သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလေးဖက်နာ (အပိုင်း-၂) - ကုသမူအကြောင်း


သွေးလေးဖက်နာ (အပိုင်း-၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

သွေးလေးဖက်နာရောဂါ ကုသမူက ရောဂါ ပြင်းထန်မူအလိုက် အမျိုးမျိုးရှိပြီး၊ လူနာဖက်က လိုက်လုပ်ရမှာတွေကလည်း ထပ်တူအရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ဒီ ရောဂါမှာ ရောင်တဲ့အဆစ်အရေအတွက်၊ နာကျင်မူ အနည်းအများ၊ သွေးစစ်ချက် (ESR) မြင့်မားမူပမာဏတွေပေါ်မူတည်ပြီး နည်းနည်းရောင်တဲ့ အားပျော့တဲ့အဆင့်၊ အသင့်အတင့်ရောင်တဲ့ အလယ်အလတ်အဆင့်နဲ့ အလွန်ရောင်တဲ့ ပြင်းထန်တဲ့အဆင့်လို့ ယျေဘူယျအားဖြင့် (၃) ဆင့်ခွဲ ကုသနိုင်ပါတယ်။ သောက်ဆေးအတွက် ပထမ အားပျော့တဲ့အဆင့်မှာ အများအားဖြင့် အရင် Chloroquine ပေးခဲ့ရာကနေ နောက်ပိုင်းမှာ ပိုစိတ်ချရတဲ့ Hydroxychloroquine သုံးကာ၊ အလယ်အလတ်အဆင့်အတွက်တော့ Methotrexate၊ Leflunomide စတာတွေပေးပြီး၊ ပိုဆိုးလာတဲ့အဆင့်မှာ ဒီဆေး (၂) မျိုး ပေါင်းပေးတာ (သို့မဟုတ်) ခုခံဓာတ်ကို ခုခံဓာတ်နဲ့ပြန်ထိန်းပေးတဲ့ ဇီဝကုထုံး ထိုးဆေးတွေနဲ့လည်း ကုသနိုင်ပါတယ်။

အခုလို ဆရာဝန်ပေးတဲ့ဆေးမှန်ဖို့က အရေးကြီးသလို၊ လူနာဖက်ကလည်း မှာတဲ့ဆေးအတိုင်း အတိအကျ မှန်မှန်သောက်ဖို့နဲ့ ဆရာဝန်ညွှန်ကြားတဲ့ ပြန်လည်ထူတောင်ရေးလေ့ကျင့်ခန်းတွေကို မှန်မှန်လိုက်လုပ်ဖို့၊ အစားအသောက်၊အနေအထိုင်ဆင်ခြင်ဖို့လည်း အလားတူ အရေးကြီးပါတယ်။ သက်ဆိုင်ရာ အဆစ်လေ့ကျင့်ခန်းတွေကို သတ်မှတ်တဲ့အချိန် (နေ့၊ည) အချိန်မှန်မှန် လုပ်ဆောင်ပေးဖို့ အထူးအရေးကြီးပါတယ်။ ဒါမှသာ အဆစ်တွေ ကောက်ကွေးမသွားမှာပါ။ ဒါ့အပြင် မျိုးရိုးဗီဇကို လှုံ့ဆော်စေတဲ့ ဓာတုဆေးတွေပါတဲ့ အစားအစာ (ဥပမာ ဆိုးဆေးအရောင်ပါတဲ့ ဖျော်ရည်၊ မျှစ်နဲ့ လက်ဖက်၊ စတာ) တွေနဲ့ တာရှည်ခံစာ (ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ငါးသေတ္တာ၊ စတာ) တွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။

အနေအထိုင်နဲ့ပတ်သက်ပြီး ကိုယ်ခံအားစနစ်ပုံမှန်ဖြစ်စေဖို့ သွေးလည်ပတ်မူကောင်းအောင် လှုပ်ရှားမူတစုံတရာလုပ်ပေးဖို့လိုပေမဲ့၊ အလွန်အကျွံထိ မလုပ်မိဖို့လည်းအရေးကြီးပါတယ်။ ပုံမှန်အားဖြင့် (အဆစ်မနာလျှင်) တစ်ရက် နာရီဝက် (မိနစ် ၃၀) နဲ့ တစ်ပတ်ကို (၃) ရက် လမ်းလျှောက်တာ (သို့မဟုတ်) အားကစား တစ်ခုခုလုပ်တာ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ပြီး နာနေလျှင်တော့ ချင့်ချိန်ပြီး ခံနိုင်သလောက်သာ ထိန်းလုပ်ပြီး အနားပေးသင့်ပါတယ်။ အဆစ်ရောင်ပြီးနာတာ သက်သာလာမှသာ တဖြည်းဖြည်း လှုပ်ရှားမူတိုးလုပ်သင့်ရာမှာ၊ဥပမာအားဖြင့်၊ ပထမ အပတ်မှာ မနာလျှင် (၁၀) မိနစ်လျှောက်ပြီး၊ နာလာလျှင်တော့ ပြန်နားသင့်ပါတယ်။ တကယ်လို့ (၁၀) မိနစ်လျှောက်ပြီး မနာတော့လျှင် တစ်ပတ်ဆက်လျှောက်ကာ၊ နောက်တစ်ပတ်မှ မိနစ် (၂၀) ကို တိုးလျှောက်တာ၊ အလားတူမနာမှသာ နောက်ထပ် တစ်ပတ်မှာ မိနစ် (၃၀) ကို တိုးလျှောက်တာမျိုးလုပ်ပေးသင့်ပါတယ်။ ပြေးတာနဲ့ တောင်ကုန်းတက်တာလို အလွန်အကျွံဖြစ်စေနိုင်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

အနီးပတ်ဝန်းကျင်က မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့လည်း လူနာကို အနီးကပ် ပြုစုပေးနိုင်ပါတယ်။ မောင်နှမတွေမှာ ဆက်ဖြစ်တတ်တဲ့ မျိုးးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပေမဲ့၊ ထိတွေ့တာကနေ ကူူးစက်တဲ့ ရောဂါမဟုတ်ပါဘူး။ ဒါ့အပြင် ပိန်လှီမသွားအောင် ပုံမှန်လှုပ်ရှားမူရှိဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့၊ ဆေးကြောင့် တခါတရံ မျက်လုံးဝါလာတာ၊ ကိုယ်ဝန်ခေတ္တ မယူသင့်တာ (ကလေးကိုထိခိုက်နိုင်၊ ကိုယ်ဝန်ပျက်ကျနိုင်တာ) တွေကိုလည်း အနီးကလူတွေက လူနာကို ကူညီရှင်းပြအားပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး အကြော အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG