သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ဖြတ်ခြင်း စိန်ခေါ်မှုများ


Lung Cancer Screening
Lung Cancer Screening

ဆေးလိပ်ဖြတ်ရာမှာ ရုပ်ပိုင်းစိတ်ပိုင်း၊ အမူအကျင့်ပိုင်း စိန်ခေါ်ချက် (Challenges) မျိုးစုံရှိပေမဲ့၊ ကျော်လွှားနိုင်တဲ့နည်းတွေလည်း ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။

ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်တဲ့အခါ စိန်ခေါ်မှုအများကြီးရှိရာမှာ တစ်ခုကတော့ ရုပ်ပိုင်းဆိုင်ရာ (Physical Addition) စွဲလန်းတဲ့ စိန်ခေါ်မှုအခက်အခဲပါ။ ဥပမာအားဖြင့် ဆေးလိပ်မသောက်တော့လျှင် အာရုံစုစည်းလို့ မရဘူးထင်တာ၊ စိတ်တိုလွယ်တာ၊ အိပ်မပျော်တာ၊ တုပ်ကွေးဖြစ်သလို မသက်မသာ ခံစားရတာစတဲ့ ဆေးလိပ် အလွန်ပြန်သောက်ချင်စိတ်ပေါ်တဲ့ ယင်းထတဲ့ စိန်ခေါ်မှုပါ။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုတွေက ပထမတပတ်မှာသာ အဓိကဖြစ်ပြီး၊ တပတ်ကျော်လျှင် အလိုလို ပြန်ကောင်းသွားနိုင်ပါတယ်။

ဒီတပတ်အတွင်း ရုပ်ပိုင်းဆိုင်ရာ စွဲလန်းမှု အခက်အခဲ စိန်ခေါ်ချက်တွေ သိပ်ဆိုးလျှင်တော့ ဖြေဖျောက်နည်းတွေ ရှိပါတယ်။ ဥပမာ ခေါင်းကိုက်လာလျှင် ရေများများ မကြာခဏ သောက်ပေးတာမျိုးပါ။ ဒါ့အပြင် ဒီလိုစိန်ခေါ်ချက်တွေကို အာရုံပြောင်း အချိန်ဆွဲမေ့သွားနိုင်အောင် တခုခုပြောင်းလုပ်တာမျိုးပါ။ ဥပမာ သစ်သီး၊ ချော့ကလက်စတာ တခုခုထစားတာ၊ ကိုယ်လက်လှုပ်ရှားမူ ပေါ့ပေါ့ပါးပါး လုပ်တာမျိုး တခုခုထလုပ်တာ (ဥပမာ အသက်ရှူ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်ထွက်တာ)၊ ရုပ်ရှင်သွားတာမျိုးနဲ့ အာရုံပြောင်း အချိန်ဆွဲယူနိုင်ပါတယ်။ ချောင်းဆိုးချင်လျှင်လည်း ရေထသောက်ပေးနိုင်ပါတယ်။

နောက် စိန်ခေါ်မှုကတော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ တကယ်မဟုတ်တဲ့ စိတ်လှုပ်ရှားမူ (Emotion) မျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်နေရလျှင် စိတ်ချမ်းသာပြေလျော့စေတယ်လို့ တလွဲပြန်မြင်လာတာ၊ တကယ်လို့ ဆေးလိပ်ပြန်သောက်လျှင်လည်း တကယ်တမ်း အန္တရာယ်ဖြစ်တဲ့အထိ မဖြစ်နိုင်သေးပါဘူးလို့ အထင်အမြင်လွဲတာ၊ ဆေးလိပ်သောက်စဉ်က အစာလျှော့စားစေသလို ဖြစ်ခဲ့တာမို့ ဆေးလိပ်သောက်တာက မဝဘဲ ပိန်စေဖို့ ပိုကောင်းတယ်လို့ လွဲမှားယုံကြည်လာတာမျိုးနဲ့ ပြန်သောက်ချင်စိတ်ပေါ်လာတာပါ။

ဒါ့အပြင် အမူအကျင့်ပိုင်းဆိုင်ရာ (Behavior) ဆက်စပ်စိန်ခေါ်မှုတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ အစာစားပြီးလျှင် ဆေးလိပ်သောက်လိုက်မှ ခံတွင်းချဉ်ပြေတယ်ဆိုပြီး ပြန်သောက်ချင်တာ၊ တချို့က အရက်သောက်ချိန်မှာ တွဲသောက်ချင်တာ၊ လ္ဘက်ရည်၊ ကော်ဖီသောက်ချိန် ပြန်တွဲသောက်ချင်တာ စတာမျိုးပါ။ တချို့ကလည်း သူငယ်ချင်းအပေါင်းအသင်းနဲ့ ပျော်ပါးဖို့ အတူသောက်တာ၊ မလွဲမရှောင်သာ လူမှုရေးအတွက်သောက်တာ၊ တချို့ကတော့ အလုပ်တခုခုလုပ်တာ (စာရေးတာမျိုး) မှာ စိတ်ကူးအာရုံ ပိုကောင်းကောင်းရဖို့ ပြန်သောက်ချင်တာမျိုးပါ။

အထက်ပါ စိတ်ပိုင်း၊ အမှုအကျင့်ပိုင်း စိန်ခေါ်ချက်တွေအတွက်လည်း ရုပ်ပိုင်းတုန်းကလိုပဲ အာရုံပြောင်း အချိန်ဆွဲတဲ့နည်းနဲ့ပဲ ဖြေဖျောက်နိုင်ပါတယ်။ အစားအသောက် သုံးဆောင်ချိန်နဲ့အပြီးမှာ ချဉ်ခြင်းတက်လာတာကို ပီကေဝါးတာ၊ သစ်သီးထစားတာ၊ အသက်ရှုလေ့ကျင့်ခန်း ထလုပ်တာ၊ ကာယလှုပ်ရှားမှု ထလုပ်တာ၊ တနေရာရာထသွား၊ ဝါသနာပါတာ ထလုပ်လိုက်တာ (ဥပမာ၊ သီချင်းဆိုတာ၊ ဂီတတူရိယာ တီးခတ်တာ၊ ပန်းချီဆွဲတာ) မျိုးပါ။ ဒီသဘာဝနည်းတွေနဲ့ ကြိုးစားလို့မရလျှင်တော့ ဆေးဝါးအကူအညီယူပြီး ဆေးလိပ်ဆက်ဖြတ်နိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ လူထုကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG