သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီပြောင်း တုတ်ကွေး


မြန်မာနိုင်ငံမှာ ဆောင်းရာသီအဝင်မှာ အဖြစ်များတဲ့ ရာသီတုတ်ကွေးကြောင့် သာမန် ဖျားနာရာကနေ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဖျားနာမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ ဒီရောဂါဟာ ဗိုင်းရပ်စ် (virus) ပိုးကြောင့် စဖြစ်ရပြီး၊ နောက်ဆက်တွဲအဖြစ် ဘက်တီးရီးယား (bacterias) ပိုးပါ ဝင်လာနိုင်တာကြောင့် ပိုမိုပြင်းထန်လာနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ အေးတာကြောင့် လူတွေသိပ်အပြင်မထွက်ဘဲ အိမ်ထဲမှာ နေရာကနေ ရောဂါရှိသူနဲ့ ထိတွေ့မှု ပိုရှိတာကြောင့် ကူးစက်ဖြစ်ပွားမှု ဖြစ်နိုင်ပါတယ်။

တုတ်ကွေးကနေ ကာကွယ်နိုင်ဖို့ အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်တဲ့နည်းတွေအတိုင်း ချောင်းဆိုးရင် လက်ကိုင်ပုဝါအုပ်ဆိုးတာ၊ ရောဂါဖြစ်သူနဲ့ မထိတွေ့တာ၊ ကြားခံကူးစေနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ ကုလားထိုင်၊ မျက်နှာသုတ်ပုဝါတွေ ရောပြီးမသုံးတာ စတဲ့ သမရိုးကျနည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ နောက်ဆုံးပေါ် အကောင်းဆုံး ကာကွယ်နည်းကတော့ ကြိုတင်ကာကွယ်ဆေး ထိုးထားတာပါ၊ အထူးသဖြင့် ဒီရောဂါ ဖြစ်ဖို့နဲ့ ဖြစ်လာရင် ထိလွယ်ရှလွယ် လူမမယ် (၆) လ မှ (၅) နှစ်အတွင်း ကလေးတွေ၊ (၆၅) နှစ်အထက် သက်ကြီးရွယ်အို လူကြီးတွေ၊ နှလုံး၊ ဆီးချို၊ ပန်းနာရင်ကြပ် ရောဂါရှိပြီးသားသူတွေအပြင် ဆေးရုံဝန်ထမ်းတွေပါ တုတ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ပုံမှန်ထိုးသင့်ပါတယ်။

တုတ်ကွေးရောဂါဖြစ်လာခဲ့ရင် သိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲ၊ နှာရည်ယို၊ လည်ချောင်းနာ၊ (၂) ရက်မှ (၅) ရက်အထိ ဖျားနာ၊ ကိုယ်ပူရှိန်တတ်တာတွေပါ။ ပိုးဆိုးလာတဲ့ အဆင့်မှာတော့ အဖျားအလွန်ကြီးပြီး၊ ဆက်တိုက် အော့အန်တာ၊ အစားအသောက်ပျက် နဲ့ အားပျက် နုံးခွေလာတဲ့ ဒီအဆင့်မှာ ဆရာဝန်ပြပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ ဒါ့အပြင် ချောင်းအလွန်ဆိုးလာပြီး၊ အသက်ရှုကြပ်တာ၊ အသက်ရှုမြန်တာ ဖြစ်လာရင်လဲ အဆုပ်အအေးမိတဲ့ နောက်ဆက်တွဲရောဂါ ဖြစ်လာနိုင်တာမို့ ဆရာဝန်နဲ့ ပြသကုသသင့်ပါတယ်။

ဆေးကုသမှုအနေနဲ့ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့အဆင့်မှာ ပါရာစီတမောနဲ့ နှာစေးပျောက်ဆေးသောက်တာ၊ တချို့အတွက် ချောင်းဆိုးပျောက်ဆေးသောက်တာအပြင် ရေများများသောက်ပြီး၊ အနားယူတာတွေ လုပ်သင့်ပါတယ်။ ဒီရောဂါကြောင့် အန္တရာယ် ပိုရှိနိုင်တဲ့ အသက်အရွယ်ကြီးသူတွေ၊ နှလုံး၊ ဆီးချို၊ ပန်းနာရင်ကြပ် ရောဂါရှိပြီးသားသူတွေအတွက် ဗိုင်းရပ်ပိုးသေဆေး အချိန်မီ ပေးနိုင်ပါတယ်။ ဘက်တီးရီးယား ပိုးဝင်ပြီး ပိုပြင်းထန်တဲ့ အဆင့်ရောက်ရင်တော့ ဆရာဝန်ပြီပြီး ပဋိဇီဝဆေးတွေ သောက်နိုင်ပါတယ်။

ဒီရာသီကာလမှာ အထူးအလေးထား ဂရုစိုက်ရမယ့် တုတ်ကွေးရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG