ဒီနှစ်သင်္ကြန်ကာလမှာ အပူလွန်ကဲမှု နဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေ ကူးစက်နိုင်တာ နဲ့ ဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို အထူးသတိပြုသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။
ဒီနှစ် အယ်နီညို (El Niño) ကြောင့် အပူချိန်ပြင်းထန်ပြီး ခရမ်းလွန်ရောက်ခြည် လွန်ကဲမှုတွေကနေ ကာကွယ်နိုင်ဖို့ မနက်စောစော ရေပက်ခံထွက်ပြီး မနက် (၁၀) နာရီ အလွန်ဆုံး (၁၁) နာရီအထိသာ ရေကစားသင့်ပါတယ်။ နေ့လည်မှာတော့ အရိပ်ကောင်းတဲ့နေရာတွေမှာ နားခိုပြီး၊ ညနေပိုင်း (၄) နာရီ သို့မဟုတ် (၅) နာရီလောက်မှ ရေကစား ပြန်ထွက်သင့်ပါတယ်။ ဒီအပြင် နေလောင်ခံကရိမ် (Sun Cream) လူးတာ၊ ဦးထုပ်ဆောင်းတာ၊ အဝတ်အစား အရောင်ဖျော့ဖျော့နဲ့ ပွပွဝတ်တာ၊ နေကာမျက်မှန်တပ်တာ (သို့မဟုတ်) ရေကူးမျက်မှန်ထပ်ထားတာတွေ လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာစတဲ့ နာတာရှည် ရောဂါဖြစ်နေသူတွေအနေနဲ့ အပူရှပ်ငန်းဖမ်းတာ (Heat Stroke) ဖြစ်လွယ်လို့ ရေမကစားသင့်ပါဘူး။ အပူချိန် မြင့်မားနေတာကြောင့် အစားအသောက်တွေ နာရီပိုင်းအတွင်း ပျက်စီးသွားနိုင်တာမို့လဲ၊ လမ်းဘေးအစားအစာ ဝယ်မစားဘဲ စိတ်ချရတဲ့ ဆိုင်ကြီးတွေမှာနဲ့ ကိုယ့်အိမ်မှာ ပြန်စားသင့်ပါတယ်။
လက်ရှိကာလမှာ ဦးနှောက်အမြှေးရောင်ရောဂါလည်း လျှင်မြန်စွာ ပျံ့ပွားနေတာကြောင့် ဒီရောဂါ ကူးစက်လွယ်စေတဲ့ လူစုလူဝေးများတဲ့ နေရာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီရောဂါက ချောင်းဆိုး၊ နှာချေတာကတဆင့် လွယ်လွယ်ကူကူ ကူးစက်နိုင်တာမို့ ကလေးငယ်တွေကို သင်္ကြန်တွင်း လူစုလူဝေးများတဲ့ နေရာတွေကို ခေါ်မသွားသင့်ပါဘူး။ အထူးသဖြင့် ကိုယ်ခံအားကျနေရင် ပိုပြီး ကူးစက်လွယ်ပါတယ်။ ဒါ့အပြင် နှာခေါင်းစည်း နဲ့ ပါးစပ်ကာကွယ်တဲ့ မျက်နှာဖုံးတွေသုံးတာ နဲ့ လက်ကိုစင်ကြယ်အောင် ဆေးကြောတာတွေ လုပ်ပေးသင့်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါသည်နဲ့ ထိတွေ့ထားပြီးတဲ့ လူတွေအနေနဲ့တော့ ရေမကစားသင့်ပါဘူး။
နှစ်စဉ် သင်္ကြန်တွင်းကာလမှာ ဖြစ်လေ့ရှိတဲ့ ခိုက်ရန်ဖြစ်မှု နဲ့ မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက်လည်း အရက်သေစား သောက်သုံးမှုကို ရှောင်ကျဉ်တာ (သို့မဟုတ်) အလွန်အကျွံ မသောက်သုံးတာတွေ လုပ်ဆောင်နိုင်ပါတယ်။ ရေစပ်ကမ်းနားတွေမှာလဲ ချော်လဲပြီး ရေနစ်သေဆုံးမှု မရှိစေဖို့လည်း ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကို လူသွား၊ လူလာများတဲ့ နေရာတွေ (ဥပမာ ရန်ကုန်မှာဆိုရင် ကမ်းနားဆိပ်ကမ်း၊ ကန်တော်ကြီး နဲ့ အင်းယားကန်) တဝိုက်မှာ ချထားပြီး စောင့်ရှောက်ကူညီပေးသင့်ပါတယ်။
သင်္ကြန်ကာလအတွင်း လိုက်နာသင့်တာတွေကို အကြောင်းစုံ သိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။