သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလအတွင်း ပြန်အဖြစ်များလာတဲ့ တုပ်ကွေးများ


George Washington University student Laura Delgado is given the H1N1 flu nasal spray vaccine at the Student Health Service clinic in Washington November 19, 2009. REUTERS/Hyungwon Kang (UNITED STATES HEALTH)
George Washington University student Laura Delgado is given the H1N1 flu nasal spray vaccine at the Student Health Service clinic in Washington November 19, 2009. REUTERS/Hyungwon Kang (UNITED STATES HEALTH)
တိုက်ရိုက် လင့်ခ်

ကိုဗစ် 19 လှိုင်းထန်ခဲ့ချိန် အဖြစ်နည်းခဲ့တဲ့ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးတွေ မြန်မာနိုင်ငံမှာ အခုပြန်အဖြစ်များလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ သဘာဝအရ တကမ္ဘာလုံးမှာလည်း ကျောင်းတွေပိတ်ခဲ့ချိန်နဲ့ ကိုဗစ်ကာကွယ်ရေးနည်းလမ်း (ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာ) တွေ တိုးလုပ်ခဲ့ချိန်၊ အထူးသဖြင့် ရာသီတုတ်ကွေးကိုပါ တားဆီးကာထားနိုင်ခဲ့ပေမဲ့၊ ကိုဗစ်လှိုင်း ပြန်ကျချိန်မှာတော့ ဒီ တုပ်ကွေးတွေက ပြန်ခေါင်းထောင်လာတာပါ။

ဒီ တုပ်ကွေးတွေက ကိုဗစ်နဲ့ ဆင်တူသလို၊ ခွဲခြားသိနိုင်တဲ့ လက္ခဏာတချို့လည်း ရှိနေပါတယ်။ ရာသီတုတ်ကွေးမှာ ကိုဗစ်လိုပဲ နှားစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်၊ ဖျားနာတာတွေရှိပေမဲ့ အနံ့အရသာ ပျောက်တာကတော့ ကိုဗစ်မှာ ပိုသိသာထူးခြားလေ့ရှိပြီး၊ ကိုဗစ်မှာ ချောင်းဆိုးတာကလည်း လူကြီးတွေအတွက် သလိပ် သိပ်မထွက်တတ်ပါဘူး။ ကိုဗစ်က ငယ်ရွယ်သူတွေမှာ မပြင်းထန်ပေမဲ့၊ ရာသီတုပ်ကွေးမှာတော့၊ ငယ်လွန်းသူတွေ (၅ နှစ်အောက်) နဲ့ အသက်ကြီးလွန်းသူတွေ (၆၅ အထက်)၊ နောက်ခံရောဂါရှိတွေ (နှလုံးရောဂါအခံရှိတဲ့ ကလေးတွေအပါအဝင်) မှာ ပိုပြင်းထန် အသက်ဆုံးရူံးရတတ်ပါတယ်။ ကိုဗစ်ဖြစ်တဲ့ ကလေးတွေမှာ ရှားရှားပါးပါး စိုးရိမ်တာကတော့၊ ဖျားပြီး (၂) ပတ်နဲ့ (၆) ပတ်အတွင်း နောက်ဆက်တွဲ ဖြစ်တတ်တဲ့ နှလုံးနဲ့သွေးကြောတွေ ယောင်လာတာ (Multisystem inflammatory Syndrome in Children, MIS-C) ကြောင့် အပြင်းဖျားတာဖြစ်ပေမဲ့ ဖြစ်ခဲလွန်းပါတယ်။ ဒါပေမဲ့ ရာသီတုပ်ကွေးမှာတော့ အထူးသဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်လက္ခဏာတွေဖြစ်တဲ့ တက်တာ၊ မှိန်းတာ (သတိလစ်ချင်တာ)၊ နို့မစို့တာ၊ အစားအသောက်ပျက်တာ၊ ဆက်တိုက်အံတာ၊ အသက်ရူမြန်တာ (တစ်မိနစ်မှာ (၂) လအောက် ကလေးအတွက် အသက်ရူတဲ့အကြိမ် (၆၀) အထက်၊ (၂) လနဲ့ တစ်နှစ် အကြားကလေး အကြိမ် (၅၀) အထက်၊ တစ်နှစ်နဲ့ (၅) နှစ်အကြား အကြိမ် (၄၀) အထက်)၊ အသက်ရှုသွင်းချိန် ရင်ဘတ်နံရိုးအောက်ပိုင်း ကြွက်သားတွေချိုင့်ဝင်တာ၊ စကားမပြောနိုင်လောက်အောင် အသက်ရူကြပ်တာ၊ နှုတ်ခမ်းနဲ့လျှာပြာလာတဲ့ ပြင်းထန်လွန်းတဲ့အဆင့် ရောက်တာတွေမှာ အမြန်ဆေးရုံသွားသင့်ပါတယ်။

သွေးလွန်တုပ်ကွေးကလည်း အခုရက်ပိုင်းအတွင်း ကလေးတွေမှာ ပိုအဖြစ်များ ပြင်းထန်လာတာရှိနေပါတယ်။ သွေးလွန်တုပ်ကွေးမှာ ခွဲနိုင်တာကတော့ အဖျားပိုကြီးတာ မှိန်းတာ၊ ဗိုက်နာတာ၊ အန်တာ (ကော်ဖီနှစ်ရောင်)၊ အရေးပြားသွေးယိုတဲ့ အစက်တွေပေါ်တာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေ ဖြစ်ပြီး၊ နှာစေး ချောင်ဆိုးကတော့ နည်းလေ့ရှိတာမို့ အဖျားခြောက်လို့လည်း ခေါ်တတ်ကြပါတယ်။ ဒါပေမဲ့ သွေးလွန်တုတ်ကွေးမှာလည်း ဆေးရုံအမြန်တင်ရမဲ့ အန္တရာယ်လက္ခဏာတွေကို စောင့်ကြည့်ဖို့ အရေးကြီးရာမှာ၊ ဖျားပြီး (၃-၄) ရက်အတွင်း အဖျားကျသွားပေမဲ့ လန်းလန်းဆန်းဆန်းမရှိပဲ မှိန်းသွားတာ၊ ခြေလက်တွေအေးတာ၊ ဂယောင်ကတန်းဖြစ်တာစတဲ့ သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အထက်ပါ ကိုဗစ်နဲ့တုပ်ကွေးတွေ လက္ခဏာအားလုံးကို သိထားပြီး ဆေးရုံးဆေးခန်းကြိုပြ ခွဲခြားကာ၊ အန္တရာယ်လက္ခဏာတွေကိုလည်း သတိမပြတ် စောင့်ကြည့်နိုင်ဖို့ပါ။

ဒီအကြောင်းပိုမိုသိရှိ နားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး၊ ပညာဌာန အငြိမ်းစား ဌာနမှူးပါမောက္ခ ဒေါက်တာစောဝင်း ကို မေးမြန်းထားပါတယ်။

== Unicode ===





XS
SM
MD
LG