အခုလို စိတ်ဒဏ်ရာကုထုံးအတွက် ပြဿနာဖြေရှင်းနည်း ကုထုံးနဲ့အတူ စိတ်ဖိစီးမှု သက်သာရေးကုထုံးကိုပါ တွဲလုပ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။
ပြဿနာဖြေရှင်းနည်း ကုထုံးမှာ အရင်ပြောခဲ့တဲ့ ပြဿနာနဲ့ ပန်းတိုင်ကို နားလည်အပြီး၊ ရွေးချယ်စရာနည်းလမ်း (Options) ရှာသင့်ပါတယ်။ အခု စစ်မှုထမ်းပြဿနာကနေ လွတ်မြောက်ဖို့ ပန်းတိုင်အတွက် ဒီနည်းလမ်းရှာတာမှာ အားသာချက် အားနည်းချက်ကို ယှဉ်ထိုးကြည့်နိုင်ပါတယ်။ ဥပမာ စစ်မှုထမ်းဖို့ လာခေါ်လျှင် ငွေပေးဖြေရှင်းတာက ပထမတစ်ကြိမ် ရနိုင်ပေမဲ့ နောက်အကြိမ်ကြိမ်ထပ်လာလျှင် ခက်နိုင်ပါတယ်။ နောက် ဆေးလက်မှတ်ရဖို့ နေမကောင်းပုံ ဖမ်းတာကလည်း လွတ်ဖို့အပြည့်အဝ မသေချာလှပါဘူး။ ဘုန်းကြီးဝတ်တာမှာလည်း ဝတ်နိုင်မဲ့ကာလနဲ့ သံဃာလက်မှတ် ရနိုင်မနိုင် ထည့်တွက်ရမှာပါ။ ဒါ့အပြင် ဘွဲ့လွန်တက်တာ၊၊ အလုပ်ခွင်ဝင်တာ၊ ရွာပြန်ပြီး မိအိုဖအို လုပ်ကျွေးတာတွေလည်း ထည့်စဉ်းစားနိုင်ပါတယ်။
ဒါပေမဲ့ လက်ရှိ ခေတ်အစားဆုံး ပြောနေကြတဲ့ နည်းလမ်းကတော့ နိုင်ငံခြားထွက်ကြဖို့ ဖြစ်နေတာ တွေ့ရပါတယ်။ လူတန်းစားအလွှာအသီးသီး ငွေကြေးတတ်နိုင်သူရော မတတ်နိုင်သူပါ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေကြတာပါ။ ငွေကြေးအားနည်းသူတွေက နယ်စပ်ပေါက်တွေက ပိုထွက်ကြသလို၊ တတ်နိုင်သူတွေကတော့ လေကြောင်းကနေ ထိုင်းလို အိမ်နီးချင်းနိုင်ငံအပြင်၊ အနောက်နိုင်ငံတွေအထိ ထွက်ဖို့ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ ပိုလျှောက်လာတာ တွေ့နေရပါတယ်။ =ဒီအထဲ တချို့က ကျောင်းဆက်တက်ဖို့ နောက်တချို့က အလုပ်ရဖို့ ပြင်ဆင်နေကြတာတွေကို ကြားနေတွေ့နေရပါတယ်။ နောက်တချို့ကလည်း တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေမှာ သွားခိုလှုံတာနဲ့ စိတ်ပါလျှင် ပါဝင်လှုပ်ရှားမှာမျိုးမှာ ပါဝင်တာကိုလည်း ပြောနေကြပါတယ်။
နိုင်ငံတကာမှာလည်း အရင်တုန်းက အလားတူ နည်းလမ်းရှာခဲ့ကြရတာမှာ နိုင်ငံအပြင်ထွက်ကြသလို၊ နိုင်ငံထဲ ပုန်းတဲ့နည်းလည်း ရွေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဖို့ လာခေါ်ချိန်မှာ တချို့က လွတ်သွားခဲ့ကြသလို၊ တချို့လည်း အဖမ်းခံထိ ဒုက္ခရောက်ခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ အရေးကြီးတာကတော့ ဒီ နည်းလမ်းတွေ ရှာတဲ့အခါမှာ ရုတ်တရက် သွေးပူပြီး ဇွတ်ထိုးလုပ်မိတာမျိုး မဟုတ်ဘဲ၊ ခေါင်းအေးအေးထား အချိန်တစုံတရာယူ လုပ်ဖို့ပါ။ ဒီနေရာမှာ ကိုယ့်မိသားစု၊ ကိုယ့်အခြေအနေ၊ ကိုယ့်ဒေသနဲ့ ကိုက်ညီမဲ့ နည်းလမ်းတွေကို အားလုံးတိုင်ပင် အရင်ရွေးချယ်ပြီးမှ၊ နောက်တဆင့်မှာ ပိုလုံခြုံပြီး အန္တရာယ် ပိုနည်းနိုင်မဲ့နည်းလမ်းကို အချိန်မီ လက်တွေ့လုပ်ဆောင်ဖို့က နောက်ဆုံးအဆင့်ပါ။
တချိန်ထဲမှာ ဒီပြဿနာဖြေရှင်းနည်း ကုထုံးကို စိတ်ဖိစိးမှုသက်သာစေတဲ့ ကုထုံး (Stress Management) နဲ့ တွဲပြီး လုပ်သင့်ပါတယ်။ စိတ်ကျန်းမာမှ လူလည်းအပြည့်အဝ ကျန်းမာပြီး စိတ်အေးအေးနဲ့ မှန်မှန်ကန်ကန် စဉ်းစားလုပ်ဆောင်နိုင်မှာမို့ပါ။ စိတ်ဖိစီးကုထုံးကတော့ နေ့စဉ်နေထိုင် စားသောက်ပုံ (Lifestyle) ကို စီမံတာပါ။ ပုံမှန်အိပ်စက်တာ၊ ပုံမှန်စားသောက်တာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားတာ၊ အရက်၊ မူးယစ်ဆေးဝါး၊ ဆေးလိပ် ရှောင်တာ၊ လူကတော့ သီးသန့်ဖယ်ခွာ ရှောင်မနေဘဲ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ဆွေးနွေးတိုင်ပင် နေထိုင်တာတွေ လုပ်ခြင်းဖြင့် စိတ်ဓာတ်ကျတာ၊ စိတ်ပူလွန်းတာတွေ မဖြစ်စေဘဲ၊ လက်လုပ်လက်စား အခြေခံမိသားစုတွေပါ လက်တွေ့ကျကျ ကိုယ့်ကြမ္မာကိုယ် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
Forum