သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက် စိတ်ကျလက္ခဏာ


ဆယ်ကျော်သက် စိတ်ကျလက္ခဏာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


ဗြိတိန်နိုင်ငံမှာ (၁၄) နှစ်အရွယ် မိန်းကလေး (၄) ဦးမှာ (၁) ဦးက စိတ်ကျလက္ခဏာတွေ ဖြစ်ပေါ်နေတယ်လို့ တွေ့ရှိလိုက်ချိန်မှာ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ဆယ်ကျော်သက်တွေမှာလည်း စိတ်ကျဝေဒနာနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေကိုလည်း အတွေ့များလာတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီစစ်ကောက်ယူထားတဲ့ အသက် (၁၃) နှစ်ကနေ (၁၇) နှစ်အရွယ် ကျောင်းသူကျောင်းသားတွေရဲ့ ကျန်းမာရေးစစ်တမ်းမှာ စိတ်ဓာတ်ကျမှုနဲ့ ဆက်နွယ်နေတဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားသူ ၉.၄% ရှိပြီး၊ သတ်သေဖို့ကြိုးစားသူ ၈.၈% ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။

ဗြိတိန်နိုင်ငံ လစ်ဗာပူးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနလေ့လာမှုမှာလည်း ယခင်နဲ့မတူဘဲ၊ အခုခေတ်ကာလ ဆယ်ကျော်သက် မိန်းကလေးတွေ စိတ်ကျလက္ခဏာရှိမှုအတွေ့များလာတာက အခုခေတ်ပေါ် လူမှုမီဒီယာတွေကြောင့် စိတ်ဖိစီးမှု ပိုများလာတာနဲ့၊ အပြိုင်အဆိုင်များလာတဲ့ ခေတ်ကြီးမှာ စာမေးပွဲတွေနဲ့ ကိုယ်ခန္ဓာ အလှအပတွေအပေါ် စိတ်ဖိစီးမှုများလာတာတွေကြောင့်လို့ တွေ့ရှိလိုက်ပါတယ်။

ဒါပေမဲ့ ဒီဆယ်ကျော်သက်ရွယ် မိန်းကလေးတွေ စိတ်ကျတာကို ဗြိတိန်မှာရော မြန်မာပြည်မှာပါ မိဘတွေအနေနဲ့ သတိပြုမိတာ နည်းပါတယ်။ အကြောင်းရင်းက လူကြီးတွေမှာလို စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်လို့ ထုတ်ပြောလေ့မရှိဘဲ အခြားလက္ခဏာတွေနဲ့ ပြလာနိုင်လို့ပါ။

အခုလို ဆယ်ကျော်သက်ရွယ်မှာ စိတ်ကျလက္ခဏာ ဖြစ်လာတာကို ကြိုတင်မသိလိုက်ဘဲ၊ စောစောစီးစီး မကာကွယ်၊ မကုသနိုင်တာကြောင့် အသက်ကြီးလာချိန်မှာ စိတ်ကျရောဂါကို ပိုခံစားရဖို့ များလာတယ်လို့ ဗြိတိန်နိုင်ငံသုတေသနမှာ တွေ့ရှိထားတာအပြင်၊ ဆယ်ကျော်သက်အရွယ်မှာလည်း အရက်၊ မူးယစ်ဆေး သုံးစွဲလာတာ၊ ကျောင်းပြီးအောင် မတက်နိုင်တာ၊ အခြားရောဂါတွေဝင်လာတာနဲ့ ကိုယ့်ကိုယ်သတ်သေတာအထိ ဖြစ်လာနိုင်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ကာကွယ်နိုင်ဖို့ သတိပြု၊ စောင့်ကြည့်သင့်တဲ့ ဆယ်ကျော်သက်ရွယ် စိတ်ကျလက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ မိဘ၊ ဆရာနဲ့ လူကြီးတွေကို ကန့်လန့်တိုက်တာ၊ ဒေါသနဲ့ တုံ့ပြန်တာ၊ ကျောင်းမသွားတာ၊ စာမလုပ်ချင်တာ၊ အာရုံမစိုက်နိုင်ဘဲ ဘာမှမလုပ်ချင်တာ၊ ဘာကိုမှ စိတ်မဝင်စားတာ၊ ခံစားချက်မရှိသလိုဖြစ်တာ၊ မပျော်တာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်နည်းနည်းငယ်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေမပြဘဲ ဗိုက်နာတာ၊ ခေါင်းကိုက်တာလိုမျိုး ခန္ဓာကိုယ်လက္ခဏာတွေ ပြလာတတ်ပါတယ်။ အခုလိုမျိုး လက္ခဏာတွေ ဖြစ်လာခဲ့လျှင် မိဘတွေအနေနဲ့ ဒီအရွယ်တွေကို ဘယ်လိုခံစားချက်တွေ၊ အခက်အခဲတွေ ဖြစ်နေပြီး၊ စိတ်ဓာတ်ကျနေလား မေးမြန်းကာ၊ ဖေးမကူညီ အားပေးသင့်ပါတယ်။ ဒါ့အပြင် သေချာအောင် သက်ဆိုင်ရာ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေထံ ပြသ၊ အကူအညီ တောင်းခံသင့်ပါတယ်။

ဒီအရွယ်တွေအတွက် ကုသပေးရာမှာလည်း ဆေးပေးတာအပြင်၊ မိဘ၊ ဆရာ၊ ဆရာမတွေနဲ့ ပတ်ဝန်းကျင်က စိတ်ပိုင်းဆိုင်ရာထောက်ကူမှု၊ နားလည်ဖေးမ ဆွေးနွေးပေးမှုတွေနဲ့ပါ သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ၊ ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာတင်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG