သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်နှစ်ကူးချိန် အရက် စပြီးလျှော့သောက်သင့်


မြန်မာ့နှစ်ကူးသင်္ကြန်အတွင်း အရက်သောက်သုံးမှု များတတ်ပြီး၊ အသက်အန္တရာယ် ထိခိုက်မှုတွေအထိ ကြုံလာခဲ့ရချိန်မှာ၊ အထူးသဖြင့် အသက်အရွယ်ရလာသူတွေ ပိုလျှော့သောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အန္တရာယ်ကင်းပြီး အနားရတဲ့ မြန်မာ့နှစ်ကူးဖြစ်နိုင်ဖို့၊ လူငယ်ရော လူကြီးပါ သောက်သုံးတတ်တဲ့ အရက်မူးယစ်စရာတွေကို အလွန်အကျွံ မဖြစ်မိစေအောင် လျှော့ချပေးခြင်းဖြင့် ယာဉ်တိုက်မှုအပါအဝင် မတော်တဆဖြစ်မှု၊ ခိုက်ရန်ဖြစ်မှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာသူတွေမှာ အရက်ကို ပိုပြီးထိန်းထိန်းသိမ်းသိမ်း သောက်စားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်လွယ်တဲ့ အကြောင်းရင်းကြီးတွေလည်း ရှိပါသေးတယ်။ အဓိကအကြောင်းရင်းတစ်ခုကတော့ အသက်ကြီးလာချိန် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ ခံနိုင်ရည် ကျဆင်းလာတာပါ။ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ကြွက်သား (Muscle)၊ အကြော၊ အရွတ်၊ ဦးနှောက် စတာတွေက ငယ်ရွယ်စဉ်ကလို မသန်မာတော့ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ်က သောက်နိုင်တဲ့ အရက်ပမာဏကို အသက်အရွယ် အကျဘက်ရောက်လာချိန်မှာ မခံနိုင်တော့ဘဲ၊ အရက်ရဲ့ ဆိုးကျိုးတွေကို ပိုခံစားလာရတာပါ။ အထူးသဖြင့် အရက်ကို ချေဖျက်ပေးရတဲ့ အသည်း၊ အလုပ်ကောင်းကောင်း မလုပ်နိုငေ်တာ့တာကြောင့် မူးယစ်အဆိပ်တွေ ခန္ဓာကိုယ်ထဲ ပိုအချိန်ကြာကြာ ကိန်းအောင်းလာတာကြောင့်ပါ။ ဒါပေမဲ့ အသက်အရွယ်ရလာသူတချို့က အရင်လို ပမာဏအတိုင်း အရက်သောက်နိုင်ပါသေးတယ်လို့ အထင်မှားတတ်ကြပါတယ်။

သက်ကြီးတွေ အရက်လျှော့သင့်တဲ့ နောက်အကြောင်းရင်းတွေကတော့ သူတို့မှာ ရောဂါတွေ ပိုဖြစ်လာတတ်တာ၊ ရေသောက်နည်းတာ၊ ချော်လဲတတ်တာ၊ ဆေးဝါးတွေ ပိုစားသုံးရတာတွေကြောင့် အရက်နဲ့ မဟပ်စပ်တော့တာပါ။ အထူးသဖြင့် နှလုံးရောဂါ၊ မှတ်ဉာဏ်ကျရောဂါ (Dementia)၊ အသည်းရောဂါ၊ ကျောက်ကပ် (Kidney) ရောဂါ၊ အဆုပ်ရောဂါ စတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ကာ အရက်ဒဏ်ကို မခံနိုင်တော့ပါဘူး။ ဒါ့အပြင် အသက်ကြီးလာသူတွေမှာ ရေသောက်မှု နည်းလာတတ်ပြီး ရေနဲ့ဆားဓာတ်ခမ်းခြောက်မှု (Dehydration) ဖြစ်ကာ၊ အရက်ရဲ့ နောက်ဆက်တွဲဆိုးကျိုး (အရက်နာကျတာအပါအဝင်) ပိုခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာမှာ အခုအချိန်က ပူပြင်းလွန်းချိန်မို့ ရေနဲ့ဆားဓာတ်ခမ်းခြောက်မှု ပိုဖြစ်ကာ၊ နောက်ဆက်တွဲ ပိုဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တာပါ။ ဒါ့အပြင် အသက်ကြီးလာချိန် ကြွက်သားနဲ့ ဦးနှောက်အားနည်းလာမှုကြောင့် ကိုယ်ခန္ဓာဟန်ချက် ထိန်းရအားနည်းလာပြီး ချော်လဲတတ်ချိန်မှာ၊ အရက်ကြောင့် မူးဝေယိမ်းယိုင်တတ်တာပါ ပေါင်းပြီး၊ ပို ချော်လဲကျ ဒဏ်ရာရ အရိုးကျိုးတာအထိပါ အန္တရာယ်ရှိလာပါတယ်။ တချိန်ထဲမှာ ပိုအသက်ကြီးချိန် ပိုသောက်လာရနိုင်တဲ့ ဆေးတွေကြောင့်လည်း၊ မေ့ပြီး အဆုပ်ထဲ အံဖတ်ဝင်တာ (Aspiration)၊ မူးမေ့လဲတာ၊ တချို့ဆေးတွေ (ဥပမာ အကိုက်အခဲပျောက်ဆေး Asprin) မျိုးနဲ့ တွဲသောက်မိတာကြောင့် အစာအိမ်အနာနဲ့ သွေးယိုစီးမှုအထိပါ ဖြစ်လာနိုင်တာတွေပါ။ သာမန်သောက်နေကျ အဖျားကျဆေး ပါရာစီတမောပင်လျှင် အရက်နဲ့တွဲပြီး သောက်ပါများလာလျှင် အသည်းကို ထိခိုက်ပျက်စီးမှု ပိုဖြစ်စေနိုင်ကာ၊ အသည်းရောဂါအခံရှိလျှင်တော့ ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် စိတ်ငြိမ်ဆေး အိပ်ဆေးသောက်နေရသူတွေမှာလည်း အရက်သောက်မိပါက ပိုအန္တရာယ်ကြီးလာပြီး၊ အသက်ရှုရပ်တာ၊ အစာအိမ်အံဖတ်ဆို့တာအထိ ဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် အခုလို နှစ်ကူးသင်္ကြန်က စပြီး အသက်အရွယ်ရလာသူတွေ အရက်ကို ပိုထိန်းထိန်းသိမ်းသိမ်းနဲ့ လျှော့သောက်သင့်တဲ့ ပမာဏတွေ သတ်မှတ်ထားတာကို သိထားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အမျိုးသမီးတွေအတွက် တနေ့ကို ဝီစကီဆိုလျှင် တစ်ပက်၊ ဘီယာဆိုလျှင် ပုလင်းငယ် တစ်ပုလင်း၊ ဝိုင်ဆိုလျှင် ဝိုင်ခွက် တစ်ခွက်အဖြစ် သတ်မှတ်ထားပါတယ်။ အမျိုးသားတွေမှာတော့ ဝီစကီကို တစ်ပက်ကနေ နှစ်ပက်၊ ဘီယာ ပုလင်းငယ် တစ်ပုလင်းကနေ နှစ်ပုလင်း၊ ဝိုင် တစ်ခွက်ကနေ နှစ်ခွက် ယေဘူယျ သတ်မှတ်ပေးထားပါတယ်။ သတင်းပတ် တစ်ပတ်လုံးဆိုလျှင်တော့ ဝီစကီအတွက် အမျိုးသားတွေမှာ ၇ ပက်ထက် မပိုသင့်ပါဘူး။ ဒါပေမဲ့ ရောဂါအခံ (နှလုံး၊ အသည်း၊ ကင်ဆာ ရောဂါ စတာ) ရှိလျှင်တော့ အားလုံးအတွက် ဒီထက် တဝက် အနည်းဆုံး ပိုလျော့သောက်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်တော့ ကျား၊ မ အပြင် တခြားအကြောင်းရင်းတွေလည်း ထည့်တွက်သင့်ပါတယ်။ ကိုယ်ခန္ဓာအရွယ်အစား၊ အရင်ထဲက အရက်သောက်ခဲ့တာရှိမရှိ၊ ကျန်းမာရေးအခြေအနေ စတာတွေလည်း မြန်မာနိုင်ငံမှာ ထည့်တွက်သင့်ပါတယ်။ ဒါ့အပြင် သက်ကြီးတွေ အရက်သောက်ချိန်မှာ ဘေးက စောင့်ကြည့်ပေးသူ (သားသမီး၊ ဆွေမျိုး၊ အိမ်အကူ စတာ) တွေ အမြဲထားပေးနိုင်လျှင် ပိုကောင်းပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း နယူးယောက်မြို့ Brooklyn ဆေးရုံက အရက်နဲ့မူးယစ်ဆိုင်ရာ ဆေးပညာဌာန ညွှန်ကြားရေးမှူးနဲ့ အထွေတွေရောဂါကုဌာနမှူး သမားတော်ကြီး ဒေါက်တာမြင့်လွင် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

+====== Unicode =====






XS
SM
MD
LG