သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ကာလ မတော်တဆ ထိခိုက်မှုတွေ ကာကွယ်ရေး


ရန်ကုန်သင်္ကြန်

မနှစ်က သင်္ကြန်တွင်းကာလမှာ မတော်တဆ ထိခိုက်ဒဏ်ရာရမှုတွေ အများဆုံးဖြစ်ခဲ့ရာမှာ၊ မြို့ ကြီးတွေမှာ ကားတိုက်၊ ရန်ဖြစ်တာနဲ့ ကားပေါ်၊ မဏ္ဍပ်ပေါ်က ပြုတ်ကျတာတွေ အများဆုံး ဖြစ်ခဲ့ကြောင်း အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုကြပါတယ်။

အခုလို မတော်တဆဖြစ်ရခြင်း အဓိက အကြောင်းရင်းတွေကနေ ကာကွယ်ဖို့အတွက် အစိုးရနဲ့ ပြည်သူပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ ကားတိုက်တာ မဖြစ်ဖို့အတွက် အရက်မူးပြီး မမောင်းကြဖို့၊ အရှိန်နဲ့ မမောင်းကြဖို့နဲ့၊ ဒေါသစိတ်နဲ့ ပြိုင်မမောင်းကြဖို့တို့ ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ရာမှာ အရက်မူးပြီး ဖြစ်တာများတဲ့အတွက် အရက်အလွန်အကျွံ မသောက်စားကြဖို့နဲ့ အရက်ရောင်းတာကို သင်္ကြန်ကာလအတွင်း အချိန်နဲ့ ကန့်သတ်ဖို့၊ တားမြစ်ကြီးကြပ်ပေးဖို့ လိုပါတယ်။ ကားပေါ်က ပြုတ်ကျတာ မဖြစ်ရအောင် အားလုံးကားပေါ်တက်ပြီးမှ ကားထွက်ဖို့နဲ့ ကားရပ်မှ အောက်ဆင်းကြဖို့ လိုပါတယ်။ ရေပက်မဏ္ဍပ် အုပ်ချုပ်ရေးအပိုင်းကလဲ မဏ္ဍပ်ခိုင်အောင်ဆောက်ပြီး၊ မဏ္ဍပ်တွင်း ကားအဝင်အထွက်ကို စည်းကမ်းတကျ ထိန်းကြောင်းပေးသင့်ပါတယ်။

ဒါ့အပြင် အစိုးရအုပ်ချုပ်ရေးအပိုင်းကလဲ ရေပက်မဏ္ဍပ်တွေ ခိုင်ခန့်မှု စစ်ဆေးတာအပြင်၊ မနှစ်က ထိခိုက်ဒဏ်ရာရမှု အများဆုံး အချိန်ပိုင်းဖြစ်တဲ့ ညနေနှောင်းပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ လူများများနဲ့ ပိုမိုသတိထား ကြီးကြပ်ပေးဖို့လိုပါတယ်။ ရဲ၊ ကြက်ခြေနီနဲ့ ရပ်ကွက်ပြည်သူတွေ ပူးပေါင်းပြီး လူများများနဲ့ ဝိုင်းဝန်းကြပ်မတ်ပေးနိုင်ပါတယ်။ မနှစ်သင်္ကြန်တွင်း မတော်တဆ ဖြစ်ခဲ့မှုထဲမှာ ဦးခေါင်းဒဏ်ရာက အများဆုံးဖြစ်ပြီး အသက်အန္တရာယ်အတွက်လည်း အစိုးရိမ်ရဆုံး ဖြစ်ခဲ့တာမို့၊ ဒီနှစ်မှာလည်း ဦးခေါင်းဒဏ်ရာရလာရင် အမြန်ဆေးရုံပို့ဖို့ စီစဉ်သင့်ပါတယ်။ ခေါင်းသွေးထွက်များနေရင် သွေးတိတ်အောင် ရှေးဦးသူနာပြုစုမှုတွေကို ဆေးရုံသွားလမ်းမှာ လုပ်ပေးသင့်ပါတယ်။

မနှစ်သင်္ကြန်မှာ ဒုတိယ အများဆုံးဖြစ်ခဲ့တာကတော့ ခြေလက် နဲ့ ခါးရိုးကျိုးတာတွေ အဖြစ်များပါတယ်။ အဲ့ဒီအတွက် ဒဏ်ရာအထဲမှာ သွေးတိတ်အောင်နဲ့ ဒဏ်ရာထပ်မဆိုးအောင် အရိုးကြပ်စည်းပေးပြီး ဆေးရုံပို့သင့်ပါတယ်။ ကျိုးတဲ့နေရာက သွေးထွက်များနေရင်လဲ သွေးတိတ်အောင် သွေးထွက်တဲ့ နေရာတည့်တည့်ကို ဖိပေးပြီး၊ သွေးဆက်ထွက်နေရင်တော့ ခြေလက်ဒဏ်ရာတွေအတွက် တော်နစ်ကေး (Tourniquet) သွေးတိတ်ကြိုး လက်မောင်းရင်း (သို့) ပေါင်ရင်းမှာ စည်းပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရ လူနာအားလုံးအတွက် သတိလစ်သွားရင် အသက်ရှုလမ်းကြောင်း မပိတ်အောင်၊ ပုံမှန်အသက်ရှုနိုင်အောင်နဲ့ ပုံမှန်သွေးလှည့်ပတ်မှုရှိအောင် စစ်ဆေးပြီး၊ လူနာကို ပက်လက်မထားပဲ ဘေးစောင်း နဲနဲမှောက်ထားပေးတာ အပါအဝင် ရှေးဦးသူနာပြုစုမှုတွေကို ဆေးရုံသွားတဲ့လမ်းမှာ လုပ်ပေးဖို့လိုပါတယ်။

ဒါ့အပြင် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေ ပူးပေါင်းပြီးရှိထားတဲ့ အရေးပေါ် လူနာတင်ကားတွေကိုလည်း သင်္ကြန်တွင်း အသင့်ပြင်ထားပေးဖို့၊ အရေးပေါ်ဖုန်းနံပါတ်တွေ အများသိအောင် ကြေညာထားပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာလည်း အရေးပေါ်လူနာတင်ကားတွေရှိတာမို့ အရေးပေါ်ဖုန်းနံပါတ် (၁၈၃၀) ကို အချိန်မရွေး ခေါ်ယူ၊ အကူအညီတောင်းနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ အရေးပေါ်လူနာ အတွေ့အကြုံများတဲ့ အရိုးအထူးခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါပညာ ပါမောက္ခ (ငြိမ်း) ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG