သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ဖြတ်နည်းများ


ဆေးလိပ်သောက်သုံးနေသူတဦး
ဆေးလိပ်သောက်သုံးနေသူတဦး

ဆေးလိပ်ဖြတ်ဖို့အတွက် တချက်ထဲ အပြတ်ဖြတ်ချတဲ့ အပြင်းထန်ဆုံးနည်းအပြင်၊ တခြားနည်းတွေလည်းရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ ဆေးလိပ်ကို တချက်ထဲ တုံးတိ အပြတ်ဖြတ်ချတဲ့နည်းက အပြင်းထန် အခက်ခဲဆုံး ဖြစ်ပေမဲ့ အထိရောက်ဆုံးလည်း ဖြစ်ပါတယ်။

Cold Turkey နည်းလို့ အင်္ဂလိပ်လိုခေါ်တဲ့ တခြားအကူအညီမယူဘဲ အစိမ်းသက်သက်ဖြတ်နည်း၊ တဖြည်းဖြည်းချင်း မဟုတ်ဘဲ၊ တချက်ထဲအပြတ်ဖြတ်တဲ့နည်းကြောင့် ဆေးလိပ်ပြန်သောက်ချင်စိတ် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့ အနေအထားကြောင့် တခြားနည်းတွေထက်စာလျှင် အစပိုင်း နေရထိုင်ရ ပိုခက်နိုင်ပေမဲ့၊ နောက်ပိုင်းမှာတော့ ဆေးလိပ်ငွေ့ ပိုမြန်မြန်ကင်းစင်ကာ နေထိုင်ပိုကောင်းလာတာကြောင့် ဆေးလိပ်ပြန်မသောက်မိသူ ပိုများစေတာကို သုတေသနတွေ့ ရှိထားပါတယ်။

ဒုတိယနည်းကတော့ ချက်ချင်းအပြတ်မဟုတ်ဘဲ ဖြည်းဖြည်းချင်း ဖြတ်တဲ့နည်းပါ။ သောက်တဲ့ ဆေးလိပ် အရေအတွက်ကို နေ့စဉ် (သို့မဟုတ်) ရက်တွေခြားပြီး ၁ လိပ်၊ ၂ လိပ်၊ ၃ လိပ် တဆင့်စီ လျော့သောက်သွားတာပါ။ ဥပမာ ယခင် အလိပ် ၂၀ သောက်သူက ပထမတကြိမ်မှာ ၁၉ လိပ် (သို့မဟုတ်) ၁၈ လိပ် (သို့မဟုတ်) ၁၇ လိပ်ကို စလျော့သောက်ပြီး၊ နောက်တကြိမ်မှာလည်း နောက်ထပ် ၁ လိပ်၊ ၂ လိပ်၊ ၃ လိပ် ဆက်လျော့သောက်သွားကာ၊ နောက်ဆုံး လုံးဝမသောက်တော့တဲ့အဆင့် ရောက်သွားတာပါ။ ဒီနည်းကတော့ တခါထဲ အပြတ်ဖြတ်တဲ့နည်းလောက် မခက်ခဲပေမဲ့၊ ဆေးလိပ်ပြတ်တာ ကြာနိုင်ပါတယ်။

တတိယနည်းကတော့ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်သူတွေနဲ့ ဆွေးနွေးဖြတ်ယူတာပါ။ အကူအညီတောင်းနိုင်သူက ဆရာဝန်ဖြစ်စရာ မလိုဘဲ၊ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်မဲ့ နည်းလမ်းနဲ့ စိန်ခေါ်ချက်တွေကို သင်တန်းတက်ထားသူ (သို့မဟုတ်) ဆေးဝါးဗေဒပညာရှင်တွေ ဖြစ်လေ့ရှိပါတယ်။ ကူညီပေးသူတွေက ဆေးလိပ်ဖြတ်လိုသူပြောတာကို နားထောင်နှစ်သိမ့်ဆွေးနွေး (Counseling) ပေးပြီး၊ အရင်သောက်တဲ့ အရေအတွက် အနည်းအများပေါ်မူတည်ကာ၊ ဖြတ်မဲ့ အစီအစဉ် တစ်ဦးစီအတွက် သီးသန့် ဆွဲပေးပါတယ်။ ဆေးလိပ်ဖြတ်နေစဉ် ပြန်သောက်ချင်စိတ် ပေါ်လာတာ၊ လှုံ့ဆော်တာ (Triggers) နဲ့ ယင်းထလက္ခဏာ (Withdrawal Symptoms) ဖြစ်တာတွေကို ကျော်လွှားနိုင်မဲ့ အကြံတွေလည်း သူတို့က ပေးပါတယ်။

နောက်ထပ်နည်းကတော့ ဆေးဝါးအကူအညီယူတာပါ။ ပထမဆေးကတော့ ဆေးလိပ် (သို့) Vaping ဆေးလိပ်ငွေ့ရှုတာမှာပါတဲ့ စွဲလန်းစေတဲ့ နီကိုတင်းကြောင့်ထွက်တဲ့ နေထိုင်ကောင်းကြည်နူးခြင်းဟော်မုန်း (Dopamine) ထွက်စေဖို့ ဖန်တီးထားတဲ့ဆေးပါ။ ဆရာဝန်ညွှန်ကြားမှရတဲ့ Varenicline နဲ့ Bupropion ဆေးတွေနဲ့ ဆေးလိပ် သောက်ချင်စိတ်နဲ့ ယင်းထတာကို လျော့ချပေးတာပါ။ နောက်ဆေးနည်းကတော့ ဆေးလိပ် တုံးတိမဖြတ်နိုင်သူတွေအတွက် နီကိုတင်းဓာတ်ကို ဖြည်းဖြည်းချင်းထည့်ပေးတာ (Nicotine Replacement Therapy) ပါ။ နီကိုတင်း အရေပြားကပ်ခွာ (Patch)၊ ငုံဆေး (Lozenges)၊ နှာခေါင်းဖြန်းဆေး (Nasal Spray)၊ ရှုဆေး (Inhaler) နဲ့ ပီကေ (Gum) တွေ ပါဝင်ပါတယ်။ စွဲသလိုဖြစ်ခဲ့တဲ့ နီကိုတင်းဓာတ်ပြန်ရဖို့ ဆေးလိပ်ပြန်သောက်စရာမလိုတဲ့ဒီဆေးနည်းနဲ့ လူအကူအညီယူတဲ့နည်း ပေါင်းသုံးလျှင်တော့ ပိုထိရောက်တာ တွေ့ထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့အတွက် ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG