သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြောတက်ရောဂါ (အပိုင်း-၂)


အကြောတက်ရောဂါ (အပိုင်း-၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

အကြောတက်ရောဂါကို အခြားရောဂါတွေနဲ့ကွဲအောင် ဆေးစစ်ကြည့်ဖို့လိုပြီး၊ အခြားရောဂါတွေနဲ့ တွဲဖြစ်နေလျှင်လဲ တွဲကုဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

အကြောတက်၊ ဇက်ကြောတက်ရောဂါမှာကဲ့သို့ နာကျင်ကိုက်ခဲ့တဲ့နေရာ (၁၀) ခု ထက်ကျော်နိုင်တဲ့ သွေးကြောရောင် ရောဂါလည်းရှိနေတာမို့ ခွဲခြားနိုင်အောင် သွေးပျစ်နှုန်း (ESR) များ မများစစ်ကြည့်ဖို့ လိုပါတယ်။ ဒီ ESR များနေလျှင် အသက် (၅၀) ကျော်လူကြီးတွေမှာ ဖြစ်တတ်တဲ့ သွေးကြောရောင်ပြီး ကြွက်သားနာတဲ့ရောဂါ ဖြစ်သွားပြီး၊ ESR ၂၀ မကျော်လျှင်တော့ အကြောတက်ရောဂါ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အခြား လေးဖက်နာတွေနဲ့ ဂေါက် (Gout) ရောဂါနဲ့ပါ ထပ်ခွဲနိုင်ဖို့၊ လေးဖက်နာနဲ့ ဂေါက် ဆိုင်ရာ သွေးစစ်၊ ဆီးစစ်မူတွေ လုပ်ပြီး၊ ဒီရောဂါတွေ မတွေ့မှသာလျှင် အကြောတက်ရောဂါဖြစ်နိုင်ကြောင်း ဆုံးဖြတ်သင့်ပါတယ်။ ပိုသေချာစေဖို့အတွက်လည်း ဒီအကြောတက်ရောဂါမှာ ထူးခြားတဲ့ ကိုယ်ပေါ်က ကြွက်သားတောင့်တင်း နာကျင်မူသာမက၊ ဝမ်းဗိုက်တွင်းနဲ့ ဦးနှောက်တွင်း အလိုအလျှောက် အာရုံကြောစနစ်တွေပါ ထိခိုက်လာတဲ့ လက္ခဏာတွေကို ထပ်ရှာဖွေကြည့်ဖို့ လိုပါတယ်။ ဒီလက္ခဏာတွေကတော့ အစာစားပြီးတာနဲ့ ဗိုက်နာလာတာ၊ ချက်ချင်းဝမ်းသွားလာတာ၊ ချွေး အလိုလိုထွက်လာတာ၊ လေချဉ်တက်တာ၊ ရင်တုန်တာ၊ ပူလိုက်အေးလိုက်ဖြစ်တာနဲ့ အစာမကျေတာတွေ ဖြစ်ပါတယ်။

ကုသမူအနေနဲ့ ကြွက်သားအာရုံကြောတွေကို အနားရ ပြေလျော့စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်စေတဲ့ Tricyclic (Amitriptyline) နဲ့ အလိုအလျှောက်အာရုံကြောတွေကို ပြေလျော့စေဖို့ ပိတ်ပေးတဲ့ Propranolol ဆေးတွေပေးနိုင်ပါတယ်။ အခုလို ဆေးတွေကြောင့် ရောဂါတဝက်သာ သက်သာစေနိုင်ပြီး၊ ကျန်တဲ့ တဝက်သက်သာအောင် ကြွက်သားတွေကို တင်းစေနိုင်မဲ့ ယခင်နေထိုင်ခဲ့ပုံကို ပြောင်းပေးဖို့လိုပါတယ်။ အနေအထိုင် မပြောင်းဘဲ ကွန်ပြူတာ၊ ဖုန်းနဲ့စာကို အကြာကြီး ငိုက်ပြီး စိုက်ကြည့်တာ၊ လှုပ်ရှားမူနည်းတာနဲ့ အိပ်ချိန်မမှန်တာတွေ ဆက်ဖြစ်နေလျှင် ဆေးသောက်ပေမယ့် ကိုက်ခဲတာ တဝက် ဆက်ကျန်နေနိုင်ပါတယ်။ ဒါ့အပြင် ကုသရာမှာ ဒီ အကြောတက်ရောဂါ သီးသန့်ဖြစ်တာမဟုတ်ဘဲ၊ အခြားရောဂါတွေဖြစ်တဲ့ သွေးနဲ့အရေပြား လေးဘက်နာတွေနဲ့ ကြီးပေါင်းရောဂါတွေပါတွဲပြီး ဖြစ်နေလျှင်၊ ဒီရောဂါတွေကိုပါ တွဲပြီး ကုသပေးဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG