သွေးလေးဘက်နာရောဂါဟာ မြန်မာနိုင်ငံမှာ တစုံတရာ အဖြစ်များလာတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။ သွေးလေးဘက်နာရောဂါ ဖြစ်ရခြင်း အဓိကအကြောင်းရင်းက မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမူ ပေါင်းစပ်ပြီး ဖြစ်ရတာပါ။ မျိုးရိုးဗီဇပြောင်းလဲမူကြောင့် ခုခံအားတွေ စံလွဲသွားပြီး၊ ပတ်ဝန်းကျင်က ဆေးလိပ်ဒဏ်၊ နေဒဏ်နဲ့ အစားအသောက်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အခုလို လေးဖက်နာရောဂါ ဖြစ်လာရတာပါ။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် (၄) ဆ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်အရလည်း လူလတ်ပိုင်းဖြစ်တဲ့ အသက် (၄၀) ကျော်နဲ့ (၆၀) ကြားမှာ ပိုဖြစ်လေ့ရှိပါတယ်။
သွေးလေးဘက်နာ လက္ခဏာတွေကတော့ အဆစ် တစ်ခုထက်ပိုပြီး အဆစ် (၂) ခု၊ (၃) ခု၊ (၄) ခု အထိနာတာအပြင်၊ ဒီအဆစ်တွေမှာ ရောင်ရမ်းလာတာနဲ့ အခုလို နာကျင်ရောင်ရမ်းတာက တစ်လကျော်ကြာတတ်တာပါ။ ဒါ့အပြင် ဒီအဆစ်နာကျင်မူက အထိမခံဘဲ၊ နှိပ်ပေးလျှင် ပိုနာတတ်ပြီး၊ စမ်းကြည့်လျှင် ဖောင်းနေတာ၊ ဘေးနေရာတွေထက် ပိုပူတာ၊ လှုပ်လိုက်လျှင် ပိုနာတာကို တွေ့ရလေ့ရှိပါတယ်။ သွေးလေးဖက်နာမှာ အဆစ်တွေနာကျင်မူက မနက်အိပ်ယာထချိန်မနာဘဲ လမ်လျှောက်ချိန်ကျမှ နာလာတဲ့ အရိုးကြီးပေါင်းနာတာလို မဟုတ်ဘဲ၊ မနက်စောစော အိပ်ယာထချိန် နာရီဝက်ကျော်ကြာ နာပြီး၊တောင့်တင်းနေကာ၊ လှုပ်ရှားလိုက်ချိန်မှာ ပြန်သက်သာလာတတ်ပါတယ်။
ဒီရောဂါဖြစ်မဖြစ် ခွဲခြားဆုံးဖြတ်နိုင်ဖို့ အထက်ပါ လက္ခဏာတွေကို တစ်ဝက်ထည့်တွက်ပြီး၊ သွေးစစ်တာကိုလည်း တစ်ဝက်ထည့်တွက်ဖို့ လိုပါတယ်။ သွေးပြစ်နှုန်း (ESR) အပြင်၊ Rheumatoid င်္Factors နဲ့ နောက်ပိုင်းမှာ ပိုသေချာစေတဲ့ Anti-CCP ကိုပါ ထည့်စစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရောဂါမှားယွင်းဆုံးဖြတ်တဲ့ ပြဿနာတွေရှိနေရာမှာ ရောင်ရမ်းတာမရှိဘဲ နာကျင်ကိုက်ခဲရုံနဲ့ သွေးလေးဘက်နာလို့ မှားယွင်းဆုံးဖြတ်တာ၊ တခြား ပိုးလေးဖက်နာနဲ့ အရေပြားလေးဖက်နာ သွေးစစ်တာတွေပါရောလုပ်ပြီး ရောဂါရောထွေးဆုံးဖြတ်တာနဲ့ လက္ခဏာတွေမရှိဘဲ သွေးစစ်တွေ့ရှိချက်တစ်ခုတည်းနဲ့ ရောဂါရှိတယ်လို့ မှားယွင်းဆုံးဖြတ်ကြတာပါ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြောအဆစ် အထူးကုနဲ့ ဆေးတက္ကသိုလ် (၁) အရိုးအကြောအဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ချစ်စိုးကို ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။