သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်မျိုးကွဲစိတ်သစ် မြန်မာမှာ စတွေ့ခြင်း


မကြာခင်က မြန်မာမှာ ကိုဗစ် ပြန်တွေ့တာများလာပြီး၊ အိန္ဒိယမှာ စတွေ့ခဲ့တဲ့ မျိုးကွဲစိတ်သစ် XBB 1.16 ကိုလည်း စတွေ့ခဲ့တာအတွက်၊ သတိပြုသင့်တာတွေကို ကျန်းမာရေးပညာရှင်တွေ ရှင်းပြပါတယ်။

အိုမီခရွန် ကိုဗစ်မျိုးကွဲရဲ့ မျိုးကွဲစိတ်သစ်ဖြစ်တဲ့ ဒီ XBB 1.16 ဟာ အရင် တရုတ်မှာ စတွေ့ပြီးဆက်ဖြစ်လာတဲ့ Delta မျိုးကွဲထက် ပိုကူးစက်မှုနှုန်းများတယ်လို့ ကိုဗစ်ဆိုင်ရာကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ အခုလို ဖြစ်ရတာကလည်း နောက်ပိုင်း တောင်အာဖရိကမှာ စတွေ့ခဲ့ပြီး အခု ကမာ္ဘမှာကြီးစိုးလာတဲ့ အိုမီခရွန်မျိုးကွဲရဲ့ သဘောသဘာဝအတိုင်း ဆက်ဖြစ်လာတာလို့ ဒီကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီမျိုးကွဲစိတ်သစ်ကို အိန္ဒိယမှာ ဒီနှစ်ဆန်းထဲ စတွေ့ခဲ့ပေမဲ့ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ကမာ္ဘ့အဆင့် သတိမပြုဘဲထားခဲ့ရာကနေ၊ အခုတော့ သတိထားရတော့မဲ့ မျိုးကွဲ (Variant of Interest) အဆင့်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အခုလို သတ်မှတ်လိုက်တာကတော့ WHO အနေနဲ့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ (Global Endemic) အရေးပေါ်အဆင့် အရင်သတ်မှတ်လာခဲ့တာကို ရုတ်သိမ်းလိုက်တဲ့ကာလဝန်းကျင်မှာပဲ ရုတ်တရက် ဖြစ်လာတာပါ။ အဓိက အကြောင်းက ဒီမျိုးကွဲစိတ်သစ် XBB 1.16 ဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို ကူးစက်သွားတာနဲ့ ကူးစက်မှု (Transmit-ability) ပိုမြန်လာတာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဒီမျိုးကွဲစိတ်သစ်အနေနဲ့ အမေရိကန်နဲ့ နိုင်ငံတချို့မှာသုံးနေတဲ့ ကိုဗစ်ကာကွယ်ဆေးအပေါ် အာနိသင် ထိရောက်မှု မပျက်စေပေမဲ့၊ ထိုးပြီးကြာလာတာနဲ့အမျှ အာနိသင် ပိုလျော့ကျလာစေတာကိုတော့ တွေ့ထားပါတယ်။ အထူးသဖြင့် အရင် ပြင်းထန်ခဲ့တဲ့ Delta မျိုးကွဲသစ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် အခုလို ကာကွယ်ဆေးဆိုင်ရာ သတိပြုစရာကို တွေ့ရတာပါ။ XBB 1.16 အတွက် ကာကွယ်ဆေးထိုးပြီး ၆ လ အကြာမှာ ထိရောက်မှုနှုန်းက ၃၀% ပဲ ကျန်ပြီး၊ ၉ လာအကြာမှာဆိုလျှင်တော့ ၂၀% သာကျန်တော့တာကို သိသိသာသာ တွေ့ရှိထားပြီးပါပြီ။ Delta မျိုးကွဲတုန်းကတော့ ဒီအလားတူ ကာလအတွင်းလောက်မှာ ၆၀% ကနေ ၅၀ % ခန့် အထိ ထိရောက်မှု ကျန်နေခဲ့သေးတာကို တွေ့ရှိထားခဲ့ပါတယ်။ အခုလို ကာကွယ်ဆေးဆိုင်ရာ အာနိသင်ကျလာမှု ဖြစ်တာက သာမန်ငယ်ရွယ် ကျန်းမာသူတွေမှာ အဓိကမဖြစ်နိုင်ဘဲ၊ နဂိုတည်းက ကိုယ်ခံအားပဋိပစ္စည်း (Antibody) သိပ်မထုတ်နိုင်တဲ့ ရောဂါအခံ (ဥပမာ ကင်ဆာ၊ အဝလွန်တာ) ရှိထားသူတွေနဲ့ သက်ကြီးတွေမှာ အဓိက ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကူးစက်မှု ပိုများလာစေနိုင်တာအတွက်ပါ WHO က သတိထားရမဲ့ အဆင့်ကို မြှင့်လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ကိုဗစ်ကာကွယ်ဆေးကို ကာလတစ်ခုအကြာ (ဥပမာ ၆ လခန့်) မှာ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေ ဆေးရုံဝန်ထမ်းတွေကို အဓိက ဦးစားပေးပြီး ထပ်ဖြည့်ကာကွယ်ဆေး အကြိမ်ကြိမ်ထိုးတာ (အမေရိကန်မှာ ၅ ကြိမ်) ရှိလာတာမို့ အရင်လို ပြင်းထန်တာတော့ မတွေ့ရတော့ပါဘူး။ အမေရိကန်မှာတော့ ပထမ ၂ လုံးဆက် (Primary Series) ထိုးအပြီး နောက်ပိုင်း အားဖြည့်ကာကွယ်ဆေး (Boosting Agent) ၂ ကြိမ်အပြင်၊ နောက်ဆုံးပေါ် ၂ မျိုးစပ်ကာကွယ်ဆေး Bivalent (မူလမျိုးကွဲနဲ့ ကာကွယ်ဆေးအပေါ်အာနိသင်လျော့စေတဲ့ အိုမီခရွန်မျိုးကွဲပါ ပစ်မှတ်ထားထုတ်တာ) ကို ထိုးလာတာကြောင့် ကာကွယ်ဆေးရဲ့ ထိရောက်မှုက ဆက်ကောင်းနေသေးတာကို တွေ့ရှိထားပါတယ်။ အထူးသဖြင့် တချို့လူတွေအနေနဲ့ အိုမီခရွန်ကိုယ်တိုင်ကူးစက်ခံရပြီး သဘာဝအလျှောက်ရလာတဲ့ ကိုယ်ခံအား (Natural Immunity) နဲ့ပေါင်းကာ ကိုယ်ခံအားပိုကောင်းလာတာကိုလည်း တွေ့ထားပါတယ်။ တခြားနိုင်ငံတွေမှာတော့ နောက်ဆုံးပေါ်ကာကွယ်ဆေးကို မရသေးပေမဲ့ အရင် အိုမီခရွန် ကိုယ်တိုင်ဖြစ်ပြီး သဘာဝကိုယ်ခံအားရခဲ့နိုင်ကာ၊ ကာကွယ်ဆေး ပထမ ၂ လုံးဆက် ထိုးထားဖို့တော့ စစချင်းအနေနဲ့ အရေးကြီးပါတယ်။ အခုလို စစချင်း ပထမ ၂ ကြိမ် မထိုးထားရသေးသူတွေရှိလျှင် ဦးစားပေးထိုးပေးသင့်ပြီး၊ တတ်နိုင်သမျှ အားဖြည့်ကာကွယ်ဆေးတွေကိုလည်း ကာလတစ်ခုအကြာမှာ ထိုးထားပေးသင့်ပါတယ်။

