သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုပ်ကွေးအန္တရာယ်နဲ့ ကာကွယ်ဆေး


တုပ်ကွေးအန္တရာယ်နဲ့ ကာကွယ်ဆေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

တုပ်ကွေးတွေရဲ့ အန္တရာယ်လက္ခဏာတွေကို အလွယ်မှတ်နိုင်တဲ့ ကဗျာလေးကတော့ တက် (တက်တာ)၊ မှိန်း (မှိန်းတာ)၊ နှိုးခက် (နှိုးရခက် သတိလစ်ချင်တာ)၊ နို့စို့ပျက် (ကလေးငယ်နို့မစို့ဘဲ ကလေးကြီးအစားပျက်တာ)၊ ဆက်ဆက်အန် (ဆက်တိုက်အန်လာ) လျှင် ဆေးရုံတင် ဖြစ်ပါတယ်။ အကြောင်းက အခုလို လက္ခဏာမျိုးတွေပြလာလျှင် ဆေးရုံမှာတင်ထားပြီး အထူးသဖြင့် ဘာမှမစားနိုင်ဘဲ အန်တာများလာလျှင်၊ ကလေးက ခံနိုင်ရည်မရှိဘဲ ပျော့ခွေသွားနိုင်တာကြောင့် အကြောဆေး သွင်းထားနိုင်ရေး ဆေးရုံတင်ထားဖို့ အရေးကြီးပါတယ်။

ကိုဗစ်-19 အတွက် ကာကွယ်ဆေး စပေါ်လာပြီး အဓိက ကာကွယ်နည်းအဖြစ် သုံးလာချိန်မှာ၊ ရာသီတုပ်ကွေးအတွက်လည်း ကာကွယ်ဆေးက ၁၉၇၀ နှစ်တွေ အစပိုင်းထဲက ပေါ်လာခဲ့ပြီးတာမို့ အလားတူ ထိုးသင့်ပါတယ်။ ရာသီတုပ်ကွေးပိုးက နှစ်တိုင်း ဗီဇပြောင်းတာမို့ တစ်နှစ်တာကြို လေ့လာခန့်မှန်းပြီး ဖြစ်လာမယ့် မျိုးကွဲသစ်တွေအတွက် နှစ်စဉ်ကာကွယ်ဆေးသစ်တွေ ထုတ်ကြပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ ကမ္ဘာ့တောင်ခြမ်းအတွက်ထုတ်တဲ့ ကာကွယ်ဆေးကို မြန်မာမှာ ရာသီတုပ်ကွေးအဖြစ်များတဲ့ မိုးရာသီမှာ ထိုးခဲ့သင့်ပေမယ့်၊ အခုလက်ရှိမှာလည်း အာနိသင် နှစ်ကုန်အထိ ရှိသေးတာမို့ ဆက်ထိုးနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုနှစ်က ကိုဗစ်အဖြစ်များပြီး ရာသီတုပ်ကွေး အဖြစ်များချိန် နောက်ကျလာခဲ့ချိန်မှာ ကမ္ဘာ့မြောက်ခြမ်းအတွက်ထုတ်ကာ မကြာခင်ရောက်လာမယ့် ဆောင်းတွင်းကာကွယ်ဆေးလည်း အခုနှစ်အတွက် ဆက်ထိုးခြင်းဖြင့် တစုံတရာ ကာကွယ်မူ ရနိုင်ပါတယ်။ အခုလို ဆေးထိုးထားခြင်းဖြင့် ရာသီတုပ်ကွေး မဖြစ်အောင် ကာကွယ်နိုင်တာအပြင်၊ တုပ်ကွေးဖြစ်လာခဲ့လျှင်လည်း အသက်အန္တရာယ် ထိခိုက်တဲ့အထိ သိပ်မပြင်းထန်အောင် ကာကွယ်နိုင်ပါတယ်။

ကိုဗစ်မှာ ကာကွယ်ဆေး ဦးစားပေးထိုးသင့်သူတွေ ရှိသလို၊ ရာသီတုပ်ကွေးမှာလည်း လူတိုင်းမထိုးနိုင်လျှင်တောင် (၅) နှစ်အောက် ကလေး၊ (၆၅) နှစ်အထက် လူကြီးနဲ့ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ဦးစားပေးဖြစ်ပေမယ့်၊ ဖြစ်နိုင်လျှင် အားလုံးထိုးထားနိုင်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယခင်တုံးက အစိုးရကျန်းမာရေးဝန်ထမ်းတွေနဲ့ တချို့အုပ်စုတွေကို တုပ်ကွေးကာကွယ်ဆေးကို နိုင်ငံတော်က အခမဲ့ထိုးပေးပေမယ့်၊ ပြည်သူတွေအားလုံးအတွက် အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာတော့ မထည့်သွင်းနိုင်ခဲ့သေးပါဘူး။ ဒါကြောင့် လက်ရှိမှာ ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးသင့်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာက အခုလို တုပ်ကွေးကာကွယ်ဆေး ထိုးသင့်တာကို နားလည်သိရှိထားသူ နည်းသေးတာကြောင့်၊ လုံလောက်မူ ရှိသလောက်သာ ပုဂ္ဂလိကတွေက မှာယူတင်သွင်းနေပါသေးတယ်။ အရေးကြီးတာကတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေ အခုအချိန်မှာ ဖျားနာလာလျှင် ကိုဗစ်အပြင်၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေပါ ဖြစ်လာနိုင်တာမို့၊ အထက်မှာပြောခဲ့တဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို အတိအကျ သိရှိထားပြီး စောင့်ကြည့်လုပ်ဆောင်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေးပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode ==





XS
SM
MD
LG