် စတဲ့ မြို့ ခုနှစ်မြို့မှာ ကပ်ရောဂါတုံ့ပြန်မှုအနေနဲ့ ကာကွယ်ဆေး အခမဲ့ ထိုးပေးနေပါတယ်။ ဒါ့အပြင် တခြားမြို့များနဲ့ နယ်တွေမှာလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုံမှန် အမျိုးသားကာကွယ်ဆေးထိုးရေး အစီအစဉ်အတိုင်း နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံတွေမှာ အမြန်ဆုံး သွားထိုးသင့်ပါတယ်။ (၉) လသားအရွယ် မှ (၁၅) နှစ်အရွယ် ကလေးလူငယ်များနဲ့ အစောပိုင်း ကာကွယ်ဆေး ထိုးထားပြီးသူတွေပါ ကာကွယ်နိုင်မှုစွမ်းအား ပိုကောင်းစေရန် ထပ်မံထိုးသင့်ပါတယ်။
အကယ်၍ ဝက်သက်ဖြစ်ပြီး အချိန်မီ မကုသလျှင် သေဆုံးစေနိုင်တဲ့ ဒီဝက်သက်ရောဂါကို ကြိုတင်သိရှိစေနိုင်မယ့် လက္ခဏာတွေကတော့ စစချင်းမှာ အပြင်းဖျားတာ (ကိုယ်အပူချိန်များတာ)၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ မျက်ရည်ထွက်တာ၊ မျက်လုံးနီလာတာနဲ့ နောက် (၄) ရက် (၅) ရက်အကြာမှာ နဖူးဆံစကနေစပြီး အနီပိန့်တွေ မျက်နှာတဝိုက်နဲ့၊ ကိုယ်တွေလက်တွေမှာ ဆက်ထွက်ကာ၊ နောက် (၂) ရက်ခန့်အကြာမှာ ခြေထောက်တွေအထိ ရောက်လာတာပါ။ ဝက်သက်က ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာမို့ စနစ်တကျကုသမှုခံယူလျှင် နောက်ပိုင်းမှာတော့ အဖျားပြန်ကျ သက်သာလာတတ်ပါတယ်။ ဒါပေမဲ့ တချို့မှာတော့ စနစ်တကျကုသမှု မခံယူနိုင်လျှင် နောက်ဆက်တွဲရောဂါတွေ ဝင်လာနိုင်ပြီး၊ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အဆုပ်အအေးမိယောင်တာ၊ ဝမ်းလျှောတာ၊ အာဟာရချို့တာနဲ့ ဦးနှောက်ရောင်တာအထိ ဖြစ်လာနိုင်ပါတယ်။
ဝက်သက်ရောဂါဖြစ်လာချိန်မှာ အချိန်မီ ဆေးရုံ၊ ဆေးခန်းရောက်လာပြီး ကုသမှုခံယူပါက အဖျားကျဆေးတွေပေးတာ၊ ချောင်းဆိုးနဲ့ နှာစေးသက်သာဆေးပေးတာ၊ လိုအပ်လျှင် ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ဝမ်းလျှောလျှင် ဓာတ်ဆားရည်တိုက်တာ၊ အကြောဆေးသွင်းတာတွေအထိ ကုသမှုတွေ စနစ်တကျ လုပ်ပေးလေ့ရှိပါတယ်။
ကာကွယ်နိုင်ဖို့အတွက်တော့ ဝက်သက်ကာကွယ်ဆေးထိုးတာက အကောင်းဆုံး ထိရောက်တဲ့နည်းပါ။ လေကတဆင့်ကူးစက်တဲ့ ဒီ ဝက်သက်ပိုးဟာ သာမန်ချောင်းဆိုးတာ၊ နှာစေးတာကနေ လွယ်လွယ်လေး အလျှင်အမြန် ကူးစက်သွားတတ်လို့ပါ။ အထူးသဖြင့် ကလေးနဲ့ လူငယ်တွေ စုနေတတ်တဲ့ မူကြိုနဲ့ ကျောင်းတွေမှာ ကူးစက်မှု မြန်တတ်ပါတယ်။ ချောင်းဆိုး၊ နှာစေးနေသူတွေ နှာခေါင်းပါးစပ်တွေကို အုပ်ပေးတဲ့နည်းနဲ့ ကာကွယ်နိုင်ပေမယ့် လုံးဝ ထိရောက်အောင် ကာကွယ်ဖို့တော့ ခက်ပါတယ်။ ဒါ့အပြင် သဘာဝကြောင့်ဖြစ်တဲ့ ဝက်သက်ကို တစ်သက်လုံး ကာကွယ်စေနိုင်ပေမယ့်၊ ဝက်သက်ဖြစ်လာချိန်မှာတော့ အပြင်းအထန်ခံစားရပြီး ပင်ပန်းလွန်းတာ၊ ကိုယ်အလေးချိန်ကျတာနဲ့ နောက် (၂) လ (၃) လခန့်အကြာထိ ကိုယ်ခံအားကျတာတွေပါ ဆက်ခံစားရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က အခမဲ့ ထိုးပေးတဲ့ ဒီဝက်သက်ကာကွယ်ဆေထိုးခြင်း (သို့မဟုတ်) အပြင်ဆေးခန်းတွေမှာ ဝယ်ယူရရှိနိုင်တဲ့ MMR လို့ အတိုခေါက်ခေါ်တဲ့ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး (Measles-Mumps-Rubella) ကာကွယ်ဆေးကို ပထမ တစ်နှစ်မှာ တစ်ကြိမ်နဲ့ နောက် (၃) နှစ် (၄) နှစ်အကြာမှာ နောက်တစ်ကြိမ် ထိုးပေးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။