မြန်မာနိုင်ငံမှာ အခုမိုးတွင်းထဲ ဒီရာသီတုပ်ကွေး ပိုအဖြစ်များလာနေတာမို့၊ အသက်အန္တရာယ် ရှိနိုင်သူတွေအတွက် ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
မြန်မာမှာ တုပ်ကွေးအဖြစ်များတဲ့ မိုးကာလရောက်ချိန် ဒီနှစ်မှာတော့ တုပ်ကွေးပိုး (Influenza) A နဲ့ RSV (Respiratory Syncytial Virus) အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်ပိုးတွေ အဓိက ပိုဖြစ်လာတာကို တွေ့ရှိထားပါတယ်။ အကြောင်းက အရင်နှစ်တွေတုန်းက ကိုဗစ်ကြောင့် မူကြိုမထားဖြစ်ခဲ့ဘဲ၊ ဒီနှစ်စဉ်ဖြစ်တဲ့ တုပ်ကွေးမကြုံခဲ့ရတဲ့ ကလေးတွေကို ဒီနှစ် ကျောင်းဖွင့်ချိန်မှာ မူလတန်းကျောင်း တန်းပြီးစထားချိန် ပိုအဖြစ်များလာစေတာက တချက်ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အမေရိကန်မှာ ဒီတုပ်ကွေးအဖြစ်များလေ့ရှိတဲ့ ဆောင်းတွင်းကာလတုန်းက ဒီ RSV ပိုးကြောင့် ပိုပြင်းထန်ခဲ့တာမျိုးတော့၊ မြန်မာမှာ အခုအချိန်ထိ ထူးထူးခြားခြား မတွေ့ရသေးဘူးလို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့လည်း မြန်မာမှာ အရင်နှစ် တုပ်ကွေးရာသီတွေတုန်းကလိုပဲ၊ ရင်ကြပ်အခံရှိတဲ့ ကလေးတွေ၊ ၅ နှစ်အောက်ကလေးငယ်တွေ၊ အဖျားရက်ကြာလာသူတွေ၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေမှာတော့ ပုံမှန်အတိုင်း အသက်အန္တရာယ် ဆက်ရှိနေပါတယ်။
အကြောင်းက ပန်းနာရင်ကြပ်ရှိသူတွေမှာ တုပ်ကွေးကြောင့် နှာစေး၊ ချောင်းဆိုး ဖျားတာကနေ နာရီပိုင်းအတွင်း ရင်ကြပ်ထလာပြီး အသက်အန္တရာယ် ရှိလာတာကြောင့်ပါ။ အလားတူ အထူးသဖြင့် လသားအရွယ်ကလေးတွေမှာလည်း လေပြွန် သေးငယ်လွန်းတာကြောင့် အထူးသဖြင့် ဒီ RSV ပိုးဝင်အပြီး ရက်ပိုင်းအတွင်း လေပြွန်ရောင်ကာ ပိုမြန်မြန် အသက်ရှုကြပ်ပြီး ဒီအန္တရာယ်ရှိလာနိုင်တာပါ။ ဒါ့အပြင် တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ ဝင်အပြီး၊ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၅ ရက်ဝန်းကျင်အတွင်း အဖျားပြန်ကျသွားသင့်ပေမဲ့၊ ဘက်တီးရီးယားပိုး ဆက်ဝင်ကာ အဖျားပိုကြီးပြီး နုံးလာသူတွေမှာလည်း၊ ပြင်းထန်တဲ့ အဆုပ်ရောင် နမိုးနီးယား (Pneumonia) ဆက်ဖြစ်သွားနိုင်ကာ ပဋိဇီဝဆေး (Antibiotics) ပေးဖို့ လိုလာပါတယ်။ အလားတူ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေနဲ့ ဆီးချိုနဲ့သွေးတိုးအပါအဝင် ရောဂါအခံရှိသူတွေမှာလည်း၊ တုပ်ကွေးကြောင့် ဘက်တီးရီးယားပိုး ဆက်ဝင်တာအပါအဝင် တခြားနောက်ဆက်တွဲရောဂါတွေ အဖြစ်လွယ်နေလို့ပါ။ ဒီတုပ်ကွေးအဖြစ်များတာနဲ့အတူ ပြင်းထန်နိုင်သူပါ လိုက်များလာနိုင်တာမို့၊ အခုလို ဖြစ်လာတဲ့သူမျိုးတွေကို ကြိုတင်သတိထားမိပြီး ဆေးရုံဆေးခန်း ချက်ချင်းပြဖို့တော့ အထူးအရေးကြီးနေပါပြီ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းအား ဆက်သွယ်မေးမြန်းထားပါတယ်။