မြန်မာနိုင်ငံတဝှမ်း ဒီစစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ နေသူတွေအကြား၊ ကိုဗစ်ကာကွယ်ရေးနဲ့ အခြားစိုးရိမ်စရာတွေအတွက်၊ ဒီလူပ်ရှားမူမှာပါဝင်နေတဲ့ ကျန်းမာရေးပညာရှင်တွေက ဖွင့်ဟလိုက်ပါတယ်။
ကိုဗစ်ကာလမှာ တစ်နိုင်ငံလုံးအနှံ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေ သန်းပေါင်းများစွာချီ၊ လမ်းမပေါ်အစုအပြုံ လိုက်ထွက်လာကာ လူချင်းသိပ်မခွာနိုင်ဘဲ အော်ဟစ်ဆန္ဒပြရတာကြောင့်၊ ကူးစက်မူတွေ ပြန်မြင့်တာလာမှာ စိုးရိမ်ရတာမို့၊ ကာကွယ်နည်းတွေဖြစ်တဲ့ Mask ပါစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လူချင်းချဲဆန္ဒပြတာနဲ့ Hand Gel လက်သန့်ဆေးရည် သုံးတာတွေကို သတိပြုလုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အရင် ကိုဗစ်ကူးစက်မူ ကျလာနေပြီး၊ ကိုဗစ်ကာကွယ်ကုသရေး စွမ်းဆောင်မူ အတော်အတန် အားကောင်းတဲ့အဆင့်ရခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့၊ လက်ရှိစစ်အုပ်ချုပ်မူမှာ ပြန်ပျက်သွားမှာ စိုးရမ်နေကြပါတယ်။ Lowy Institute ရဲ့ ဒီ ကိုဗစ်ဆိုင်ရာ စွမ်းဆောင်ရည် အညွန်းကိန်းအရ၊ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ခန့်မှာ၊ အဆင့် (၂၄) ရခဲ့တဲ့ မြန်မာနိုင်ငံဟာ၊ ပထမအဆင့်ရ နယူးဇီလန်နဲ့ အခြားအဆင့်ကောင်းတဲ့ ဗီယက်နမ် (အဆင့် ၂)၊ ထိုင်း (အဆင့် ၄) နဲ့ စင်္ကာပူ (အဆင့် ၁၃) တို့အောက်မှာရှိပေမဲ့၊ အဖြစ်များလွန်းတဲ့ ဘရာဇီး (နောက်ဆုံးအဆင့် ၉၈)၊ အမေရိကန် (အဆင့် ၉၄)၊ အန္ဒိယ (အဆင့် ၈၆) နဲ့ အင်ဒိုနီးရှား (အဆင့် ၈၅) တို့ထက် အများကြီးရှေ.ရောက်နေခဲ့ပါတယ်။ အခုလိုဖြစ်ရတာက အဓိကအားဖြင့် နိုင်ငံခေါင်းဆောင်အပေါ် လူထူယုံကြည်လိုက်နာမူနဲ့ စီမံခန့်ခွဲမူအားကောင်းတာကြောင့်လို့ သုံးသပ်ထားတာမို့၊ လက်ရှိ စစ်အုပ်ချုပ်သူတွေအပေါ် လူထုယုံကြည်မူကျနေတာနဲ့ စီ်မံခန့်ခွဲမူ မသေချာသေးချိန်မှာ၊ အရင်ရထားပြီးတာတွေ ပြန်ပျက်သွားမှာကို စိုးရိမ်မူတွေ ရှိနေတာပါ။
တစ်ချိန်ထဲမှာ လက်ရှိမြန်မာနိုင်ငံထဲ ကိုဗစ်ပိုးတွေ့နှုန်း ကျဆင်းနေပေမယ့်၊ ကမ္ဘာ့နိုင်ငံတချို့မှာ ကာကွယ်ဆေး စထိုးနိုင်သော်လည်း ကူးစက်မြန် ဗီဇပြောင်းမျိုးကွဲသစ်ကြောင့် တတိယလှိုင်းဒဏ် ကြုံနေရတာမို့၊ အလားတူကြုံလာရမှာအတွက် စိုးရိမ်နေရပါသေးတယ်။ ဒါ့အပြင် အာထားစရာ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ အရင်တစ်ခေါက်က အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့နောက် အန္တရာယ်ကြီးသူ သက်ကြီးအနည်းကို ထိုးပေးအပြီး၊ အခုတစ်ခေါက် အန္ဒိယက ထပ်ရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်ထိုးပေးရေးမှာတော့၊ အခက်အခဲ ရှိနိုင်ပါတယ်။ အဓိကက ထိုးပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ ထိုးပေးမယ့်သူ စားရင်းပြုစုထားတဲ့ ဝန်ထမ်းတွေအနေနဲ့၊ ဒီစစ်အုပ်ချုပ်ရေးဆန့်ကျင်တဲ့ မပူးပေါင်းမဆောင်ရွက်ရေး လူပ်ရှားမူ (Civil Disobedience Movement – CDM) ထဲ ပါဝင်နေပြီး၊ အလုပ်မဆင်းနိုင်တာကြောင့်ပါ။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးအမိန့်တွေကို လူထုက အာဏာဖီဆန်နေပြီး၊ ဒီအောက်မှာ ကာကွယ်ဆေးထိုးနိုင်ဖို့လည်း ယုံကြည်မူ အားနည်းနေတာကြောင့်၊ ကိုဗစ်ကူးစက်မူ ပြန်တက်လာမှာကို၊ ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်နေကြရပါတယ်။
အခုလိုအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်လူနာတွေအတွက်စိုးရိမ်တာ တစ်ဖက်၊ နောက်ကျင့်ဝတ်တွေအရ စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ မတရားမူတွေကို ဆန့်ကျင်ရမဲ့ ကျင့်ဝတ်ကတစ်ဖက်အပြင်၊ ဒီ စစ်အုပ်ချုပ်ရေး ဆန့်ကျင်လှုပ်ရှားမူထဲ ဆက်ထိခိုက်ဒဏ်ရာ ရလာနိုင်တဲ့ အခြေအနေတွေအတွက်လည်း စိုးရိမ်တကြီး ရုန်းကန်လှုပ်ရှားနေရပါတယ်။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုဗစ်ကပ်ဘေးကို ရှေ့တန်းက အံတုခဲ့သလို၊ စစ်အာဏာသိမ်းကပ်ကြောင့် မကျန်းမာတော့တဲ့ တိုင်းပြည်အတွက်လည်း၊ အလုပ်မဆင်းကြတော့တဲ့ အခြားဝန်ထမ်းတွေနဲ့ ပြည်သူအများနဲ့အတူ အံတုရင်ဆိုင်နေတဲ့သဘော ဖြစ်လာနေပါတယ်။ အခုလိုအခြေအနေမှာ အဓိကအစိုးရဆေးရုံတွေ ပိတ်ထားရပေမယ့်၊ အပြင်ပုဂ္ဂလိကဆေးခန်းတွေနဲ့ ဆေးရုံတွေမှာတော့၊ ကုသမူတွေကို ဒီကျန်းမာရေး လုပ်သားတွေကပဲ ကြိုးပမ်းလုပ်ဆောင်ပေးနေတာအပြင်၊ ဆန္ဒပြပွဲအတွင်း အရေးပေါ် ထိခိုက်ဒဏ်ရာတွေ ဖြစ်လာလျှင်လည်း အချိန်မီပြုစုကုသ ပို့ဆောင်ပေးနိုင်ရေး အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ပါ ဝိုင်းဝန်းကူညီပေးနေပါတယ်။
ဒီအကြောင်း ပိုမိုပြည့်စုံစွာ သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ ဒုဥက္ကဌ ဒေါက်တာမြင့်ဦး ကိုဆက်သွယ်မေးမြန်းထားပါတယ်။
==Unicode==