သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ဉာဏ်လျော့ရောဂါနဲ့ သက်ကြီးဆေးဝါးသောက်သုံးမှု


Alzheimer Patient
Alzheimer Patient

မှတ်ဉာဏ်ကျရောဂါဖြစ်ဖို့ အန္တရာယ်များတဲ့ အသက်ကြီးလာသူတွေမှာ မလိုအပ်တဲ့ဆေးဝါးတွေ မသောက်သင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။

သူငယ်ပြန်တာလို့လည်းခေါ်တဲ့ ဒီရောဂါ သက်ကြီးတွေမှာဖြစ်ဖို့ အန္တရာယ်မများအောင် ဦးနှောက်မှတ်ဉာဏ်ထိခိုက်စေနိုင်တဲ့ ဆေးတွေအများကြီး မသောက်သင့်ပါဘူး။ ဒီအထဲ မလိုအပ်ဘဲ အိပ်ဆေးတွေ အများကြီးသောက်တာ၊ ဘာမီတွန်လို နှာစေးအမေးမိပျောက်ဆေး ခဏခဏသောက်တာတွေ ပါတာမို့ သတိပြုရှောင်ကျဉ်သင့်ပါတယ်။ အကြောင်းက ဒီဆေးတစ်မျိုးထဲက မှတ်ဥဏ်ကို ချက်ချင်းမထိခိုက်စေလျှင်တောင် အချိန်ကြာလာတာနဲ့အမျှ ဆေးတွေအချင်းချင်း ဓာတ်ပြုပြောင်းလဲပြီး ဦးနှောက်ထိခိုက်လာနိုင်လို့ပါ။

အသက်ကြီးချိန် အားနည်းလာတယ်ဆိုပြီး မှီဝှဲလေ့ရှိတဲ့ အားဆေး (ဗီတာမင်နဲ့ သတ္တုဓာတ်) တွေကိုလည်း မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးနဲ့၊ ဆေးအချင်းချင်း ဓာတ်ပြုပြောင်းလဲမှုရှိပြီး မှတ်ဉာဏ်ထိခိုက်နိုင်လို့ပါ။ ဒီအထဲ ဗီတာမင် စီ၊ အီး၊ ဒီ စတာတွေ မလိုအပ်ဘဲသောက်တာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ ဥပမာ ဗီတာမင်စီနဲ့ဒီ လိုတာထက် ပိုသောက်မိပါက ဆီးကျောက်တည်တာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်မျိုးစုံ (Multivitamin) တနေ့တစ်လုံးသောက်တာ အကျိုးရှိနိုင်ပေမဲ့၊ နောက်ထပ်ဗီတာမင်တစ်ခုစီ ထပ်သောက်စရာမလိုပါဘူး။ အသက်ကြီးချိန် အပြင်ထွက်တာနဲ့ စားသုံးတာနည်းပြီး ဖြစ်နိုင်တဲ့ ဗီတာမင် ဒီချို့တဲ့မှုကိုတော့ ပုံမှန် (နှစ်စဉ်) ဆေးစစ်ပြီး လိုအပ်လျှင် သောက်သင့်ပါတယ်။

သတ္တုဓာတ် တချို့ကိုလည်း အသက်ကြီးလာသူတွေ လွယ်လွယ် မှီဝဲလာလေ့ရှိတာမှာ အလားတူပဲ မလိုအပ်တာ မသောက်သင့်ပါဘူး။ ဒီအထဲ သံဓာတ်ကို မလိုဘဲ မသောက်သင့်ပါဘူး။ ဆိုဒီယမ်နဲ့ ကယ်လ်ဆီယံ သတ္တုဓာတ်မျိုး နည်းတာကတော့ ဦးနှောက်ကို ထိခိုက်နိုင်ပေမဲ့၊ မလိုအပ်ဘဲ ဦးနှောက်ကောင်းမယ်ထင်ပြီး သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီဆေးတွေ လိုအပ်မှုအတွက် လူကြီးအထူးကုဆရာဝန်တွေနဲ့ပြပြီး လိုအပ်မှသာ သောက်သင့်ပါတယ်။ စီလီနီယမ်၊ ဂျင်ကို (Ginkgo) စတာတွေလည်း ဖြည့်စွက်ပြီး မသောက်သင့်ပါဘူး။ သွေးထွက်တာနဲ့ တခြားရောဂါတွေရနိုင်လို့ပါ။ တကယ်တော့ ကျန်းမာအောင် စားသောက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးက ဒီဆေးတွေမှီဝဲတာထက် ကျန်းမာရေးအတွက် အများကြီးပိုအကျိုးရှိပါတယ်။

ဒါပေမဲ့ ရေသောက်သုံးမှုကတော့ အသက်ကြီးသူတွေအတွက် လက်ရှိ ပိုပူလာချိန် လုံလောက်အောင် သတိပြုသောက်သုံးသင့်ပါတယ်။ ရေသောက်မှုနည်းတာကြောင့် ဦးနှောက်ထိခိုက်နိုင်လို့ပါ။ အထူးသဖြင့် အာရှဖက်မှာ ဥတုရာသီပြောင်းလဲမှုကြောင့် အပူချိန်တွေမြင့်တက်လာချိန် သက်ကြီးတွေ ရေလုံလောက်အောင် မသောက်မိတာ၊ အလုပ်များပြီး သောက်ဖို့မေ့တာမျိုး ဖြစ်တတ်ပါတယ်။ ရေသောက်မှု နည်းလွန်းပြီး မလုံလောက်တာကြောင့် ရေဓာတ်ချို့တဲ့ပြီး (Dehydration) သွေးပမာဏလည်း လိုက်နည်းကာ၊ ဦးနှောက်ထဲ သွေးရောက်မှုနည်းပြီး မှတ်ဉာဏ်ထိခိုက်စေနိုင်သလို၊ နောက်ထပ် ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်နိုင်တဲ့ လေဖြတ်တာမျိုးလည်းဖြစ်ဖို့ အန္တရာယ်များစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကို၀င်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။

XS
SM
MD
LG