သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ရေး ပြန်အားဖြည့်ရေး


ကိုဗစ်ကာကွယ်ရေး ပြန်အားဖြည့်ရေး
please wait

No media source currently available

0:00 0:07:32 0:00
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ (၁၀) ရက်ကျော်အတွင်း စစ်တွေမြို.မှာ ကိုဗစ် ကူးစက်မူနှုန်း ရုတ်တရက် ထိုးတက်လာပြီး၊ အခြားမြို့၊ တိုင်းနဲ့ပြည်နယ်တချို့ကိုပါ စတင်ပျံ့စေခဲ့တာကြောင့် ကာကွယ်ရေးကို ပြန်အားဖြည့်ဖို့ အရေးကြီးနေပါပြီ။

ပြည်တွင်းကူးစက်မူအဖြစ် စစ်တွေမြို့ကူးစက်မှုနှုန်း မြန်မြန်နဲ့ များများ တဟုန်ထိုး တက်သွားတာကြောင့်၊ မြန်မာတနိုင်ငံလုံးမှာလည်း ကူးစက်မူနှုန်း ရာဂဏန်းချီ ခုန်တက်သွားကာ၊ တစ်နိုင်ငံလုံးကို ဆက်ပျံ့သွားမှာကို စိုးရိမ်နေရပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ ဆက်စပ်မူမရှိတဲ့ ပြည်တွင်းကူးစက်မူကိုလည်း တွေ့ရှိလာတာကြောင့်၊ အခြားဒေသတွေမှာပါ မစစ်နိုင်သေးတဲ့ ပိုးရှိသူတွေ ရှိနိုင်ခြေ များလာပါတယ်။ အရင်အများစုဖြစ်တဲ့ ပြည်ပကဝင်လာတဲ့ ပိုးတွေ့လူနာတွေထက်၊ ကာကွယ်ထိန်းချုပ်ရ ပိုခက်၊ အန္တရာယ်ပိုများတဲ့၊ ပြည်တွင်းကူးစက်မူ များလာချိန်ဟာ၊ ကူစက်နှုန်းမြန်လွန်းတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်းပိုးသစ်ကို၊ ပြည်ပကဝင်လာသူတချို့မှာ စတွေ့ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုအဖြစ်များလာတဲ့ ပြည်တွင်းကူးစက်မူအတွက် ပြည်သူသာလျှင် အဓိကဖြစ်တာမို့၊ ကာကွယ်ရေးလုပ်ငန်းတွေကို အရင်စဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေတုန်းကလို ပြန်အားဖြည့်ဖို့ အရေးတကြီး လိုလာပါတယ်။ အစိုးရအနေနဲ့လည်း လူစုလူဝေး ဖြစ်နိုင်တာတွေပို ပြန်တင်းကြပ်သင့်ပါပြီ။

ပြည်သူအများအတွက် အဓိကအနေနဲ့ အစောပိုင်းက ကာကွယ်ခဲ့တဲ့အတိုင်း လက်စနစ်တကျဆေးတာ၊ မျက်နှာနဲ့နှာခေါင်းစီး ( Mask) တပ်တာ၊ ခပ်ခွာခွာနေတာ (Social Distancing) နဲ့ အိမ်မှာ အတတ်နိုင်ဆုံးနေဖို့ပါ။ မိမိပတ်ဝန်းကျင်မှာ ပိုးရှိသူ ရှိနေနိုင်တယ်လို့ မှန်းဆပြီး၊ အရင်လို ပြန်ကာကွယ်တာမျိုးပါ။ အရင် ကိုဗစ်ဗိုင်းရပ်စ် စကူးချိန်လတွေတုန်းက အခုလို ကာကွယ်မူတွေ အားစိုက်လုပ်ခဲ့တာကြောင့်၊ အခု စစ်တွေမှာလို ပိုးတွေ့သူရုတ်တရက် တဟုန်ထိုးတက်လာတာမျိုး မကြုံခဲ့ရဘဲ၊ မေလနောက်ပိုင်းမှာတော့ ပြည်တွင်းပိုးကူးစက်သူ တဖြည်းဖြည်း ပြန်ကျလာခဲ့ပါတယ်။

ဒါပေမဲ့ အခုလို မေလနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူနဲ့ ပြည်တွင်းကူးစက်သူ နည်းလာခဲ့တာကြောင့်၊ အရင်အဖြစ်များခဲ့တဲ့ ရန်ကုန်အပါအဝင်၊ တစ်နိုင်ငံလုံးမှာ အစိုးရအနေနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ တဖြည်းဖြည်းဖြေလျှော့ခဲ့ပြီး၊ လူအများလည်း ကာကွယ်ဖို့ ပေါ့လျော့လာခဲ့ပါတယ်။ ဒီလို ပေါ့လျော့မူဒဏ် စခံလိုက်ရပုံရတဲ့၊ စစ်တွေ ကူးစက်မူလိုမျိုး၊ အထူးသဖြင့် လူထူထပ်တဲ့မြို့ကြီးတွေမှာ မဖြစ်ဖို့ အရေးတကြီး ကာကွယ်သင့်ပါတယ်။ တချိန်တည်းမှာ စစ်တွေမှာလည်း အရင် အဖြစ်များခဲ့တဲ့ ရန်ကုန်မှာလို၊ ကာကွယ်ရေး စည်းကမ်းတွေ လိုက်နာပြီး၊ ပြန်အားဖြည့်လုပ်ပေးနိုင်လျှင်၊ မကြာခင် ပိုးတွေ့သူ ပြန်လျော့လာနိုင်ခြေ ရှိပါတယ်။

ဒါကြောင့် အခု စစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ပြန်ထိုးတက်လာချိန်မှာ၊ ပိုအရေးကြီးလာတာက၊ ပိုးရှိလာသူတွေအနေနဲ့ ထိတွေ့ခဲ့သူ၊ သွားလာခဲ့မူ ရာဇဝင်ကို အမှန်အတိုင်း အပြည့်အစုံ သတင်းပေးဖို့ လိုပါတယ်။ ဒါမှသာ ထိတွေ့ခဲ့သူ၊ ထပ်ဆင့်ထိတွေ့သူနဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ကာကွယ်ထိန်းချုပ်ရေးတွေ ထိထိရောက်ရောက် လုပ်နိုင်မှာမို့ပါ။ လက်ရှိစစ်တွေမှာ ကူးစက်မူ အဓိကနေရာအဖြစ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဈေးနေရာမျိုး၊ လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေမှာ ပိုသတိထား ကာကွယ်သင့်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဈေးသွားချိန် လိုက်နာရန် ထုတ်ပြန်ထားတဲ့အတိုင်း၊ ကျန်းမာငယ်ရွယ်သူသာ ဈေးသွားတာ (ရောဂါအခံရှိသူနဲ့ သက်ကြီးတွေ မသွားတာ)၊ တစ်အိမ်ထောင်တစ်ယောက်သာ ပုံမှန်နဲ့ အကြိမ်နည်းနည်းသွားတာ၊ ဈေးသွားချိန်မှာ အတတ်နိုင်ဆုံး ခပ်ခွာခွာနေတာအပြင် ပါးစပ်နဲ့နှာခေါင်းစီးတပ်၊ မျက်နှာအကာသုံး၊ လက်အိပ်ဝတ်၊ လက်ဆေးတာတွေလုပ်ပေးဖို့လိုပါတယ်။ ဒါ့အပြင် ဈေးဖက်ကလည်း လူစုလူဝေး မဖြစ်အောင် ထိန်းပေးတာ၊ အဝင်အထွက်စီစဉ်ပေးတာ၊ အသွားအလာ မကပ်သွားအောင် ပြင်ဆင်ပေးတာ၊ ငွေးပေးချေချိန် ခပ်လှမ်းလှမ်းမှ ပေးစေတာ၊ စတာတွေကို ဝိုင်းထိန်းပေးဖို့ လိုပါတယ်။ အခြားလူစုလူဝေးဖြစ်နိုင်တဲ့ စားသောက်ဆိုင်တွေတွေမျိုးမှာလည်း အလားတူ ကာကွယ်ပေးသင့်ပါတယ်။

ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

==Unicode==








XS
SM
MD
LG