သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် တရုတ်မှာ များစွာသေဆုံးရမှု သင်ခန်းစာ 


Passengers arriving from China pass by a COVID-19 testing center at the Incheon International Airport In Incheon, South Korea, Jan. 10, 2023.
Passengers arriving from China pass by a COVID-19 testing center at the Incheon International Airport In Incheon, South Korea, Jan. 10, 2023.

မကြာခင်က တစ်လသာသာကာလအတွင်း တရုတ်မှာ ကိုဗစ်-19 လှိုင်းကြီး တက်လာပြီး လူသန်းတွေနဲ့ချီ ကူးစက်ခံ၊ ၆ သောင်းခန့် သေဆုံးခဲ့ရတာက သင်ခန်းစာယူစရာပါလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ တရုတ်ကိုဗစ်လှိုင်း မတိုင်ခင်လေးမှာပဲ၊ ကမ္ဘာမှာ ကိုဗစ်ကြောင့် သေဆုံးမှုနည်းလာတာ၊ ကိုဗစ်ကာကွယ်ဆေးနဲ့ ကိုယ်ခံအား ရသူများလာနိုင်ခြေတွေကြောင့်၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာ့ကပ်ရောဂါအဆင့်ကနေ ပြန်ရုတ်သိမ်းဖို့ ပြောခဲ့ပြီးမှ ဖြစ်လာတာပါ။ ဒါ့အပြင် အခုလှိုင်းသစ်မှာ တရုတ်က လူနေထူထပ်တဲ့မြို့ကြီးတွေအပြင် အရင်အဖြစ်နည်းခဲ့တဲ့ မြန်မာနဲ့နယ်စပ်ထိကပ်နေတဲ့ ယူနန်ပြည်နယ်လိုမျိုးက မြို့တွေလည်းပါနေပါတယ်။

တရုတ်မှာ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၈ ရက်ကနေစပြီး အခုလ ဇန်နဝါရီ ၁၂ ရက်အတွင်း လူပေါင်း ၅၉၉၃၈ ဦး ဆေးရုံမှာ သေဆုံးခဲ့ရတာမှာ၊ သူတို့ပျမ်းမျှအသက်က ၈၀ ကျော်ဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြီးခဲ့တဲ့ စနေနေ့ကပဲ ကြေညာလိုက်ပါတယ်။ သေဆုံးခဲ့ရသူအများစု အခုလို သက်ကြီးပိုင်းက ဖြစ်ခဲ့ရတာက၊ အသက် ၆၅ နှစ်အထက် သက်ကြီးအများစုနဲ့ ကိုယ်ခံအားနည်းနိုင်သူတွေမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသရာမှာသုံးတဲ့ဆေးတွေ မရခဲ့တာကြောင့် အဓိကဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ဒါ့အပြင် အခုလို သက်ကြီးတွေအပါအဝင် ကိုယ်ခံအားနည်းနေတဲ့ ရောဂါအခံရှိသူတွေမှာ တရုတ်ကိုဗစ်ကာကွယ်ဆေးကနေ (သို့မဟုတ်) ကိုဗစ်ကိုယ်တိုင်ဖြစ်အပြီးမှာပင်၊ လုံလောက်တဲ့ကိုယ်ခံအား မထုတ်နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မူတွေ ရှိနေပါတယ်။ အခု တရားဝင် သေဆုံးစာရင်းမှာ မပါခဲ့သူတွေလည်း၊ အပြင်မှာ သေဆုံးခဲ့တာ ရှိကောင်းရှိနိုင်တာမို့ သေဆုံးသူအရေအတွက် ဒီထက်များနိုင်ခြေ၊ ကိုဗစ်မျိုးကွဲသစ် ထပ်ပေါ်လာနိုငေ်ခြနဲ့ ကိုယ်ခံအားအပေါ်ကျော်လွှားနိုငေ်ခြတွေကိုလည်း စိုးရိမ်မှုတချို့ ရှိလာနေပါတယ်။

တရုတ်မှာထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး (Sinopharm ၊ Sinovac စတာ) တွေက အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အရွယ်အတွက်သာဖြစ်ပြီး၊ အသက် ၆၅ နှစ်အထက်တွေအတွက် မဟုတ်ခဲ့တာကြောင့် ဒီသက်ကြီးအမျာစု မထိုးထားခဲ့ဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် အခုလို အသက်ကြီးသူတွေအပါအဝင် ရောဂါအခံ (ကျောက်ကပ်ဆေးနေရတာ၊ ကျောက်ကပ် အသည်း အစားထိုးထားတာ၊ ကင်ဆာဖြစ်ပြီး ဆေးသွင်းနေရတာ၊ HIV AIDS ကိုယ်ခံအားကျရောဂါရှိတာ၊ အဆုပ်မကောင်းတာ၊ လေးဘက်နာ အဆစ်ရောင်တာလို Auto-immune ရောဂါရှိတာ၊ Prednisolone ရေရှည်သောက်နေရတာ စတာ) ရှိထားပြီး ကိုယ်ခံအားနည်းနေသူတွေကိုလည်း ဒီ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်မှာ မထည့်သွင်းခဲ့ပါဘူး။ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေ ကိုယ်တိုင်ကလည်း တရုတ်အစိုးရအာဘော်တွေကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း ကျန်းမာရေးအသိ မရရှိခဲ့ပါဘူး။ ဒါကြောင့် အခုလို ရုတ်တရက် ကိုဗစ်မျိုးကွဲသစ်လှိုင်း တက်လာချိန်မှာ၊ ကိုဗစ်ကိုယ်ခံအားမရထားတဲ့ သက်ကြီးတွေ အများအပြား သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် အခုလို ကိုယ်ခံအားနည်းတဲ့ သက်ကြီးတွေအပါအဝင် ရောဂါအခံရှိသူတွေမှာ ကာကွယ်ဆေးရခဲ့လျှင် (သို့မဟုတ်) ကိုယ်တိုင် ကိုဗစ်ဖြစ်ခဲ့လျှင်တောင် လုံလောက်တဲ့ ကိုယ်ခံအားထုတ်ပေးနိုင်ပုံ မရှိခဲ့တာပါ။ အထူးသဖြင့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး (မြန်မာမှာလည်းတချို.သုံးခဲ့တာ) က၊ အနောက်နိုင်ငံတွေနဲ့ အိန္ဒိယထုတ် Covishield (မြန်မာမှာလည်းတချို့သုံးထားတာ) လို နောက်ပေါ်နည်းမျိုးနဲ့ မဟုတ်ဘဲ၊ သမရိုးကျ (Traditional) နည်းနဲ့ ကိုဗစ်ဗိုင်းရပ်စ်အသေကို သုံးထားတာကြောင့်၊ လုံလောက်တဲ့ ကိုယ်ခံအားထုတ်ဖို့ ခက်ခဲနိုင်တဲ့၊ ဒီ နဂိုထဲက ကိုယ်ခံအားနည်းနေသူတွေအတွက် ပိုဒုက္ခရောက်စေနိုင်ပါတယ်။ Booster (အားဖြည့်ကာကွယ်ဆေး) ထပ်ထိုးလျှင်လည်း အလားတူ ကိုယ်ခံအားထုတ်ပေးနိုင်ဖို့ ဆက်ခက်နိုင်ခြေ ရှိနေပါသေးတယ်။ ဒါ့အပြင် တရုတ်မှာ တခြားနိုင်ငံတွေလို ဒီ Booster ထိုးဖို့ကို စနစ်တကျ မစီစဉ်ပေးခဲ့ပြန်ပါဘူး။ အခုလို နဂိုထဲက ကိုယ်ခံအားနည်းနေသူတွေမှာ ကိုဗစ်ရောဂါ ကိုယ်တိုင် ကူးစက်ခံရပြီးလျှင်လည်း၊ အလားတူ လုံလောက်တဲ့ ကိုယ်ခံအားမျိုးရဖို့ အခက်အခဲ စိန်ခေါ်မှု ရှိနေနိုင်ပါသေးတယ်။

တချိန်တည်းမှာ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေမှာ ကိုဗစ်ကုသရာမှာ သုံးနေကြတဲ့ ဆေးဝါးတွေ တရုတ်မှာ သိပ်မရှိခဲ့တာကြောင့်လည်း အခုလို သေဆုံးမှု များသွားရတာ ဖြစ်နိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်း ပြည်တွင်းမှာ ထုတ်လာနိုင်တဲ့ ကိုဗစ်သောက်ဆေး (Paxlovid ၊ Molnupiravir) နဲ့၊ အမေရိကန်နဲ့ တခြားနိုင်ငံတချို့မှာသုံးနေတဲ့ ကိုဗစ်ထိုးဆေး (Remdesivir) တွေက တရုတ်မှာ အလွယ်တကူ မရနိုင်ပါဘူး။ ဒီကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးတွေက၊ လိုအပ်သူတွေအတွက် ကိုဗစ်ပိုးမျိုးကွဲသစ်တွေ ဝင်လာပြီးလျှင်တောင်၊ ပိုမဆိုးလာစေအောင် ကာကွယ်ထိန်းပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

==== Unicode =====







XS
SM
MD
LG