အခုလို ဒီကာကွယ်ဆေးနဲ့ သဘာဝကိုယ်ခံအားကြောင့် ဆက်ထိရောက်နေတာအပြင်၊ အိုမီခရွန် မျိုးကွဲသစ်ရဲ့ သဘာဝအတိုင်း အခု XBB 1.16 မျိုးကွဲစိတ်သစ်ကလည်း ကူးစက်မှုနှုန်းများပေမဲ့၊ ပြင်းထန်မူနှုန်းကတော့ ကျလာတာ ဆက်တွေ့ထားပါတယ်။ ဒါတွေကြောင့် အမေရိကန်နဲ့ တချို.နိုင်ငံတွေမှာ ဆေးရုံတက်ရသူ၊ အောက်ဆီဂျင်လိုအပ်သူ၊ အသက်ရှုစက်တင်ရသူတွေ အခုနောက်ပိုင်း သိပ်မတွေ့ရတော့ပါဘူး။ မြန်မာနဲ့ အာရှဘက်အပါအဝင်မှာလည်း အထူးသဖြင့် ငယ်ရွယ်ကျန်းမာသူ (ရောဂါအခံမရှိသူ) တွေမှာ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာ အနံပျောက် သာမန်အဆင့်လောက်ပဲ ဖြစ်ကာ၊ ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားတာကို တွေ့ရှိထားပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယမှာတုန်းက ဒီမျိုးကွဲစိတ်သစ် ကူးစက်မှုများခဲ့တာနဲ့အမျှ သက်ကြီးနဲ့ရောဂါအခံရှိသူတချို့ ဒုက္ခရောက်ခဲ့ရတာနဲ့၊ နောက် ဒီနေ့အထိ ကမာ္ဘတဝှမ်း သေဆုံးမှုက တစုံတရာ ဆက်ရှိနေသေးတာကြောင့်၊ မြန်မာနိုင်ငံမှာလည်း ကိုယ်ခံအားနည်းပြီး ထိခိုက်လွယ်သူတချို့ သေဆုံးဒုက္ခရောက်တာ ဆက်ရှိနိုင်ပါသေးတာမို့၊ မိမိဝန်းကျင်မှာ ကူးစက်မှုကာကွယ်ရေးပုံမှန်နည်းတွေ (Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာအပါအဝင်) တတ်နိုင်သမျှနဲ့ ဝိုင်းဝန်း ကာကွယ်ဖို့နဲ့ ကာကွယ်ဆေး ရသမျှ ဆက်ထိုးထားဖို့ လိုအပ်နေပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG