အရေပြားလေးဖက်နာရောဂါကို အချိန်မီ မကုသနိုင်လျှင် သေဆုံးမူအပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။
အရေပြားလေးဖက်နာကို ရောဂါပြင်းထန်မူအလိုက် အဆင့် (၃) ဆင့်ခွဲပြီး သိုင်ပါတယ်။ပထမအဆင့်မှာ သိပ်မရောင်ရမ်း၊ မပြင်းထန်သေးဘဲ၊ အဆစ်လေးတွေ ကိုက်တာနဲ့ အရေပြားအကွက်လေး တစ်ကွက် နှစ်ကွက် မျက်နှာမှာဘဲ ထွက်လာတာ တွေ့ရတတ်ပြီး၊ ငှက်ဖျားဆေး (Hydroxychloroquine) သောက်ဆေးနဲ့ စပြီးကုသနိုင်ပါတယ်။
ဒုတိယအဆင့်မှာတော့ အဆစ်နဲ့အရေပြားအပြင် ကိုယ်တွင်းအင်္ဂါ တစ်ခုခုပါ ထိခိုက်လာပြီး၊ ဥပမာ ဆီးစစ်လျှင် အသားဓာတ်ပါလာတာ၊ နှလုံးခုန် နည်းနည်းမြန်လာတာ၊ တခါတရံ အာရုံကြောနည်းနည်း ထိသွားပြီး မျက်လုံးနည်းနည်းစောင်းတာ၊ လက်ထုံတာ စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီ ဒုတိယအဆင့်မှာတော့ ငှက်ဖျားဆေးထက် ပိုပြင်းတဲ့ ကင်ဆာဆေး (Methotrexate၊ Cyclophosphamide စတာ) တွေ ကင်ဆာလောက် ပမာဏများများ မပေးဘဲ၊ ဒီခုခံဓာတ်ပြောင်းရောဂါမှာ သွေးဖြူဥကို ထိန်းနိုင်ရုံသာ လျော့ပြီး (Low Dose) ချိင့်ချိန်ပေးလေ့ရှိပါတယ်။
တတိယအဆင့်ရောက်သွားလျှင်တော့ ကိုယ်တွင်းအင်္ဂါတွေ ထိတာတင်မကဘဲ၊ ပျက်စီးလာတဲ့ အဆင့်ကို ရောက်သွားတာကြောင့် ကျောက်ကပ်များစွာ ပျက်သွားတာ၊ ဦးနှောက် စတင်ပျက်လာတာကြောင့် မျက်လုံးမှေးတာထက်ကျော်ပြီး သတိလစ်တာ၊ စကားပြောမှားတာ၊ တခါတရံ ဝက်ရူးပြန်သလိုတက်တာ စတာတွေ ပြင်းပြင်းထန်ထန် ဖြစ်လာပါတော့တယ်။ ဒီပြင်းထန်လာတဲ့ အဆင့်မှာတော့ သောက်ဆေးနဲ့ အလုပ်မဖြစ်တော့ဘဲ၊ ထိုးဆေးတွေ အများကြီးပေးရရာမှာ၊ ဥပမာ Cyclophosphamide ထိုးဆေးပေးတာ၊ Prednisolone အဆပေါင်းများစွာ ဆေးသွင်းတာ စတာတွေ လိုလာတာမို့ ဆေးရုံတင်ဖို့လိုပါတယ်။
အချိန်မီ စစချင်း ပထမ အဆင့်မှာစပြီး မကုသနိုင်လျှင် တဆင့်ပြီးတဆင့် ပိုဆိုးသွားကာ၊ နောက်ဆုံး တတိယအဆင့်အထိ သတိမပြုမိလျှင်တော့ သေဆုံးဖို့များသွားကာ၊ (၆) လအတွင်း လူနာ (၁၀၀) မှာ (၆၀) ခန့် သေဆုံးနိုင်ပါတယ်။ ဒီရောဂါရဲ့ ပြဿနာကလည်း ရောဂါလက္ခဏာက ကိုယ်ခန္ဓာအပြင်မှာ သိပ်မပြဘဲ၊ ကိုယ်တွင်းမှာ ကြိတ်ဖြစ်နေပြီး သွေးစစ်၊ ဆီးစစ်ကြည့်မှသာ တွေ့ရတာလည်းရှိတာမို့၊ တတိယ အဆင့်မှာပါ သတိမထားမိလျှင် ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ရုတ်တရက် သေဆုံးသွားနိုင်ပါတယ်။ မသေဆုံးဘဲ ကျန်ခဲ့သူတွေမှာလည်း ကိုယ်တွင်းအင်္ဂါတွေ စပျက်စီးသွားပြီမို့၊ ဥပမာ ကျောက်ကပ်ပျက်စီးတာကြောင့် စက်နဲ့ တသက်လုံး ကျောက်ကပ်ဆေးနေရတာ၊ ကိုယ်တပိုင်းသေပြီး လမ်းမလျှောက်နိုင်တော့တာ၊ အစာအိမ်အူလမ်းကြောင်း ဖြတ်ထုတ်ရပြီး ဝမ်းပျက်ကာ အပေါက်ကြီးနဲ့နေရတာစတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ အကြီးအကျယ်ခံစားရပါတော့တယ်။
တတိယအဆင့်ရောက်မှ စသိပြီး စကုလျှင်လည်း သေဆုံးနိုင်သူ တဝက်သာလျော့ချနိုင်ပြီး၊ လူနာ (၁၀၀) မှာ (၃၀) ခန့် သေဆုံးနိုင်ပါသေးတယ်။ တတိယအဆင့်မှာ ကင်ဆာဆေးတွေ ကင်ဆာကဲ့သို့ ပြင်းပြင်းထန်ထန်ပေးရတာကြောင့် ကိုယ်ခံအားကျပြီး AIDS ကိုယ်ခံစွမ်းအားကျရောဂါကဲ့သို့ အပြင်က ရောဂါပိုးတွေဝင်လွယ်ကာ အဆုပ်တီဘီ ဝင်လာတဲ့အထိ ခံစားရနိုင်ပြီး၊ ကုသရ ပိုခက်သွားတတ်ပါတယ်။ဒါ့အပြင် Prednisolone ဆေး အဆပေါင်းများစွာ သွင်းရ၊ သောက်ရတာကြောင့်လည်း အရိုးပွပြီး (၃) လ ကျော်ဆက်သုံးရလျှင် အရိုးကျိုးတာအထိ ဖြစ်တတ်တာကြောင့်၊ ကာကွယ်နိုင်ဖို့ ဗီတာမင် (ဒီ)၊ ကယ်လ်ဆီယံနဲ့ လိုအပ်လျှင် အရိုးမာဆေးတွဲပေးထားဖို့ လိုပါတယ်။
ဒီရောဂါက အမျိုးသမီးတွေမှာ ပိုအဖြစ်များကာ (လူနာ ၁၀၀ လျှင် ၆၀ မှ ၇၀ အထိ အမျိုးသမီးဖြစ်ပြီး) ကိုယ်ဝန်ဆောင်ချိန် အသက် (၂၀) မှ (၄၀) အတွင်း ပိုဖြစ်လေ့ရှိတာကြောင့် ဒီရောဂါဆေးတွေ သုံးနေရချိန်မှာ ကိုယ်ဝန်ပျက်ကျတာအပါအဝင် ကလေးပုံမမှန်မွေးတာ (အာခေါင်ကွဲ၊ နားရွက်မပါ စတာ) တွေဖြစ်စေနိုင်တာမို့၊ ဒီဆေးသောက်တွေ သောက်နေရချိန် ခေတ္တခဏ (တနှစ်ခန့်) ကိုယ်ဝန်မယူဘဲ လိုအပ်လျှင် သန္ဓေတားဆေး သုံးထားသင့်ပါတယ်။အခုနောက်ပိုင်းပေါ်လာတဲ့ ဇီဝကုထုံးသစ် (Rituximab ထိုးဆေးနဲ့ MMF သောက်ဆေးစတာ) တွေက ဈေးကြီးပေမယ့်၊ သေဆုံးမူ ပိုလျော့ချနိုင်တာကြောင့် တတ်နိုင်လျှင် သုံးသင့်ပါတယ်။အကယ်၍ ဒီရောဂါ ဒုတိယအဆင့်မှာ စသိပြီး ကုသနိုင်လျှင်တော့ လူနာ (၁၀၀) မှာ (၈၀) အထိ အသက်ရှင်နိုင်ပြီး၊ ပထမ စစချင်း ရောဂါမပြင်းတဲ့အဆင့်မှာ စသိ ကုသနိုင်လျှင် အားလုံးရှင်နိုင်ပါတယ်။
ကာကွယ်နိုင်ရေးအတွက် NCD (Non-Communicable Disease) လို့ခေါ်တဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေ ကာကွယ်နည်းအတိုင်း ကိုယ်လက်လှုပ်ရှားမူ မှန်မှန်လုပ်တာ၊ အစားအသောက်စားရာမှာ ကိုယ်အလေးချိန်အများကြီး မတက်အောင် ထိန်းပြီးစားသောက်တာ၊ ဓာတုပစ္စည်းမပါတဲ့ ကျန်းမာတဲ့ အစားအသောက်တွေ စားသုံးတာ၊ အရက်နဲ့ဆေးလိပ် မသောက်တာ စတာတွေအပြင်၊ ဗီဇကြောင့်လည်း ဖြစ်နိုင်တာမို့ သားသမီးနဲ့ ညီအကိုမောင်နှမတွေမှာ ဒီရောဂါဖြစ်လာလျှင် ကြိုတင်ဆေးစစ်ပြီး၊ ဒီ ရောဂါစဖြစ်နိုင်တဲ့ ဓာတ်တွေပေါ်လာလျှင် ခုခံဓာတ်တွေကို သွားဆွနိုင်တဲ့ ပိုးတွေမဝင်အောင်၊ ကြိုတင်ကာကွယ်ဆေး (ဘီပိုး၊ တုတ်ကွေးပိုး၊ အဆုပ်ရောင်ပိုး စတာ) တွေ ထိုးထားသင့်ပါတယ်။
ဒါ့အပြင် ဗီဇရှိထားသူတွေကို (၆) လ တကြိမ် တနှစ်တကြိမ် ဆေးထပ်စစ်ပြီး၊ ခုခံအား အများကြီး တက်လာလျှင် (၁၀၀ ကနေ ၂၀၀၊ ၂၀၀ ကနေ ၃၀၀ ဖြစ်လာလျှင်) ကိုယ်ခန္ဓာပြင်ပလက္ခဏာတွေ မပေါ်သေးသော်လည်း၊ ဗီတာမင်ဒီ နဲ့ ငါးကြီးဆီ တိုက်ထားပေးခြင့်ဖြင့်၊ အထက်ပါ ပထမ၊ ဒုတိယ၊ တတိယ အဆင့်တွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါသေးတယ်။ တကယ်တော့ အခုလိုစောင့်ကြည့်နိုင်ပြီး ဖြစ်ဖြစ်ချင်း ရောဂါနုချိန်မှာ ကုသနိုင်လျှင်တော့၊ ပိုဆိုးတဲ့ အဆင့်တွေမရောက်အောင် ကာကွယ်သွားနိုင်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ချစ်စိုး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။=